Breaking News

လက်နက်ကိုင် ပဋိပက္ခ၊ အုပ်ချုပ်ရေး ပျက်ယွင်းခြင်းနဲ့ သယံဇာတ လျင်မြန်စွာ ပြုန်းတီးလာတဲ့ မြန်မာနိုင်ငံ

မြန်မာနွေဦးခရိုနီကယ် - မတ် ၁၉ မြင်ကွင်း

မိုးမခ၊ မတ် ၂၀၊ ၂၀၂၅


လက်နက်ကိုင် ပဋိပက္ခ၊ အုပ်ချုပ်ရေး ပျက်ယွင်းခြင်းနဲ့ သယံဇာတ လျင်မြန်စွာ ပြုန်းတီးလာတဲ့ မြန်မာနိုင်ငံ

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD ပါတီဦးဆောင်တဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းမှုရာက လက်နက်ကိုင် စစ်တပ်ကို လက်နက်ကိုင် တုံ့ပြန်တိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး တကျော့ပြန် တောက်လောင်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

၂၀၂၁ ခုနှစ် နောက်ပိုင်း အသစ်ပေါ်ထွက်လာတဲ့ PDF တပ်ဖွဲ့တွေ နဲ့ ၄င်းတို့ကို စစ်ပညာလေ့ကျင့်ပေး လက်နက်တချို့ တပ်ဆင်ပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အသီးသီးလည်း စစ်အာဏာသိမ်းပြီးနောက် ပိုမိုအင်အားကောင်းလာခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း မရရှိနိုင်ခဲ့တဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာမှာ မြန်မာနိုင်ငံရဲ့ မြေပုံကိုကြည့်လိုက်မယ်ဆိုရင် အပြည့်အဝ ထိန်းချုပ်ကာကွယ်မထားနိုင်သည့်တိုင် တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက် စိုးမိုးထားတဲ့ နယ်မြေတွေက အာဏာသိမ်းစစ်ကောင်စီ စိုးမိုးထိန်းချုပ်နယ်မြေထက် ပိုမိုများပြားနေပြီ ဖြစ်တာတွေ့ရပါတယ်။ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ လို့ဆိုတဲ့ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်နိုင်တာ သို့မဟုတ် စိုးမိုးနိုင်တဲ့ နယ်မြေတွေများပြားလာတာ မှန်ပေမယ့် အဲဒီဒေသတွေ နယ်မြေတွေက သယံဇာတတွေကို စီမံခန့်ခွဲမှု၊ မပြုန်းတီးအောင် ထိန်းသိမ်းနိုင်မှု၊ လက်နက်ကိုင်တော်လှန်ရေး အတွက် လိုအပ်တဲ့ ငွေကြေး အတွက် လိုအပ်သလောက်သာ ထုတ်ယူသုံးစွဲမှုနဲ့ အများပြည်သူအကျိုးအတွက် မျှော်မှန်းပြီး ထိန်းသိမ်းစောင့်ရှောက်မှုတွေ အားနည်းနေတဲ့ အချက်က လက်ရှိပစ္စုပ္ပန်ကာလရဲ့ ပုံရိပ်ကားချပ် တခု သဖွယ်ဖြစ်လာနေပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း မြစ်ချောင်းတွေ တလျှောက်က ရွှေမျောတွေ၊ ရှမ်းမြောက်နဲ့ ရှမ်းအရှေ့ဒေသက ရွှေတူးဖေါ်မှုတွေ၊ ကချင်ပြည်နယ် မြောက်ပိုင်းက ရွှေတူးဖေါ်မှု၊ ကချင်ပြည်နယ်ထဲမှာပဲ မြေရှားသတ္တု တူးဖေါ်မှု၊ အညာဒေသက လက်တူးရေနံမှော်တွေ၊ ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖေါ်မှု၊ မန္တလေးတိုင်းထဲက သပိတ်ကျဥ်းမြို့နယ်နဲ့ ဧရာဝတီမြစ်တလျှောက်က ရွှေတူးဖေါ်မှု၊ ရွှေမျောတွေ နဲ့ မိုးကုတ်ဒေသက ကျောက်မျက်တူးဖေါ်မှုတွေက စစ်ပွဲတွေနဲ့ ဆက်နွယ်နေတဲ့ တွင်းထွက်သယံဇာတ တူးဖေါ်မှုတွေဖြစ်ပါတယ်။ တွင်းထွက်သယံဇာတတွေ ရဲ့ ဆုံးရှုံးမှုက ပြန်လည် အစားထိုးမရနိုင်သလို ပတ်ဝန်းကျင် မြေယာသစ်တောတွေကိုပါ ထိခိုက်ပျက်စီးစေသလို ဘေးမဲ့သစ်တောတွေ၊ ကြိုးဝိုင်းသစ်တောတွေ ကို လက်နက်ကိုင် အဖွဲ့တွေ ကိုယ်တိုင် သို့မဟုတ် ၄င်းတို့ရဲ့ ခွင့်ပြုချက်နဲ့  အခွန်အကောက်ပေးပြီး ထုတ်လုပ်ရောင်းချနေကြတာလည်း ကျယ်ပြန့်စွာဖြစ်ပွားနေတာ တစိတ်တပိုင်း သတင်းတွေထဲ တွေ့ကြ ဖတ်ရှုကြရပါလိမ့်မယ်။ 

မြိုင်မြို့နယ်က လက်တူး ရေနံမှော်တွေရဲ့ စီမံခန့်ခွဲမှု အကြောင်း ရေးသားထားတဲ့ “အညာဒူဘိုင်း၏ နောက်ကွယ်” ဆိုတဲ့ သတင်းဆောင်းပါး ဖေါ်ပြမှုအပေါ် လေကြောင်းတိုက်ခိုက်မှုအတွက် အစဖေါ်ပေးသလို ဖြစ်စေတယ်လို့ ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့သည့်တိုင် သယံဇာတက ရရှိတဲ့ ငွေကြေးတွေကို မှန်ကန်စွာ အသုံးမချနိုင်တဲ့ အနေအထား၊ သယံဇာတမှ ရရှိတဲ့ ငွေကြေးက လက်နက်ကိုင် တော်လှန်ရေးအတွက် ရံပုံငွေလည်း ဖြစ်စေသလို အလွဲသုံးစားမှုတွေ ခြစားမှုတွေကိုလည်း ဖြစ်ပေါ်စေပြီး တော်လှန်ရေးရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတဲ့ အထိ ရောက်လာနိုင်ကြောင်း မီးမောင်းထိုးပြသလို ဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။ 

ဘေးမဲ့သစ်တောတွေ ကို လက်နက်ကိုင်တော်လှန်ရေးတွက် လိုအပ်တဲ့ ရံပုံငွေရရှိဖို့ အကြောင်းပြချက်နဲ့ အတားအဆီးမရှိ စည်းစနစ်မရှိဘဲ ထုတ်ယူမှုတွေလည်း စစ်ကိုင်းတိုင်း တခွင်နဲ့ ကချင်ပြည်နယ်တခွင်မှာ ရှိနေတာ ကြားသိနေကြရပါတယ်။ ကြီးမားတဲ့ ပမာဏ မဟုတ်တဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် ရေအရင်းအမြစ်ကိုမှီခိုနေတဲ့ ဒေသခံရွာသားတွေနဲ့ ရွှေတူးသူတွေအကြား ထိပ်တိုက်တွေ့မှု တခုလည်း မကြာသေးမီက ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့ပါသေးတယ်။ MNDAA ရဲ့ခွင့်ပြုချက်နဲ့ ရွှေတူးဖေါ်နေတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေကို ဒေသခံတွေက တားဆီး ဆန္ဒပြကြရာက လက်နက်ကိုင် တပ်ဖွဲ့ဘက်က ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တဲ့ အဖြစ်လည်း ဖြစ်ပွားခဲ့ပါတယ်။   

သတင်းတွေထဲ မပါရှိသည့်တိုင် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ မှာလည်း အခုကာလတွေမှာ ဘယ်ခေတ်ဘယ်ကာလနဲ့မှ မတူအောင် ကျောက်စိမ်းတူးဖေါ်နေကြတဲ့ အကြောင်း ဒေသခံတချို့က ဖွင့်ဟပြောဆိုကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နဲ့ ၂၀၂၄ ခုနှစ်အတွင်း ကျောက်စိမ်း ထွက်ရှိရာ ဖားကန့်ဒေသ အားလုံးနီးပါးကို KIA က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒီဒေသမှာ ရှိနေတဲ့ ယန္တရားတွေနဲ့ ရသမျှ တူးဖေါ်ခွင့်ရနေကြတယ်လို့ လည်း ဆိုပါတယ်။ အခုလိုကာလမှာ ဘုရားကျောင်းပိုင် မြေတွေ၊ သချိုင်းမြေတွေမကျန် တူးဖေါ်နေကြပြီး ဒေသခံတွေ လူမှုအသိုင်းအဝိုင်းတွေ အနေနဲ့ ဝေဖန်ပြောဆိုဖို့ မစွမ်းသာဖြစ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်အာသိမ်းမှု မတိုင်မီ ဒီဒေသမှာ အခြေစိုက်တူးဖေါ်နေကြတဲ့ ကုမ္ပဏီတွေထဲမှာ စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေ၊ ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့ပိုင်ကုမ္ပဏီတွေပါဝင်ခဲ့တာ အားလုံးသိရှိပြီး ဖြစ်ကြပါတယ်။ အခုကာလမှာ KIA က ဒီဒေသကို ထိန်းချုပ်လိုက်တဲ့နောက် အဆိုပါ ကုမ္ပဏီတွေ အနေနဲ့ ၄င်းတို့ ကိုယ်တိုင် တူးဖေါ် ရောင်းချနိုင်ခွင့် မရှိတော့ပေမယ့် ၄င်းတို့ပိုင်ဆိုင်တဲ့ စက်ယန္တရားတွေကို လက်ရှိတူးဖေါ်ခွင့်ရှိသူတွေထံ ငှားရမ်းပေးခြင်းအားဖြင့် ငှားရမ်းခ အကျိုးခံစားခွင့်ရှိနေကြတဲ့ သဘောလို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ 

ကချင်ပြည်နယ် အနေနဲ့ ကျောက်စိမ်း သယံဇာတတွေကို ရေရှည် အကျိုးစီးပွားနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကိုပါ ထည့်သွင်းစဥ်စားကာ စီမံခန့်ခွဲဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ အလားတူ စစ်ကိုင်းတိုင်းက သဘာဝ သစ်တောတွေ လျင်မြန်စွာ ပြုန်းတီးလာတာတွေ၊ မန္တလေးတိုင်း စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည်နယ်ဒေသအချို့က ရွှေတူးဖေါ်တဲ့ ဒေသတွေမှာ စိုက်ပျိုးမြေပျက်စီးတာ၊ သစ်တောပြုန်းတီးတာ၊ ရွှေတူးဖေါ်ရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာတွေက ရေရှည် အကျိုးဆက်တွေအဖြစ် ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုတွေက ရေကြီးမှု၊ အပူချိန်မြင့်တက်မှုတွေ နဲ့ သောက်သုံးရေ အရင်းအမြစ်ရှားပါးမှုတွေ ကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ 

အခုလို စစ်ပွဲအောင်နိုင်ရေးက အခြားသောအရာအားလုံးထက် အရေးကြီးတယ်လို့ မှတ်ယူနေကြချိန်၊ စစ်ပွဲအတွက် လိုအပ်တဲ့ ငွေကြေးကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ရဖို့အရေးကြီးတယ်လို့ ယူဆထားကြချိန်မှာ သယံဇာတတွေကို အကျိုးရှိစွာနဲ့ အမြော်အမြင်ရှိစွာ အသုံးပြုဖို့ တိုက်တွန်းမှုတွေက လူကြိုက်မများမှာလည်း အသေအချာပင် ဖြစ်ပါတယ်။ သို့ပေမယ့် သယံဇာတ ပြုန်းတီးခြင်းရဲ့ အကျိုးဆက်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းရဲ့ အကျိုးဆက်တွေက နိုင်ငံရေးအကျိုးဆက်တွေထက်ကို သက်တမ်းရှည်ကြာတဲ့ တဆက်မကတဲ့ နောက်မျိုးဆက်တွေအထိ သက်ရောက်စေမှာလည်း ဖြစ်ပါတယ်။ အဲသည်အတွက် တပြည်နယ်ချင်း၊ ဒေသတယူနစ်ချင်းလိုက်စီ စဥ်းစားဖြေရှင်းကြတာထက် ယခုကတည်းက ပြည်ထောင်အားလုံး ဝိုင်းဝန်းတာဝန်ယူ ရင်ဆိုင် ဖြေရှင်းကြဖို့ ဆိုတာက အရေးကြီးတယ်ဆိုတာကို ပြဆိုနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar