Breaking News

မောင်ဘဦး - ခိုးကြောင်ခိုးဝှက်

မောင်ဘဦး - ခိုးကြောင်ခိုးဝှက်

မိုးမခ ၊ မတ် ၂၁ ၊ ၂၀၂၅


နေအိမ် မီးလောင် ယောင်တောင်တောင်ပင်စင်နာ တစ်ယောက် စောစောစီးစီး လမ်းလျှောက်ထွက်ခဲ့၏။

မစောလို့က မဖြစ်။ အညာနွေ-နေက ဆွမ်းခံပြန်ချိန်ဆို အတော် ပူလာချေပြီ။ နေမွန်းတည့် နေထန်းတဖျားဆို ပူရုံမက လောင်လို့ပင် နေသည်။ အသက် ဉာဏ်စောင့်ရမည်။ အပူဝင်အပူရှပ်၊ အပူဝင်သွေးပြတ်၊ ဤခေတ်ဆိုးကြီး၏ ဆေးဖိုးဝါးခ၊ ဓာတ်စာက အစ၊ ဘဝနေဝင်ခါနီး ပင်စင်နာကြီးအဖို့ မတတ်ရေးချ မတတ်နိုင်။

နေပူမှာကြောက်သကိုး-လို့ အစောကြီးလည်း ထ,မလျှောက်ရဲ။

"သခင်ကြည်ဖြူအောင်×ခွေးကြီးများ×

ဝိုင်းပြီးဟောင်တယ်‌လေ×" ဆိုသလို ခွေးတိရစ္ဆာန်တွေက ဟောင်ချင်သည်။ ဆွဲချင်သည်။ ဒုတ်မီး(လက်နှိပ်ဓါတ်မီး), တုတ်ကောက်တွေယူကာ လူသားမဆန်ပါမှ တော်ရုံကျမည်။ ‌ပြီးတော့၊ ခွေးထက်ဆိုးသည့် လူ့တိရစ္ဆာန်၊ စစ်ကောင်စီဘောမ ဘီလူးသရဲသဘက်တွေကလည်း 'ညကင်း'မချိန်းသေး၊ မလဲသေးသည်မို့ သွားလို့က မဖြစ်။ ညက မူးသည့် အရှိန်၊ လိမ်ဖယ်လိမ်ဖယ် ကိုယ့်ဆီရောက်လာလိမ့်မည်။ သည်တော့ မနက် ‌၆ ခွဲ-၇ လောက်မှ လမ်းလျှောက်ဖြစ်တော့သည်။

သည်နေ့ ခါတိုင်းထက်လူရှင်းသည် ထင်သည်။ လမ်းဘေးဝဲယာ အညာကုက္ကို၊ ထနောင်းပင်အိုတို့၏ နောက်နားဆီတွင်မတော့ ပုန်းလျှိုးကွယ်လျှိုး ခွေးသူခိုး-စခ,ရခ,ပခ၊ တကောင်စ နှစ်ကောင်စ တွေ့ရ၏။

"ဒီနေ့ ဆယ့်နှစ်တန်းတွေ စာ‌မေးပွဲ ဖြေကြမှာ ဦးကြီးရဲ့။"

၅၀၀/ဖိုး-၃ခု ရသေးသော အကြော်သည်မလေးက မန်ကျည်းရည် စပ်ချဉ်ထုပ် ထည့်ပေးရင်း ပြောပြပါ၏။ မတရားအာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ ၂၀၂၄-၂၅ ခုနှစ် အခြေခံပညာအထက်တန်း ဂျီ-တွဲစာမေးပွဲကြီး ဒီနေ့စစ်သည် တဲ့။

ဟုတ်သားပဲ။ မီးမှန်ပါတယ် အောက်မေ့။ ဖုန်းလိုင်းတွေ ကောင်းလှချည်လား အောက်မေ့။ ခွေး စာဖြေဆိုကြသည့် နေ့ပေကိုး။

လမ်းတွင် ဆိုင်ကယ် တစီးစ နှစ်စီးစ၊ စာဖြေမည့် ကလေးကို တင်ပြီး ကျော်ဖြတ်သွားတာကို အခုမှပင် သတိပြုမိတော့သည်။ ဟိုးယခင် ခေတ်ကောင်းစဉ်ကလို ကားတဝီးဝီးနှင့် ကျောင်းပို့ကျောင်းကြို ကြိတ်ကြိတ်တိုးတော့ မဟုတ်။ ခိုးကြောင်ခိုးဝှက်။ 'စတိတလီး'။

ဖြေဆိုမည့်သူတွေကလည်း ခိုးကြောင်ခိုးဝှက်။ လိုက်ပို့သည့်သူတွေ ကလည်း ခိုးကြောင်ခိုးဝှက်။ အခန်းစောင့် ဆာ, ဆာမ နန်းတွေကလည်း ခိုးကြောင်ခိုးဝှက်။ ဝါးတားဂိတ်စောင့် လမ်းစောင့်တွေကလည်း ခိုးကြောင်ခိုးဝှက်။ လုံခြုံရေးတွေ ကင်းပုန်းတွေအထိ ခိုးကြောင်ခိုးဝှက်။

ခိုးကြောင်ခိုးဝှက် စာမေးပွဲကြီးပေတကား။

ခိုးချ။ ခိုးအောင်။ ခိုးဘွဲ့ပေး။ ခိုးအလုပ်ပေး။ 'သူခိုးကြီး'မှ 'သူခိုးလေး'တွေ မွေးလိုက်ပုံက။

ခိုးကြောင်ခိုးဝှက် နိုင်လိုက်ပုံများ...။ တချို့၊ အန်နျူဂျီကျောင်းမှာ ကျောင်းတက်ပြီး စကစ စာမေးပွဲကို သွားရောက်ဖြေဆိုကြသည်အထိ ခိုးကြောင်ခိုးဝှက်။ သည်မိုး သည်လေ သည်လိုလူတွေနဲ့တော့ ခက်ကပြီ။

"မိဘကပဲ×မသိတာတာလား×

သားသမီးကပဲ×မိုက်တာလား×

နှစ်ခုစလုံးများလား×"တော့ မပြောတတ်ပြီ။ ပြစ်မှူ-ပြစ်ဒဏ်၊ လူသားဆန်နေလို့တော့ ဖြစ်မည်မထင်။ လူသားမဆန်သူတွေအကြား လူသားဆန်နေသူတွေ နောက်ကောက်ကျပေရော့မည်လေ။

တတ်သိလိမ္မာသော တပည့်တွေ။ ဆရာ-နုကြည် အာပတ်လွတ်အောင်၊ ရွက်ဆောင်နိုင်ကြစေ။

တကယ်တော့ အာဏာသိမ်းစဉ်ကတည်းက ခိုးကြောင်ခိုးဝှက်။ တနိုင်ငံလုံး ဖုန်းအင်တာနက်များ ပိတ်ပြီးမှ အာဏာသိမ်းသည်။ ခိုးကြောင်ခိုးဝှက် ကာလုံ ခေါ်သည်။ ၆ လ တကြိမ်၊ ၇-ကြိမ်တိတိ ခိုးကြောင်ခိုးဝှက် သက်တမ်းတိုးသည်။ ခိုးကြောင်ခိုးဝှက် စစ်မှုထမ်းခိုင်းသည်။ ခိုးကြောင်ခိုးဝှက် ဗုံးကြချဲသည်။ ခိုးကြောင်ခိုးဝှက် ရုရှား သွားသည်။ ခိုးကြောင်ခိုးဝှက် တိုင်းပြည်ကိုဖဲ့၊ စာချုပ်တွေချုပ်သည်။

မီတာခ,တွေ ခိုးကြောင်ခိုးဝှက် ကောက်။ မီးကြိုးတွေ ခိုးကြောင်ခိုးဝှက် ဖြတ်။ ခိုးကြောင်ခိုးဝှက် မီတာခ,တွေဆောင်။

နောင်နှစ်၊ ခိုးကြောင်ခိုးဝှက် ရွေးကောက်ပွဲကြီး ဖြစ်သွားလေမည်လား။ ဖြစ်လို့ကတော့ 'လထွတ် - မွတ်ကြပါလေရော့'။ ခိုးကြောင်ခိုးဝှက်-သူခိုးတွေနောက်မှာ ခိုးကြောင်ခိုးဝှက်-သူဝှက်တွေ၊ လုယူနှိုက်ယူဖို့ ပြည်တွင်းမှာရော၊ ပြည်ပ-အာဆမ် မှာပါ စောင့်ကြိုနေကြလေကုန်၏။

'ခွေးရူးကောင်းစား တမွန်းတည့်' ဆိုသော်ငြား၊ အညာမြေ၏ မွန်းတည့်နေ၊ မီလောင်ပြာကျ၊ နေအိမ်သစ်ပင် မရှိလေသည့်အထဲ၊ သေလောက်အောင် ခံပေရော့။

ခိုးကြောင်ခိုးဝှက် စာမေးပွဲကြီးမှသည်၊ ခိုးကြောင်ခိုးဝှက် ရွေးကောက်ပွဲကြီးအထိ၊ ပြည်သူတစ်ဦးချင်းစီ တစ်ဦးချင်းစီတိုင်း တတ်နိုင်သမျှ ဆန့်ကျင်တော်လှန်နိုင်ကြပါစေသတည်း။

သုခိတာ ဟောထ၊ ခိုးကြောင်ခိုးဝှက်ဘဝမှ ရုန်းထွက်နိုင်ကြပါစေ။

(မောင်ဘဦး၊ ၈၆၊ ပေါင်းကျော် ၄)




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar