Breaking News

စစ်ဘေးရှောင်တွေ၊ ရိက္ခာအကူအညီလိုအပ်သူတွေ ဆိုးရွားစွာ ထိခိုက်ခံစားရမယ့် အခြေအနေကြုံ

မြန်မာနွေဦးခရိုနီကယ် - မတ် ၂၀ မြင်ကွင်း

မိုးမခ၊ မတ် ၂၀၊ ၂၁၂၅


စစ်ဘေးရှောင်တွေ၊ ရိက္ခာအကူအညီလိုအပ်သူတွေ ဆိုးရွားစွာ ထိခိုက်ခံစားရမယ့် အခြေအနေကြုံ 

မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းမီက ပြည်တွင်းစစ်ဘေးရှောင် ၆ သိန်း ၇ သောင်းကျော်သာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာမှာတော့ ပြည်တွင်းမှာ စစ်ဘေးရှောင် ဦးရေ ၃ သန်းကျော် အထိ ရှိလာပြီး ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုအပြီး အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြရတဲ့ ၁ သန်းကျော်မျှသော ရိုဟင်ဂျာ ဒုက္ခသည်တွေ အပါဆိုရင် စုစုပေါင်း ၄ သန်းခွဲကျော်ထိ ရှိလာနေပြီဖြစ်ပါတယ်။ 

ပြည်တွင်းမှာတော့ ၂၀၂၁ခုနှစ် နောက်ပိုင်း ကရင်နီပြည်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် မင်းတပ်တို့က စစ်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာက တစတစ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာခဲ့ရာမှာ ၂၀၂၂ ခုနှစ်မှာတော့ ၁.၅ သန်း နဲ့ ၂၀၂၃ ခုနှစ် အရောက်မှာ ၂.၆ သန်းနဲ့ ၂၀၂၄ ခုနှစ်မှာတော့ ၃.၁ သန်းထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေက စစ်ဘေးရှောင်အရေအတွက်တွေ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်နိုင်ခြင်း မရှိတာကြောင့် ရိက္ခာ အကူအညီလိုအပ်နေသူတွေက ၁၅ သန်းကျော်ရှိတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။ 

လတ်တလော ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP အနေနဲ့ မြန်မာနိုင်ငံက စားနပ်ရိက္ခာ အကူအညီ လိုအပ်နေသူတွေကို ထောက်ပံ့ဖို့ ရံပုံငွေ ပြတ်လပ်မှုဖြစ်ပွားလာတာကြောင့် လူ ၁ သန်းကျော်ကို ပေးအပ်နေတဲ့ ရိက္ခာ အကူအညီကို အခုမတ်လမှာ နောက်ဆုံးအနေနဲ့ ပေးအပ်ပြီး ဖြတ်တောက်ရမယ့် အခြေအနေ ရောက်ရှိနေကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီအကူအညီတွေဟာ ကချင်ပြည်နယ်၊ ကရင်နီပြည်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် နဲ့အခြားသော ပြည်နယ်နဲ့ တိုင်းတွေမှာ စစ်ပွဲတွေဖြစ်ပွားမှုကြောင့် ရိက္ခာအကူအညီ လိုအပ်နေတဲ့ သူတွေကို သက်ဆိုင်ရာဒေသတွေက လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ပေးအပ်နေခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လိုနေရာမျိုးမှာ စစ်ဘေးတိမ်းရှောင် ရတဲ့ ရခိုင်လူမျိုးတွေ အပြင် ၂၀၁၂ ခုနှစ်ကတည်းက ခွဲခြားကန့်သတ်ထားတဲ့ ရပ်ကွက်လိုမျိုးမှာ နေထိုင်ရပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းမလုပ်ကိုင်နိုင်တဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ စခန်းတွေကိုလည်း ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ ဖြတ်တောက်ခံရတဲ့ အကြောင်းအချက်တွေထဲမှာ သမ္မတသစ် ဒေါ်နယ်ထရန့်လက်ထက် USAID ရဲ့ ရန်ပုံငွေ ဖြတ်တောက်ရပ်ဆိုင်းခြင်းကလည်း အဓိက အချက်တချက် အဖြစ် ပါဝင်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်ပွဲတွေ ရှည်ကြာလာတာ၊ ဥရောပ နဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေ မြင့်တက်လာတဲ့ အကြောင်းတွေကလည်း မြန်မာနိုင်ငံက လူသားချင်းစာနာမှု အကူအညီရန်ပုံငွေ လျော့ကျစေတဲ့ အကြောင်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်ဘေးတိမ်းရှောင်နေကြရသူတိုင်း ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့  အကူအညီ အထောက်အပံ့ ရရှိကြတာတော့ မဟုတ်ပါဘူး။ အချို့သော ဒေသတွေက စစ်ဘေးရှောင်တွေ အဖို့ လမ်းပန်းအဆက်အသွယ် ဖြတ်တောက် ပိတ်ဆို့မှုတွေ နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ဒေသတွေကို ရိက္ခာ၊ ဆေးဝါးနဲ့ လူအဝင်အထွက် ပိတ်ဆို့မှုတွေကြောင့်လည်း အကူအညီတွေ ပေးအပ်နိုင်ခြင်း မရှိတဲ့အခြေအနေတွေ လည်းရှိနေတာပါ။ 

စစ်ကိုင်းတိုင်း မကွေးတိုင်း၊ မန္တလေးတိုင်းတို့လို အညာဒေသက စစ်ဘေးရှောင်တွေ အဖို့ မိမိကိုယ်မိမိအားကိုးပြီး စားနပ်ရိက္ခာအရေးတွေကို ဖြေရှင်းကြရတာလည်း တွေ့ရပါတယ်။ စစ်မက်ဖြစ်ပွားမှုကြောင့် စိုက်ပျိုးရေး နဲ့ မွေးမြူရေး ကောင်းစွာ မလုပ်ကိုင်နိုင်ကြတဲ့ နောက်မှာ ရှိတဲ့ ရိက္ခာဝေမျှစားသောက်ရတာ၊ ချို့ငဲ့စွာ ချွေတာစားသောက် ကြရတဲ့ အခြေအနေတွေအောက်မှာ နှစ်နဲ့ ချီ ဖြတ်ကျော်လာခဲ့ကြရတာလည်း ဖြစ်ပါတယ်။ တနှစ်ထက် တနှစ် ပိုမိုးဆိုးရွားလာတဲ့ အခြေအနေ၊ ကူးသန်းရောင်းဝယ်မှု ပိုမိုခက်ခဲလာသလို၊ ဒေသတခုနဲ့ တခု ဘယ်လို ကုန်ပစ္စည်းမျိုးသယ်ဆောင်သည် ဖြစ်စေ ကြီးမားတဲ့ အခွန်အကောက် နှုန်းထားတွေ များပြားတဲ့ ဂိတ်အရေအတွက် တွေကလည်း ကုန်ပစ္စည်းတွေ စျေးမတန်တဆ စျေးမြင့်တက်စေတာဖြစ်ပါတယ်။ 

အချို့သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်ဆင်ရေး၊ ထိုးစစ်တွေ လုပ်ဆောင်ခြင်း မပြုမီ ထိုးစစ်ဖေါ်ဆောင်မယ့်ဒေသမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ရမယ့် ဖြစ်နိုင်ခြေ လိုအပ်မယ့် ရိက္ခာ အကူအညီ အစရှိတဲ့ လူသားချင်းစာနာမှု အကူအညီနဲ့ အရပ်သားတွေ တိမ်းရှောင်ကြမယ့် လမ်းကြောင်းနေရာတွေကို အရင်စဥ်းစားပြင်ဆင်ပြီးမှ ဖေါ်ဆောင်ကြတယ်လို့ ဆိုပါတယ်။ 

သို့ပေမဲ့ အခု မြန်မာနိုင်ငံ အရပ်ရပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအများစုက အထက်ကလို ကြိုတင်ပြင်ဆင် စီစဥ်နိုင်ကြတဲ့ ထားကြတဲ့ တိုက်ပွဲတွေ မဟုတ်ကြတာ တွေ့ရပါလိမ့်မယ်။ စစ်ရေးအရ အနိုင်ရရေးနဲ့ အသာစီးရရေးကိုသာ ဦးစားပေးကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အချို့သော လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေက ပြည်တွင်းစစ် ဖြစ်ပွားလာတာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီး အခုတကြိမ်က အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲ၊ တနည်းအားဖြင့် အောင်ပွဲလို့ ယူဆချက်နဲ့ စစ်အာဏာရှင်တွေကို ဖယ်ရှားနိုင်ဖို့ရာမှာ လူထုအနေနဲ့ ဒီကာလမှာတော့ ဒုက္ခခံကြရမှာပဲ ဆိုတဲ့ မှတ်ယူမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ 

နှစ်ပေါင်း ၇၀ ကျော်ကြာလာတဲ့ ပြည်တွင်းစစ်ကာလအတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ်ဖြစ်တဲ့ ပထမကာလ ၁၉၄၉-၁၉၅၂ အခြေအနေမှာလည်း ဖဆပလ အစိုးရနဲ့ စစ်တပ်ဟာ ရန်ကုန်မြို့ကွက်ကွက်ကိုသာ ထိန်းချုပ်နိုင်လောက်တဲ့ အနေအထားရောက်ရှိခဲ့ရာက ဆုံးရှုံးသွားတဲ့ မြို့တွေနယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တပြည်လုံး အတိုင်းအတာနဲ့ ဖြစ်ပွားတဲ့ ပထမအကြိမ် ပြည်တွင်းစစ်ကာလက စစ်ဘေးတိမ်းရှောင်ရသူတွေ မြို့တွေပေါ်ကို ရွှေ့ပြောင်းနေထိုင်ကြရသူတွေ အများအပြားရှိခဲ့သလို အခု၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်စွာဖြစ်ပွားလာတဲ့ ဒုတိယအကြိမ် ပြည်တွင်းစစ်ပွဲမှာလည်း လူဦးရေ ၅၄ သန်းအနက်က ၃ သန်းကျော်က မိမိတို့နေအိမ်တွေကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ 

လက်နက်ကိုင် တိုက်ပွဲတွေက လာမယ့်လပိုင်းနှစ်ပိုင်းတွေမှာ အခုထက်ပိုပြီး ကျယ်ပြန့်လာနိုင်ခြေရှိနေတာလည်း ဖြစ်ပါတယ်။ အခုဖြစ်ပွားနေတဲ့ အခြေအနေက အဆိုးဆုံးကို ရောက်နှင့်ပြီး ဖြစ်တယ်လို့ မဆိုနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေအောက်မှာ စစ်ဘေးရှောင်လူထုအဖို့ နိုင်ငံတကာ အကူအညီရရှိမှုလည်း လျော့ကျလာနေတာ ဖြစ်လို့ အချင်းချင်း ဒုက္ခအခက်အခဲတွေ မျှဝေခံစားတဲ့ လုပ်ဆောင်မှုတွေ များပြားလာဖို့ လည်းအရေးတကြီး လိုအပ်တယ်လို့ ဆိုချင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar