မောင်မောင်မြင့် - ဖက်ဆစ်များကို တော်လှန်ခြင်း
မောင်မောင်မြင့် ရေးသည်။
(မိုးမခ) မတ် ၂၇၊၂၀၂၅
၁၉၄၈ ခုနှစ် မြန်မာပြည်သစ်မှာ သမိုင်းတလျှောက် မရှိခဲ့ဖူးတဲ့ တော်လှန်ရေးနေ့နဲ့ လွတ်လပ်ရေးနေ့ ဆိုတဲ့ လူထုအားလပ်ရက် နှစ်ရက် ပေါ်ထွန်းခဲ့ပါတယ်။ တော်လှန်ရေးနေ့ဟာ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို လေးနှစ်ကြာ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကို မြန်မာနိုင်ငံသားတွေက စတင် တော်လှန်ခဲ့ကြတဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ကို အထိမ်းအမှတ်ပြုထားခြင်း ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့ကတော့ မြန်မာနိုင်ငံကို နှစ်ပေါင်းတရာကျော် ကျွန်ပြုအုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်အစိုးရလက်အောက်ကနေ လွတ်မြောက်ခဲ့တဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကို အထိမ်းအမှတ်ပြုထားခြင်း ဖြစ်ပါတယ်။
တော်လှန်ရေးနေ့ရဲ့ မူရင်းနာမည်ဟာ ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးဆိုတာဟာ မြန်မာတိုင်းရင်းသားများရဲ့ လက်နက်ကိုင်တော်လှန်ရေးတရပ် ဖြစ်ပြီး၊ အဲဒီတော်လှန်ရေးရဲ့ အဓိကအင်အားစုဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မျိုးချစ်ဗမာ့တပ်ဖွဲ့ (Patriotic Burmese Forces, PBF) ဖြစ်ပါတယ်။ အမှန်တော့ PBF ဆိုတာဟာ ရဲဘော်သုံးကျိပ်က ဗမာပြည်ထဲကို ဂျပန်တပ်တွေနဲ့အတူ ၀င်မလာခင် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဂျပန်တွေက ဖွဲ့စည်းပေးလိုက်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာပြည်ကို ဂျပန်တွေက သိမ်းပိုက်ပြီးတဲ့နောက် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)၊ ဂျပန်ခေတ် မြန်မာအစိုးရကို ဖွဲ့စည်းတဲ့ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာပဲ BDA ကို နာမည်ပြောင်းလိုက်တဲ့ ဗမာ့အမျိုးသားတပ်မတော် (BNA) တို့နဲ့ ပင်ကိုယ်အားဖြင့် အတူတူပဲ ဖြစ်ပါတယ်။ စစ်ကြီးအတွင်းမှာ အင်္ဂလိပ်-အမေရိကန် မဟာမိတ်တပ်တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် ဂျပန်တွေ အရေးနိမ့်လာချိန် ၁၉၄၄ ခုနှစ် သြဂုတ်လနဲ့ ၁၉၄၅ ခုနှစ် မတ်လ အတွင်းမှာ ဂျပန်ခေတ် မြန်မာအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ BNA စစ်ခေါင်းဆောင်တွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီတို့က အရပ်သားခေါင်းဆောင်တွေနဲ့ လျှို့ဝှက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖက်ဆစ်ဂျပန်တွေကို အတူတကွ ပူးပေါင်းတိုက်ခိုက်ကြဖို့ သဘောတူခဲ့ကြပါတယ်။ မြန်မာတို့က ဖက်ဆစ်ဂျပန်တွေကို တော်လှန်ပြီ ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက တရားဝင်ကြေငြာလိုက်တဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ BNA ကို မျိုးချစ်ဗမာ့တပ်ဖွဲ့ (PBF) အဖြစ် အမည်ပြောင်းလိုက်ပါတယ်။ အဲဒီနှစ် မေလ ၁၆ ရက်နေ့မှာ မဟာမိတ်တွေက PBF ကို သူတို့ရဲ့ မဟာမိတ်တပ်ဖွဲ့ တခုအဖြစ် တရားဝင်လက်ခံလိုက်ပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့မှာတော့ ဂျပန်ဘုရင် ဟီရိုဟီတိုက ဂျပန်နိုင်ငံက လက်နက်ချ အညံ့ခံကြောင်း တရားဝင် ကြေငြာခဲ့ပါတယ်။
ဒီနေရာမှာ အထူးပြုပြီး ပြောချင်တာကတော့ - ဖက်ဆစ်တော်လှန်ရေးမှာ မျိုးချစ်ဗမာ့တပ်ဖွဲ့နဲ့အတူ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ အရပ်သား ပြောက်ကျားတော်လှန်ရေးသမားတွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြတယ် ဆိုတာပါပဲ။ မြန်မာပြည် လွတ်လပ်ပြီးစမှာ ပေါ်ထွန်းခဲ့တဲ့ စာနယ်ဇင်းတွေက ဆောင်းပါးတွေနဲ့ သရုပ်ဖော်ပုံတွေမှာ ဖက်ဆစ်တော်လှန်ရေးနေ့ အကြောင်းကို သရုပ်ဖော်တဲ့အခါ စစ်ဝတ်စုံဝတ်ထားတဲ့ စစ်သားပုံတွေထက် ခေါင်းမှာ ခမောက်ဆောင်းပြီး၊ လက်မောင်းမှာ အနီရောင်နောက်ခံ ကြယ်ဖြူတပွင့် လက်ပတ်ကို ဝတ်ဆင်ထားတဲ့ အရပ်ဝတ် ပြောက်ကျားတော်လှန်ရေးသမားတွေရဲ့ ပုံတွေက ပိုပြီး ခေတ်စားခဲ့ပါတယ်။ ဒီအချက်ကို ထောက်ရှုခြင်းအားဖြင့် ဖက်ဆစ်တော်လှန်ရေးမှာ အရပ်သားတော်လှန်ရေးသမားတွေရဲ့ အခန်းကဏ္ဍက ကြီးမားခဲ့တယ်ဆိုတာ ထင်ရှားလှပါတယ်။
မြန်မာပြည်ကို အင်္ဂလိပ်တွေက ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ သီဟိုဠ်နိုင်ငံ ကန္ဒီမြို့မှာ ပြုလုပ်တဲ့ ဗမာ့တပ်မတော်သစ် ဖွဲ့စည်းရေးဆွေးနွေးပွဲကို မျိုးချစ်ဗမာ့တပ်ဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ဥက္ကဌလည်း ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ အထွေထွေအတွင်းရေးမှူး သခင်သန်းထွန်းတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ ဗြိတိသျှကိုယ်စားလှယ်အဖွဲ့ကိုတော့ အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ် လူဝီမောင့်ဘက်တန်က ဦးဆောင် တက်ရောက်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မျိုးချစ်ဗမာ့တပ်ဖွဲ့ နဲ့ ဗြိတိသျှတို့ထံမှာ စစ်မှုထမ်းနေတဲ့ ဗြိတိသျှ-ဗမာ့တပ်မတော် (British-Burma Army) တို့ကို ပူးပေါင်းစေပြီး တခုတည်းသော ဗမာ့တပ်မတော် (Burma Army) အဖြစ် ဖွဲ့စည်းကြဖို့ သဘောတူခဲ့ပါတယ်။
ဒီနေရာမှာ သတိပြုသင့်တဲ့ အချက် နှစ်ချက် ရှိပါတယ်။ ပထမတချက်ကတော့ -
မြန်မာ့လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွားလာတဲ့ ဗမာ့တပ်မတော်ဟာ ရဲဘော်သုံးကျိပ်တို့က ဖွဲ့စည်းခဲ့ပြီး လေးနှစ်အတွင်း နာမည် လေးကြိမ် ပြောင်းလဲခဲ့တဲ့ မျိုးချစ်ဗမာ့တပ်မတော်က တပ်သားတွေချည်း သက်သက်မဟုတ်ဘဲ ဖက်ဆစ်တော်လှန်ရေးကာလတလျှောက်မှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားပေါင်းစုံ တပ်သားတွေနဲ့ ဗြိတိသျှ-ဗမာ့တပ်မတော်က တပ်သားတွေလည်း ပါဝင်တယ် ဆိုတာပါပဲ။ ဒုတိယ အချက်ကတော့ - ဗမာ့လွတ်လပ်ရေးကို ရယူခဲ့ရာမှာ စစ်ရေး လက်ရုံးရည်နဲ့ ရယူခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေးနှလုံးရည်နဲ့ ရယူခဲ့ခြင်းသာ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။
မြန်မာပြည်သူတွေ တင်မြှောက်ခဲ့ကြတဲ့ အရပ်သားအစိုးရကို လက်နက်နဲ့ အနိုင်ကျင့်ပြီး ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့တဲ့ ဗိုလ်နေဝင်းလက်ထက်မှာ မြန်မာပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ တော်လှန်ရေးနေ့ကို စစ်တပ်ကိုသာ ကိုယ်စားပြုတဲ့ တပ်မတော်နေ့အဖြစ် နာမည်ပြောင်းခဲ့ပါတယ်။ ဒါတင်မက ဖက်ဆစ်ဂျပန်တွေကို မြန်မာပြည်ထဲကနေ တိုက်ထုတ်ရာမှာ ပါဝင်ခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့တွေ၊ အရပ်သား တော်လှန်ရေးသမားတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်စေပြီး၊ ဗိုလ်နေဝင်း ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ရဲ့ အခန်းကဏ္ဍကိုသာ ကျောင်းသုံးပြဌာန်းစာအုပ်များနဲ့ စာနယ်ဇင်းတွေမှာ ဝါဒဖြန့်ပြီး ဖော်ပြခဲ့ပါတယ်။ အကယ်၍ တပ်မတော်နေ့အဖြစ် ရှိစေချင်တယ်ဆိုရင်တောင် တော်လှန်ရေးနေ့ကို လုယူမယ့်အစား ဘီအိုင်အေကို ထူထောင်ခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကိုသာ ရွေးချယ်ခဲ့သင့်ပါတယ်။
ဘာပဲပြောပြော - အခြေခံဥပဒေနဲ့ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပြီး အကြိမ်ကြိမ် အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ ဒီကနေ့မှာ ကိုယ့်ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ ဖက်ဆစ်စစ်တပ် ဖြစ်သွားခဲ့ပါပြီ။ တခါက ဖက်ဆစ်ဂျပန်တွေကို မြန်မာပြည်သူက တော်လှန်ခဲ့သလိုပဲ၊ လက်ရှိ ဖက်ဆစ်စစ်တပ်ကိုလည်း မြန်မာပြည်သူတွေက တခဲနက် တော်လှန်နေကြပြီ ဖြစ်ပါတယ်။ တခါက မြန်မာပြည်ကို စိုးမိုးအုပ်ချုပ်ခဲ့ကြတဲ့ ဖက်ဆစ်ဂျပန်တွေ မရှုမလှ ရှုံးနိမ့်သွားခဲ့ကြသလိုပဲ လက်ရှိ ဖက်ဆစ်တပ်ဟာလည်းပဲ မကြာခင် ကာလမှာ မရှုမလှ ရှုံးနိမ့်ပြီး လက်နက်ချရတော့မှာ အသေအချာပါပဲ။
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar