နတ်မှူး - “အိုဘုရားသခင် အရှင်၏အမှန်တရားက ကြာလွန်းလှတော့သည် “
Image - Credit
“အိုဘုရားသခင် အရှင်၏အမှန်တရားက ကြာလွန်းလှတော့သည် “
နတ်မှူး
(မိုးမခ) မတ် ၂၈၊ ၂၀၂၅
တစ်
တောင်တန်းများ ထူထပ်သော ဆွစ်ဇာလန်ကနေ အီတလီပြည်ထဲသို့ရောက်ဖို့ ကျွန်တော်တို့စီးသော Expact Explore ခရီးသွားကားက နာရီပေါင်များစွာမောင်းရသည်။ မနက်၇:၃၀မှာ မနက်စာစားပြီး ဆွစ်ဟော်တယ်မှထွက်ခဲ့ရာ ညနေ၃ နာရီမှ အီတလီနိုင်ငံ၏ ပီဇာမြို့လေးသို့ရောက်သည်။ပီဇာမှာ Leaning tower of Pizza ဟုခေါ်သည့် စောင်းနေသော ပီဇာမျှော်စင်ရှိသည်။ အောက်ခံမြေသားပြော့မှုကြောင့် မျှော်စင်က တဖက်သို့ သိသာစွာစောင်းသွားသည်။အတည့်ဆိုလျှင် ထိုမျှော်စင်က သည်မျှ နာမည်ကြီးမည်မဟုတ်။ စောင်းသွားခြင်းကပင် သူ၏ဆွဲဆောင်မှုဖြစ်ပြီး လာကြည့်သူတို့ ကြက်ပျံမကျ စည်ကားသည်။ ကျွန်တော်တို့ ရောက်တော့ ထိုမျှော်စင်တဝိုက်မှာ လူတွေတအုပ်တမကြီး တွေ့ရသည်။ ပီဇာမျှော်စင်မှာ ကျွန်တော်တို့ လှည့်ပတ်ကြည့်ပြီးဓာတ်ပုံရိုက်ကြသည်။ တနာရီမျှလည်ပြီး ကျွန်တော်တို့ ညအိပ်ရပ်နားမည့် အီတလီ၏မြို့တော်ဟောင်းဖြစ်သော ဖလောရင့်(စ)မြို့သို့ကားကမောင်းနှင်ခဲ့သည်။ ကားမောင်းနေစဉ် ကျွန်တော်တို့၏ ဧည့်လမ်းညွှန်ဖြစ်သော လုခ်(Luke Shaw)က မိုက်ခွက်ကိုကိုင်၍ စကားပြောသည်။
“အခုကျွန်တော်တို့ထွက်လာခဲ့တဲ့ ပီဇာမြို့လေးက နက္ခတ္တဗေဒနဲ့ခေတ်သစ်သိပ္ပံပညာရဲ့ဖခင်ကြီး ဂယ်လီလီယို (Galileo Galilei) ရဲ့မွေးရပ်ဇာတိပဲ။ သူ့အသက် ၇၇ နှစ်အရွယ်မှာ အခုကျွန်တော်တို့ သွားနေတဲ့ ဖလောရင့်(စ)မြို့မှာ ကွယ်လွန်ခဲ့တယ်။ သူမသေခင် အကျယ်ချုပ်ဘဝနဲ့နေခဲ့ရတယ်။သူ့ကိုပြစ်ဒဏ်ချတာက (Rome Inquisition) လို့ခေါ်တဲ့ ရောမကက်သလစ်ခုံရုံးပဲ။ အပြစ်ကတော့ ခရစ်ယံကျမ်းစာကပြဌာန်းထားတဲ့ ကမ္ဘာဗဟိုပြုစနစ် ( Geocentric system ) ကိုငြင်းပယ်ပြီး ဘာသာတရားက မိစ္ဆာအယူလို့သတ်မှတ်ထားတဲ့ ကမ္ဘာနဲ့လအပါအဝင်ဂြိုလ်အားလုံးက နေကိုဗဟိုပြုပြီး လှည့်ပတ်နေတယ်ဆိုတဲ့ နေဗဟိုပြုစနစ် ( Heliocentric system) ကို ယုံကြည်သက်ဝင်ပြီး ပြန့်ပွါးအောင်ဖြန့်ချိလို့ပဲ။ ဘာသာရေးနဲ့သိပ္ပံပညာ ထိပ်တိုက်တွေ့မှုမှာ သိပ္ပံပညာက သူ့ဘက်ကမှန်ကြောင်း သက်သေပြနိုင်ပေမယ့် အယူသီးလှတဲ့ ကက်သလစ်ခုံရုံးရဲ့စီရင်ချက်မှာ အမှန်တရားက လည်စင်းခံခဲ့ရတယ်ဆိုတဲ့အကြောင်းလေး အခွင့်သင့်လို့ ပြောပြတာပါ” ဟုပြောသည်။
တချိန်ချိန်မှာ လုခ်ပြောသည့် နက္ခတ္တနှင့်သိပ္ပံပညာရှင်ကြီး ဂယ်လီလီယို၏ အကြောင်းကိုစာရေးရသော် ကောင်းလေစွဟု တေးထားလိုက်မိသည်။ သို့သော်နှစ်ပေါင်များစွာကြာခဲ့ပြီး ထိုစာရေးဖို့ကိစ္စသည်လည်း အချိန်၏တိုက်စားမှုနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
နှစ်
အနီးစခန်းဆရာတော်ဘုရားကြီး ဟောကြားခဲ့သည့် ဗျိုင်းနားဘုရင်ပုံပြင်ကို နာကြားဖူးမည်ထင်ပါသည်။ တခါတော့တိုင်းပြည်တပြည်မှာ လေးနှစ်တခါ ဘုရင်ရွေးရသည်။ ဘုရင်အရွေးခံချင်သည့် လူများက ကွင်းပြင်ကျယ်ကြီးထဲမှာ နေရာယူရမည်။ နေမွန်းတည့်ချိန်မှာ ဘယ်အရပ်ကလာသည်မသိရသည့်ဗျိုင်းကြီးတကောင်က ကွင်းပြင်ပေါ်ပျံလာမည်။ ထို့နောက်သုံးကြိမ်ဝဲ၍ သူနားရမည့်လူကိုအကဲခတ်ပြီး လူတယောက်၏ဦးခေါင်းပေါ်သို့နားလိုက်မည်။ ဗျိုင်းနားခံရသူက ဘုရင်ဖြစ်လေသည်။
တနေ့တွင် သားအဖနှစ်ယောက် ဘုရင်ရွေးပွဲသို့ လာကြသည်။ လမ်းတွင်သားကအဖကိုမေး သည်။ ”အဖေ ဗျိုင်းနားဘုရင်ဖြစ်ရင် တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မလဲ” ဟုဖြစ်သည်။ အဖကတိုတိုပင်” မင်းကျင့်တရားဆယ်ပါးနဲအညီ တိုင်းသူပြည်သားကို ရင်ဝယ်သားလိုသဘောထားပြီးအုပ် ချုပ်မှာပေါ့” ဟုပြောသည်။ အဖကသားကို ”မင်းကော ဗျိုင်းနားဘုရင်ဖြစ်ရင် တိုင်းပြည်ကို ဘယ် လိုအုပ်ချုပ်ဖို့ စိတ်ကူးလဲ” ဟုမေးသည်။ သားက”မင်းကျင့်တရားဆယ်ပါးတွေ ၊ ရင်ဝယ်သားတွေနားမလည်ဘူး၊ သားကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောပဲ။ ဗျိုင်းလာနားမှတော့ သူကမင်းဘုရင်ဖြစ်ပြီ ၊ ဒီနိုင်ငံကို ကြိုက်သလိုလုပ်ပေတော့ဆိုတဲ့ အခွင့်အာဏာပေးလိုက်တာပဲ။ ဒီတော့ တရားတာမတရားတာလာမပြောနဲ့ သားစိတ်ကူးတဲ့သလို အုပ်ချုပ်သွားမယ်” ဟုပြောသည်။ အဖကသားကို နှာခေါင်းရှုံ့ပြီး မင်းရဲ့ဒီလိုစိတ်ဓာတ်မျိုးနဲ့ဆို ရူးနေတဲ့ဗျိုင်းသာမင့်ခေါင်းပေါ်နားမှာပေါ့၊သူတော်ကောင်းဗျိုင်းကတော့ မင့်ခေါင်းကို ဝေးဝေးရှောင်လိမ့်မယ်” ဟုပြောသည်။
ဘုရင်ရွေးပွဲမှာ ရူးနေပုံရသည့်ဗျိုင်းက သားဖြစ်သူ၏ခေါင်းပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်နားလိုက်သည်။ သို့ဖြင့် သားက ဗျိုင်းနားဘုရင်ဖြစ်လာသည်။ သူပြောခဲ့သလိုပင် နိုင်ငံကို ထင်ရာစိုင်း အုပ် ချုပ်လေသည်။
ပုံပြင်ကသည်မျှသာဖြစ်သည်။ သို့သော် ကျွန်တော်က ကိုယ့်စိတ်ကူးဖြင့် ပုံကိုဆက်ရေးချင်နေမိသည်။ တကယ်တော့ဗျိုင်းသည် စိတ်ဓာတ်အောက်တန်းကျသည့် အတ္တသမားအပေါ်နားချင်၍ နားခြင်းမဟုတ်။ ပျံဝဲနေရင်းက မစင်စွန့်ချင်စိတ်အလွန်အမင်းဖြစ်ပေါ်လာ၍ နီးစပ်ရာသားဖြစ်သူ၏ခေါင်းပေါ်တက် ချေးပါလိုက်ခြင်းဖြစ်သည်။ သို့ဖြင့် ကံကောင်းထောက်မစွာ ထိုငနဲက ဗျိုင်းနားဘုရင်ဖြစ်လာသည်။ ” ငါဗိုက်နာလာတာ မင်းကံကောင်းဖို့ဖြစ်လာတယ်။ ဒါပေမယ့် ငါ့ဗျိုင်းချေးက တခြားသတ္တဝါတွေရဲ့ချေးနဲ့မတူဘူးကွ အလွန်နံစော်တယ်။ ဘယ်လောက်နံလဲဆိုရင် ဘယ်လိုအရာနဲ့မှလျှော်ဖွပ်လို့ အနံ့မပျောက်ဘူး။ မင်းအတ္တကြီးလေ အနံ့ပြင်းလာလေပဲ။ အသက်ရှင်စဉ်တင်မကဘူး၊ မင်းသေလွန်ပြီးနောက် ကျန်ရစ်ခဲ့တဲ့မင်းရဲ့သမိုင်းကပါ ဗျိုင်းချေးစော်နံနေလိမ့်မယ်” ဟု ပျံထွက်မသွားခင်ဗျိုင်းကြီးက ပြောသွားခဲ့သည်။
ယခုခေတ်မှာ ဗျိုင်းနားဘုရင်တွေ ပေါများလှပါဘိ။ ဒီမိုကရေစီ၏ဘိုးအေနိုင်ငံကြီးမှာပင် ဗျိုင်းနားဘုရင်ပေါ်လာသည်။ ထိုသူက WHO ဟုခေါ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနှုတ်ထွက်သည်။USAID အထောက်အပံ့တွေရပ်ဆိုင်းသည်။ VOA အသံလွှင့်ဌာနကို ပိတ်သည်။ နိုင်ငံတချို့၏ ကုန် သွယ်ခွန်ကိုမြှင့်သည်။ ယူကရိန်းကိုမတရားဝင်ရောက်သိမ်းပိုက်ခဲ့သည့်ရုရှားသမ္မတပူတင်ကို လက် ဆွဲနှုတ်ဆက်သည်။ ငြိမ်းချမ်းရေးကိုအကြောင်းပြုပြီး ယူကရိန်းက မြေရှားသတ္ထုကို တပဲခြေက်ပြားစျေးဖြင့်လိုချင်သည်။ နိုင်ငံ၏ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ကြံစည်သည်။ ကနေဒါကို သူ့နိုင်ငံ၏ ၅၁ ခုမြောက်ပြည်နယ်အဖြစ် သိမ်းပိုက်ဖို့ ကြွေးကြော်သည်။ ပနားမားတူးမြောင်းကိုအပိုင်ချိုင်၍ မက္ကစီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ဟုပြောင်းလဲပစ်မည်ဟုပြော သည်။ ဗျိုင်းနားဘုရင်၏ဥပဒေအထက်က အမိန့်များကြောင့် နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေများလာခဲ့သည်။ စီးပွားေရးမတည်ငြိမ်မှုတွေဖြစ်လာသည်။ “ငါတသက်လုံးသမ္မတလုပ်မယ် ။ နောက်လေးနှစ်ကြာလို့ ဗျိုင်းကြီးလာရင်အသေပစ်ချလိုက်” ဟု ဗျိုင်းချေးနံ့စွဲနေသောထိုဘုရင်ကအမိန့်ပေးကောင်းပေးလိမ့်မည်။ အာဏာရှင်တွေဘက်တိမ်းညွတ်လာသော ကမ္ဘာကြီး၏အနာဂတ်က ရင်မောစရာ ကောင်းပါဘိ။
သုံး
ဂယ်လီလီယို (Galileo Galilei ) ကို ၁၅၆၄ ခုတွင် အီတလီနိုင်ငံ ပီဇာမြို့လေးတွင်မွေးဖွားခဲ့သည်။ပီဇာတက္ကသိုလ်တွင် ဆေးပညာသင်ကြားခဲ့သည်။ ထို့နောက် ဆေးကျောင်းကထွက်၍ သူပို စိတ်ဝင် စားသော သင်္ချာနှင့်သဘာဝဒဿနိကဗေဒကို ပြောင်းလဲလေ့လာခဲ့သည်။ သူ၏စိတ်အားထက်သန်မှုက ရူပဗေဒ၊နက္ခတ္တဗေဒနှင့် အင်ဂျင်နီယာဆိုင်ရာသိပ္ပံနယ်ပယ်အသီးသီးကို ဆည်းပူးရန်တွန်းအားပေးခဲ့သည်။ သိပ္ပံနည်းကျ စူးစမ်းမှုများနှင့် နက္ခတ္တဗေဒဆိုင်ရာရှာဖွေ တွေ့ရှိမှုများကြောင့် သူ့ကိုခေတ်သစ်သိပ္ပံပညာ၏ ဖခင်ကြီးအဖြစ် မကြာခဏရည်ညွှန်းလေ့ရှိသည်။
ကမ္ဘာကိုဗဟိုပြု၍ နေ၊ လနှင့် ဂြိုဟ်အားလုံးက လှည့်ပတ်နေသည်ဟူသော အယူအဆ ကို ဂရိဒဿနိကပညာရှင် တိုလမီ (Claudius Ptolemy )က ၂ရာစုတွင် သူ၏ “Almagest “ဟူသောကျမ်း စာအုပ်မှာ စတင်ရေးသားခဲ့သည်။ အရစ္စတိုတယ်(လ)(Aristotle)နှင့် ဟစ်ပါးခပ်(စ) ( Hipparchus )စသော ဂရိပညာရှင်များက ဤအယူအဆကို ထောက်ခံခဲ့ကြသည်။ ခရစ်ယံဘုန်းတော်ကြီးများလည်း ကမ္ဘာဗဟိုပြုဝါဒသည် ခရစ်တော်၏ကျမ်းစာနှင့်ညီညွတ်သည်ဟုဆုံးဖြတ်ကာ အမှန်ဟု ယူဆခဲ့ကြသည်။ သို့ဖြင့် ထိုအယူက ရာစုနှစ်များစွာ အမြစ်တွယ်ခဲ့ပြီး တက္ကသိုလ်ပါမောက္ခများကပင် လူသားတို့နေသောကမ္ဘာကြီးသည် စကြာဝဠာ၏အလယ်တွင် မရွေ့မရှား ထီးထီးမားမားရပ်တည်နေသည်။ နေ၊ လနှင့်ဂြိုဟ်အားလုံးကသာ ကမ္ဘာကိုဗဟိုပြု၍ လှည့်ပတ်နေသည်ဟု သင်ကြားကြလေသည်။
၁၅ ရာစုတွင် ထိုကမ္ဘာဗဟိုပြုဝါဒကို ဆန့်ကျင်မည့်သူတယောက်ပေါ်လာသည်။ ကိုပါနိကပ်(စ) ( Nicolaus Copernicus ) ခေါ်သည့် ပိုလန်ဘုန်းတော်ကြီးတပါးဖြစ်သည်။ သူကသူ၏နေဗဟိုပြုသီအိုရီကို ၁၅၄၃ ခုတွင် (The Revolutions of the Celestial Spheres) နက္ခတ်တာရာများ၏တော်လှန်ရေးစာအုပ်ဖြင့် တင်ပြခဲ့သည်။ ထိုစာအုပ်မှာ ကက်သလစ်ခုံရုံး၏ပိတ်ပင်ခြင်းကိုခံခဲ့ရသည်။ သို့သော် ကိုပါနိကပ်(စ)ကအပြစ်ပေးခြင်းမခံရပါ။ အကြောင်းမှာ စာအုပ်ထွက်ပြီး လအနည်းငယ်အကြာမှာ သူကွယ်လွန်သွား၍ ဖြစ်သည်။
၁၆၀၀ ခုနှစ်တွင် နယ်သာလန်နိုင်ငံမှာ အဝေးကြည့်မှန်ပြောင်း (Telescope )စတင်ပေါ်ပေါက်လာသည်။ ၁၆၀၉ ခုတွင် ဂယ်လီလီယိုက အာကာသထဲသို့ ကြည့်နိုင်သည့် တယ်လီစကုပ်ကို တီ ထွင်နိုင်ခဲ့သည်။ သူ့လက်ထဲသို့ တယ်လီစကုပ်တခုရောက်လာခြင်းသည် နေ၊ လနှင့်ဂြိုဟ်များကို သိပ္ပံနည်းကျလေ့လာသည့် နက္ခတ္တဗေဒ၏ အစဖြစ်သည်။ ကမ္ဘာနှင့်အနီးဆုံးဖြစ်သော လကိုသူကြည့်သည်။ လမျက်နှာပြင်က လူတွေယူဆခဲ့သလို ဂေါ်လီလုံးပမာ စင်းလုံးချောမဟုတ်ဘဲ တောင် တန်းတွေချိုင့်ဝှမ်းတွေဖြင့် ပြုပ်ထနေသည်ကို တွေ့ရသည်။
တဖန်ဂျူပီတာဂြိုဟ်ကို လှည့်ပတ်နေသော လလေးစင်းကို လူ့သမိုင်းတွင်ပထမဦးဆုံးအဖြစ် သူမြင်ခဲ့ရသည်။ အကယ်၍ တော်လမီနှင့်အရစ္စတိုတယ်(လ)တို့ယူဆသလို အရာအားလုံးက ကမ္ဘာကိုဗဟိုပြု၍ လှည့်ပတ်နေသည်ဆိုပါက ထိုလလေးစင်းက အဘယ့်ကြောင့် ဂျူပီတာကိုဗဟိုပြု၍ လှည့်ပတ်နေသနည်း။ ထို့နောက်နေကိုဗဟိုပြု၍လှည့်ပတ်နေသောကြောင့် (Venus)ခေါ်သောကြာ ဂြိုဟ်၏ ဖြစ်ပေါ်လာသောပုံရိပ်အဆင့်ဆင့် (Phases of Venus) ကို သူလေ့လာနိုင်ခဲ့သည်။ သူသင် ယူခဲ့ရသော တော်လမီနှင့်အရစ္စတိုတယ်(လ)တို့၏ကမ္ဘာဗဟိုပြုစနစ် (Geocentric system)သည်အမှားကြီးဖြစ်ပြီး ကိုပါနိကပ်(စ)၏နေဗဟိုပြုစနစ် (Heliocentric system) ကသာ အမှန်ဖြစ်ကြောင်း သူသိခဲ့ရပြီ။
“ တပည့်တော်အား အံ့ဩဖွယ်ကောင်းသော အရာများကို ပထမဦးဆုံးလေ့လာသူဖြစ်စေရန် နှစ်ခြိုက်တော်မူသောဘုရားသခင်။ အရှင်၏အဆုံးမရှိသော ကျေးဇူးတော်ကို တပည့်တော်ဦးခိုက်ပါ၏”
ဂယ်လီလီယိုက တိတ်ဆိတ်သော ကြယ်စုံနေသည့် ညကောင်းကင်ကိုငေးမောရင်း တီးတိုးရေရွတ်နေသည်။
လေး
၁၆၁၆ ခုတွင် ခရစ်ယံရောမ ကက်သလစ်ခုံရုံးက ဂယ်လီလီယိုကို ဆင့်ခေါ်ပြီး သူ၏ နေဗဟိုပြုသီအိုရီ ( Heliocentric theory )ကို မိစ္ဆာတိတ္ထိအယူအဖြစ်ကြေညာလိုက်သည်။ ထိုအယူကိုစွန့်လွှတ်ရန်နှင့် ဆက်လက်စွဲကိုင် ဖြန့်ချိပါက ခုံရုံး၏ပြင်းထန်သောအပြစ်ပေးမှုကိုခံရမည်ဖြစ်ကြောင်း သူ့ကိုသတိပေးသည်။ ဂယ်လီလီယိုက သူ၏တယ်လီစကုပ်အသုံးပြု၍တွေ့ရှိရသော အချက် အလက်များကိုတင်ပြခဲ့သော်လည်း အယူသီးသော ခုံရုံးက လက်မခံတော့ပါ။ တဖန် သူ၏မိတ်ဆွေတက္ကသိုလ်ပါမောက္ခများကလည်း သူ့ဘက်ကမရပ်တည်ခဲ့ပါ။ သူ၏ နေဗဟိုပြုအဆိုသည် မှန်ကောင်းမှန်နိုင်ကြောင်း ထိုသိပ္ပံပညာရှင်တို့က သိနေသည်။ သို့သော် သူတို့တသက်တာ ဘုရားတဆူပမာ ကိုးကွယ်ခဲ့သော ဂရိပညာရှင်ကြီး အရစ္စတိုတယ်(လ)၏ ကမ္ဘာဗဟိုပြုဝါဒက မနေ့တနေ့ကမှပေါ်လာသော ဂယ်လီလီယိုကြောင့် ပြိုလဲသွားမှာကိုမလိုလားပါ။ ထို့ကြောင့်ထိုသူတို့က “နောင်ခါလာနောင်ခါစျေး မှားရင်မှောက်အိပ်မယ် “ဟုဆုံးဖြတ်ကာ ကက်သလစ်ခုံရုံး၏ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။ သို့ဖြင့်ဂယ်လီလီယိုက ဝမ်းနည်းစွာဖြင့် သူ့အဆိုကို ရုတ်သိမ်းခဲ့ရသည်။
သို့သော် သူရုတ်သိမ်းခြင်းသည် သူ့အသက်နှင့် သူ့မိသားစုကိုမြတ်နိုးလို့ဖြစ်ပြီး သူ၏နေဗဟိုပြုသီအိုရီကို မှားယွင်းသည်ဟု ခုံရုံးရှေ့မှာ ဝန်ခံခြင်းမဟုတ်။ သို့ဖြင့် ၁၆၃၂ ခုတွင် ထိုစနစ်ကိုကာကွယ်သည့် စာအုပ်တအုပ်ကိုရေးသား ထုတ်ဝေခဲ့သည်။ ထိုစာအုပ်အမည်မှာ ( Dialogue Concerning the Two Chief World Systems ) “အဓိက ကမ္ဘာ့စနစ်ကြီးနှစ်ခုနှင့်ပတ်သက်သောဆွေးနွေးမှု “ ဖြစ်သည်။ ထိုစာအုပ်တွင် တော်လမီနှင့်အရစ္စတိုတယ်(လ)တို့၏ သက်သေကင်းမဲ့သော ကမ္ဘာဗဟိုပြုပုံစံနှင့် သိပ္ပံနည်းကျ သက်သေနှင့်တကွတင်ပြနိုင်သည့် သူ၏နေဗဟိုပြုပုံစံကို နှိုင်းယှဉ်ထားသည်။ ထိုစာအုပ်က ကက်သလစ်ခုံရုံးကို အမျက်ပြင်းစွာ ထွက်စေခဲ့သည်။ သို့ဖြင့် ၁၆၃၃ ခုတွင် ဂယ်လီလီယိုကို ခုံရုံးသို့ဆင့်ခေါ်ပြီး မိစ္ဆာဒိဌိအယူစွဲသူဟုဆုံးဖြတ်ကာ တသက်တာနေအိမ်အကျယ်ချုပ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုပြစ်ဒဏ်ချမှတ်ခံရတော့ သူ၏အသက်မှာ ၆၉ နှစ်ရှိပြီ။နေစကြာဝဠာစနစ်(Solar system)ကို အဦးဆုံးရှာဖွေတွေ့ရှိခဲ့သော သူ၏မျက်ဝန်းအစုံသည် ထိုစူးစမ်းလေ့လာမှုကြောင့်ပင် ၁၆၃၈ ခုမှာ စုလုံးကန်းရရှာသည်။
သူ့အသက်၇၇နှစ်အရွယ် ၁၆၄၂ ခုမှာကမ္ဘာ၏အကြီးကျယ်ဆုံးနက္ခတ္တပညာရှင်နှင့်ခေတ်မီသိပ္ပံပညာ ၏ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသည့် ဂယ်လီလီယိုသည် နေအိမ်အကျယ်ချုပ်ဘဝဖြင့်ပင် ဖလောရင့်(စ)မြို့မှာ ကွယ်လွန်သွားခဲ့သည်။ သူ၏အုတ်ဂူပေါ်တွင် သူ၏နောက်ဆုံးစကားဖြစ်သည့် ( Eppur Si muove )ကို အီတလီဘာသာဖြင့် ရေးထိုးထားခဲ့သည်။ “ But the Earth does move “ “ဒါပေမယ့် ကမ္ဘာကြီးကအမှန်တကယ်ရွေ့ရှားနေတယ်”ဟု ဆိုလိုသည်။ ထိုသို့ရေးသားခဲ့ခြင်းမှာ “ကမ္ဘာကြီးက စကြာဝဠာရဲ့အလယ်မှာ မတုန်မလှုပ်ကျောက်ရုပ်ကြီးလို ရပ်နေပြီး နေလနက္ခတ်တွေကသာ ဝန်းရံလှည့်ပတ်နေရတယ် “ဟုဆိုခဲ့သော ကမ္ဘာဗဟိုပြုဝါဒီသမားများကို လှောင် ပြောင်ခနဲ့ချင်၍လား၊ ဘယ်သူတွေမှားတယ်ပြောပြော ကမ္ဘာကြီးရွေ့နေသမျှအမှန်တရားက အောင်ပွဲခံရမယ် “ ဟုပြောချင်တာများလား ဂယ်လီလီယိုသာ သိလိမ့်မည်။
ငါး
There is no greater tyranny than that which is perpetrated under the shield of the law and in the name of justice.
Montesquieu
French philosopher and political thinker
ဥပဒေ၏အကာအကွယ်ကိုယူ၍ တရားမျှတမှုအမည်တပ်ကာ ကျူးလွန်ခြင်းထက် ကြီးမားသော ဆိုးယုတ်မှုသည်မရှိ။
မွန်တက်စကီ
ပြင်သစ်ဒဿနနှင့် နိုင်ငံရေးအတွေးအခေါ်ပညာရှင်
၁၆ ရာစုတွင် ရောမကက်သလစ်ခုံရုံးက နက္ခတ္တဗေဒနှင့်သိပ္ပံပညာရှင်ကြီး ဂယ်လီလီယိုအပေါ် မတရားသောအမိန့်ကိုချမှတ်ခဲ့သည်။ ကျမ်းစာအယူအကောက်လွဲ၍ ထိုသို့မှားယွင်းပြစ်ဒဏ်ချခဲ့ခြင်းဖြစ်ကြောင်းနှင့် ကွယ်လွန်သူ ဂယ်လီလီယိုအတွက်ဝမ်းနည်းပါကြောင်း ၁၉၉၂ ခုတွင် ပုပ်ရဟန်းမင်းကြီး ဒုတိယ ဂျွန်ပေါလ်က စာတစောင်ထုတ်ပြန်ခဲ့သည်။ သို့သော်ထိုစာက ၁၆ရာစုကစတင်၍ သမိုင်းတလျှောက်နံစော်ခဲ့သည့် ကက်သလစ်ခုံရုံး၏ ဗျိုင်းချေးနံ့ကို မည်သို့မှ မလျှော်ဖွပ်နိုင်ခဲ့ပါ။
“ God sees the truth but wait. “အမှန်တရားကို ဘုရားသခင်သိတယ် ဒါပေမယ့်စောင့်ပါ ဟူ သော ဆိုရိုးရှိသည်။ အမှန်တရားကိုသိဖို့ ဘယ်လောက်ကြာအောင် စောင့်ရမည်နည်း။ တလလား၊ တနှစ်လား၊ တသက်လား၊ တကမ္ဘာလား။ ဂယ်လီလီယိုကတော့ မှားယွင်းဆုံးဖြတ်မိကြောင်း တောင်းပန်စာတစောင်ရဖို့ နှစ် ၃၆၀ နီးပါးစောင့်ခဲ့ရသည်။ အမှားကိုလုပ်ပိုင်ခွင့် ပေးထားတာကြာလေ၊ ထိုအမှားဒဏ်ကိုခံရသူတို့များလာလေ၊ဘဝတွေ အသက်တွေဆုံးရှုံးရလေဆိုတာ ဘုရားသခင်မသိလေရော့သလား။ သိလျက်နှင့်ကံတရားဟု ဥေပက္ခာပြုခဲ့ပြီလား။
နတ်စည်းစိမ်မျိုးစံစားနေသူတို့အတွက် တနှစ်ကိုတရက်ထင်မှတ်ရသော်လည်း မီးလောင်ကျွမ်းခံနေရသူတို့အဖို့ တစက္ကန့်က တကမ္ဘာဖြစ်လေသည်။
ချစ်ခင်စွာ ....
နတ်မှူး
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar