ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးဝမ်းမြူးမဲ့လေ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးဝမ်းမြူးမဲ့လေ
မိုးမခ ၊ မတ် ၂၇ ၊ ၂၀၂၅
စစ်မှုထမ်းဥပဒေကို ဖော်ဆောင်ရာမှာ မတရားမှုတွေရှိနေတယ်လို့ စိုးဝင်းက ပြောအပြီး မန်းလေးမှာ ကာယကံရှင်တွေကိုယ်တိုင် မဲနှိုက်ပြီး ဥပဒေနဲ့ညီအောင် လုပ်ပေးတယ်၊ ဒီလို ကာယကံရှင်တွေကိုယ်တိုင် မဲနှိုက်တာဟာ တရားပါတယ်ဆိုပြီး ဆိုက်ဝါးထည့် စိတ်ကိုလှည့်စားတဲ့အလုပ် လုပ်ပြတယ်။ သူတို့ထင်စေချင်တာက စစ်မှုထမ်းဥပဒေဆိုတာကတော့ လူတိုင်းရဲ့မွေးရာပါတာဝန်ပေါ့။ အဲဒါကို တရားမျှတမှုရှိအောင် ခုအခါမှာ စီစဉ်ပေးတာပါပေါ့။ အရင် ငွေယူ လူစားထည့်တဲ့ကောင်တချို့လဲ အရေးယူထားပါတယ်ပေါ့။ ခြိမ်းခြောက် ငွေညှစ်တဲ့ကောင်ကိုလဲ ဆွဲစိထားပါပြီပေါ့။ ပန်းနုတွေသွေးပြီး ပြေးကြိုတော့ ထွေးညိုဇာတ်ခင်းတာ။ သရေကြိုးကိုးကွင်းရဲ့ မေးကြောကြီးတင်းပြီး ပန်းနုသွေးတာကတော့ မုဒိမ်းကျင့်မယ့် ဓားပြဗိုလ်က ကြိုးနဲ့တုပ်ခံထားရတဲ့မိန်းမပျိုကို ရည်းစားစကားပြောသလိုမျိုးပါဘဲ။
တကယ်က ပထမအဆင့်အနေနဲ့ အုပ်ကြီးတို့၊ ရာအိမ်မှူးတို့၊ ထွေအုပ်တို့ ရဲတွေ စစ်ဗိုလ်တွေတို့ ပျူတွေ မဘသတွေတို့က ခြိမ်းခြောက်ငွေညှစ်ရင်း လူပြန်ပေးဆွဲတာတွေ၊ ခရီးသွားတွေကို ကားပေါ်က ဆွဲချပြီး သင်တန်းကျောင်း ပို့လိုက်တာတွေ၊ အလုပ်သွား အလုပ်ပြန် လမ်းပေါ်တင် ပျောက်သွားတာတွေ၊ အိမ်တွေထဲ ဝင်ဆွဲတာတွေ၊ နိုင်ငံခြားထွက်ခွင့်ပိတ်ထားတာတွေစလို့ နည်းမျိုးစုံ ရက်စက်တာတွေကို တမင်လုပ်ခိုင်းပြီး အင်အားသုံး စစ်သားစုလိုက်တာပါ။ အဲလိုလုပ်ခိုင်းတာဟာ သူ့လူတွေလဲငွေဖန်ပြီးရင် နောက်ဆုတ်မရ ခိုင်းသမျှ အသက်ပေးဆက်လုပ်ရမှာဖြစ်သလို လူတွေကိုလဲ ကြောက်ရွံ့တုန်လှုပ်သွားအောင် လုပ်လိုက်တာပါ။ သိပ်နာကျင်တာ ကြာလာတော့ သူတို့ထိန်းကျောင်းဖြေလျှော့ ထိန်းကွပ်စီမံပေးတာကို အသာတကြည် လက်ခံစိတ်ဝင်လာစေတာပေါ့။ စစ်မှုထမ်းဥပဒေကိုက မတရားမှုသက်သက်ပါလား၊ ကိုယ့်ပြည်သူ နှိပ်စက်ခံချင်း ပြန်နှိပ်ကွပ်သတ်ဖြတ်သူအဖြစ် လုပ်ရမှာပါလား ဆိုတာကို မေ့သွားပြီး သူ့ဘာသာ ပူးပေါင်းပါဝင်လာကြတယ်ဆိုတဲ့အချိုးကို ချိုးတာပါ။ နှစ်နှစ်လောက်ပဲ အသာတကြည် အမှုထမ်းလိုက်၊ အေးဆေးပြန်သွားလို့ရမယ် ဆိုတာမျိုးလဲ လုပ်ပြပါလိမ့်မယ်။ ဒါတွေဟာ သူတို့လုပ်နေကျ ဆိုက်ဝါးတွေပါပဲ။
ကိုယ့်ဘက်က အဲသလို အနေအထားရောက်နေသူတွေကို ဘယ်လို ဆွဲထုတ်မလဲ၊ ကိုယ်ပါ သူတို့ဂွင်ထဲဝင်သွားပြီး ချောင်ပိတ် မောင်းမသွင်းမိဖို့ လိုပါတယ်။ တခါတလေ ပိတ်မိနေသူတွေကို မာန်မဲခြိမ်းခြောက် ပြစ်တင်ရှုတ်ချ ဆက်ဆံတဲ့ ထုတ်ပြန်ချက်တွေ၊ ပြောဆိုချက်တွေ၊ ရေးသားချက်တွေ ခဏခဏ တွေ့ရပါတယ်။ တချို့တွေက တော်လှန်သူအချင်းချင်းတောင် ရန်သူထက် ဆိုးရွားတဲ့ပုံစံနဲ့ ဆက်ဆံပြောဆိုတာတွေ မမြင်ချင် မကြားချင်မှအဆုံး တွေ့နေရတော့လဲ လူထုကို နင်ပဲငဆဆက်ဆံတာဟာ မဆန်းသလို ဖြစ်နေတာပေါ့လေ။ နေရာစုံ ဘက်စုံ လူမျိုးစုံက ရပ်ခံတော်လှန်လို့ ရလာတဲ့ အောင်မြင်မှုကို တဦးတည်း၊ တဖွဲ့တည်း၊ တမျိုးတည်း ခံစား စံစား မာန်လွှားချင်တာနဲ့ နယ်မြေလုရင်း ပိုင်နက်သတ်မှတ်ရင်း အာဏာပြရင်း ဖျင်ခေါင်ကျယ်လာတာတွေလဲ စိတ်ပျက်ဖွယ် တွေ့လာရပါတယ်။ အဲဒီအပေါက်ကျယ်ထဲ ရန်သူက ထိုးသွင်းမယ့်အရေးကိုတောင် မစဉ်းစားကြတော့၊ ရန်သူနဲ့ ညှိလို့ရမယ်တောင် ထင်လာကြတာမျိုးထိ ရှိလာပါတယ်။ အချင်းချင်းသာ မဆွေးနွေးနိုင်တာ၊ ရန်သူကို သွားဖြီးပြဖို့တော့ အရန်သင့် ဖြစ်နေတာတွေလဲ မြင်မကောင်းပါ။ ရန်သူဟာ ရန်သူပီသကြောင်း မေ့မေ့သွားကြတာလဲ အံ့ဩစရာ ကောင်းလှပါတယ်။ စစ်အုပ်စုလိုပြုမူသာယာရင်း စစ်အုပ်စုရဲ့မာယာကိုပါ မေ့လာကြ မေ့ပစ်ကြပါတယ်။ ကိုယ့်ထရော်မာကို ကုစားတယ်ဆိုတာဟာ ကိုယ်ခံခဲ့ရတုန်းကလို သူများကို ပြန်လည်မလုပ်ဆောင်မိအောင် ထိန်းလိုက်နိုင်ခြင်းဘဲလို့ မသိတော့သူတွေ ဖြစ်လာကြတယ်။ အဆိုးကြော့သံသရာကို ဖန်တီးမယ့် သိမှုအမှားအဝိဇ္ဇာတွေလေ။
ခုဆို စစ်အုပ်စုဟာ ထရန့်ရဲ့ အမေရိကန် ဂရိတ် အဂိန်းကာလကို အခွင့်ကောင်းယူပြီး တရုတ် ရှရှားနိုင်ငံကြီးနှစ်နိုင်ငံအားကိုးနဲ့ နိုင်ငံတကာမျက်နှာစာကို ရွေးကောက်ပွဲလေသံပေးရင်း တက်လုံးဖို့ ကြိုးစားလာတာကို သိသိသာသာ တွေ့နေရပါတယ်။ ဒါပေမဲ့ ထိုင်းဘက်ကတော့ စစ်အုပ်စု စစ်ရှုံးနေပြီလို့ ထုတ်ဖော်ပြောဆိုလာတာက သူတို့ခြေလှမ်းကို တုံ့သွားစေပါတယ်။ ဒါဟာ သွားကြားက သွေးစီးကြောင်းကြီးနဲ့ ဘီလူးရုပ်ကို မိတ်ကပ်လိမ်းပြီး မြန်မာ့ပုံရိပ် ဖော်ဆောင်ပြချင်သူတွေအတွက်လဲ အလုပ်မဖြစ်ဘူးလို့ ပြောလိုက်တာပါဘဲ။ ဒီလိုအခြေအနေမှာ လက်နက်ကိုင်တော်လှန်နေသူတွေ အချင်းချင်း ခွေးဝမ်းသာအောင် လေလည်မပြဖို့က သိပ်အရေးကြီးပါတယ်။
ပအိုဝ်း ရှမ်းနီ ကျားဖြန့် ကရင်တွေ စစ်မှုထမ်းသစ်တွေနဲ့ လက်နက်ကြီး အားသာချက် လေတပ်အားသာချက်တွေ ပေါင်းပြီး ထုနဲ့စစ်ထိုးဖို့ ထုနဲ့ခံစစ်လုပ်ဖို့ ပြင်လာတဲ့ ခွေးတွေကို အီးနံ့ပေးပြီး အားမဖြည့်ဖို့ အရေးကြီးပါကြောင်း။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar