ရုရှားနဲ့ ဘယ်လာရုစ် က ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၀ မြင်ကွင်း
မိုးမခ၊ မတ် ၁၁၊ ၂၀၂၅
ရုရှားနဲ့ ဘယ်လာရုစ် က ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ မှာ စစ်အာဏာသိမ်းခဲ့ပြီး ရွေးကောက်ပွ ပြန်လုပ်မယ်လို့ အဲဒီအချိန်ကတည်းက ပြောဆိုခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ၂၀၀၈ အခြေခံဥပဒေအောက်က ဆိုတဲ့ အရေးပေါ် အခြေ အနေ သက်တမ်းတိုးအကြိမ်ကြိမ်လုပ်နေခဲ့ပြီး ၄ နှစ်ကျော်လာချိန်မှာ ရွေးကောက်ပွဲကျင်းပမယ် ဆိုတဲ့ အကြမ်းဖျဥ်းကာလသတ်မှတ်ချက်ကို ထုတ်ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံကို တရားဝင်အလည်အပတ် ခရီးသွားပြီးနောက် ဘယ်လာရုစ်နိုင်ငံကိုပါ ဖိတ်ကြားမှုနဲ့ဝင်ရောက်ခဲ့တဲ့ ခရီးစဥ်အတွင်း သတင်းစာရှင်းလင်းပွဲကို ဘယ်လာရုစ်နိုင်ငံခေါင်းဆောင်နဲ့တွဲပြီး လုပ်ဆောင်စဥ်မှာ ရွေး ကောက်ပွဲအကြမ်းဖျဥ်း အချိန်ဇယားကို ထုတ်ဖေါ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် ကာလနဲ့ပတ်သက်တဲ့ ဦးဦးဖျားဖျားသတင်းကို ပြည်တွင်းက လူထုထက် စစ်ကောင်စီအလေးထားတဲ့ ရုရှားလို နိုင်ငံကအပြန်မှာ ထုတ်ဖေါ်ပြောဆိုတာကိုကြည့်ရင် ပြည်ပနိုင်ငံတွေကိုသိစေချင်တဲ့ဆန္ဒနဲ့ ရုရှားနိုင်ငံရဲ့ ခရီးစဥ်ကို အောင်မြင်မှုလို့မှတ်ယူထားတဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့သဘောထားကို မှန်းဆနိုင်ပါတယ်။
ဒီခရီးစဥ်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရဲ့ပြောဆိုပြုမူတာတွေကို ကြည့်ရင်အနေနဲ့ သူ့အနေနဲ့ ရုရှားဖက်ဒရေးရှင်းရဲ့သမ္မတပူတင်ရဲ့တရားဝင်ဖိတ်ကြားမှုကို ဘယ်လောက်ထိအလေးထားသလဲဆိုတဲ့အချက် ကိုလည်း ထင်ရှားစေတာ ဖြစ်ပါတယ်။ ဒီခရီးစဥ်ကို နိုင်ငံရေးအရ ထောက်ခံမှု၊ သံတမန်ရေးအရ အသိအမှတ် ပြုမှု နဲ့ ပြည်တွင်းစစ်အတွက်လိုအပ်တဲ့ လက်နက်ခဲယမ်းနည်းပညာဆိုင်ရာစစ်လက်နက်တွေဝယ်ယူဖို့ ရည်မှန်း ချက်တွေအတွက်အသုံးပြုမှာ မလွဲဧကန်ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ပြည်တွင်းမှာထိန်းချုပ်နိုင်တဲ့ နယ် မြေတွေ ကုန်လွန်ခဲ့တဲ့တနှစ်တာအတွင်း လျင်မြန်စွာလျော့နည်းလာနေသည့်တိုင် ပြန်လည်သိမ်းယူဖို့ လေ ကြောင်းတိုက်ခိုက်မှုတွေပိုလုပ်ဖို့၊ ရုရှားသမ္မတပူတင်ရဲ့ထောက်ခံမှုနဲ့ နိုင်ငံတကာကို သံတမန်ရေးအရ ကြွားဝါဖို့ စိတ်စောနေတဲ့အသွင်သဏ္ဍာန်လည်း တွေ့ရမှာ ဖြစ်ပါတယ်။
ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတွေကို တရားဝင်သွားရောက်စဥ်အတွင်း စစ်လက်နက်ပစ္စည်းတွေအနက် ဒရုန်းနဲ့ ပတ်သက်တဲ့ပစ္စည်းနဲ့ နည်းပညာဆိုင်ရာကျွမ်းကျင်မှု၊ လေကြောင်းတိုက်ခိုက်မှုအတွက်လိုအပ်တဲ့ လေယာဥ်နဲ့ ခဲယမ်းလက်နက်စတာတွေကိုဝယ်ယူဖို့ ကြိုးစားမှာ အသေအချာဖြစ်ပါတယ်။ ခုရက်ပိုင်းသတင်းတပုဒ်မှာ နယ် ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ PNO/PNA ပအိုဝ်းနယ် မှာ ရုရှားကျွမ်းကျင်သူကိုငှားပြီး ဒေသခံ PNA တပ်ဖွဲ့ဝင်တချို့ကို ဒရုန်းနဲ့ပတ်သက်တဲ့ နည်းပညာသင်တန်းတွေ ပေးနေတယ်ဆိုတဲ့အကြောင်း ပါရှိတာတွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအစပိုင်းမှာ စစ်ကောင်စီတပ်တွေအရှုံးများခဲ့ရတဲ့အကြောင်းတချက်က ဒရုန်းစစ်ဆင်ရေးလို့ဆိုနိုင်ပါတယ်။ ဒီအခြေအနေကို ပြင်ဆင်ဖို့ စစ်ကောင်စီအနေနဲ့ ဒရုန်းအသုံးပြုဖို့ သင်တန်း၊ ပစ္စည်းကိရိယာတွေ နဲ့ လိုအပ်တဲ့လက်နက်တွေကို ယမန်နှစ်လယ်နောက်ပိုင်းကတည်းက တစိုက်မတ်မတ်ကြိုး စားနေခဲ့ရာက လတ်တလောတိုက်ပွဲတွေ စစ်မြေပြင်တွေမှာ ဒရုန်းလက်နက်တွေကိုပိုမိုအသုံးများလာတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေက ရုရှားခရီးစဥ်အတွင်း စစ်ကောင်စီဘက်က ကြိုးပမ်းနိုင်ချေရှိတဲ့ အကြောင်းအချက်တွေဖြစ်ပါတယ်။
တခြားတဖက်ကိုကြည့်ရင် မြန်မာနိုင်ငံတွင်းမှာတော့ လာမယ့် ရွေးကောက်ပွဲကို အချိန်လွန်နေတဲ့ နိုင်ငံ ရေးကျားကန်မှုတရပ်အဖြစ် အများစုကရှုမြင်ထားကြပြီး ရွေးကောက်ပွဲက စစ်ကောင်စီရဲ့နိုင်ငံရေးထွက် ပေါက်အနေနဲ့ ကူညီဖေးမဖို့ ခက်ခဲလာနေတယ်ဆိုတဲ့အမြင်တွေက ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေက ရှုမြင်ထားကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ကတော့ ရွေးကောက်ပွဲကို စစ်ကောင်စီ ရဲ့ နိုင်ငံရေးထွက်ပေါက်ရှာတဲ့ နည်းလမ်းအဖြစ်အကဲဖြတ်သလို အဆိုပါ ထွက်ပေါက်ကို ပိတ်ဆို့ဖို့ ရွေးကောက်ပွဲမဖြစ်အောင် တားဆီးဖို့ သဘောထားကြတာလည်း တွေ့ကြရပါတယ်။
NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်အချို့၊ ဒေသန္တရ PDF အချို့က ရွေးကောက်ပွဲအတွက်ရည်ရွယ်ကာ မဲပေးပိုင်ခွင့်ရှိတဲ့ လူစာရင်းကောက်ယူသူတွေကိုဖမ်းဆီးတာ ပစ်ခတ်သတ်ဖြတ်တာတွေလည်း ပြီးခဲ့တဲ့လပိုင်းတွေက သတင်းတွေထဲ ကြားသိနေကြရပါတယ်။
စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင် အချိန်ဆွဲနေခဲ့တဲ့ရွေးကောက်ပွဲက မြန်မာနိုင်ငံ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်စွမ်းမရှိတာက အသေအချာပင် ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေကို နိုင်ငံရေးပါတီအချို့က သဘောမတူသည့်တိုင် လျစ်လျူရှုကာ ပြင်ဆင်ခဲ့ခြင်း နိုင်ငံရေးပါတီတွေကိုမှတ်ပုံတင်ပြန်တင်ခိုင်းခြင်းနဲ့ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေကို ဖမ်းဆီးထောင်ချခြင်း၊ အသက်သေဆုံးတဲ့အထိ တရားဥပဒေမဲ့ နှိပ်စက်ညှင်းပန်းမှုတွေ အောက်မှာ ရွေးကောက်ပွဲကျင်းပခြင်းဟာ ဘယ်နည်းနဲ့မှ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ပါဘူး။
ရွေးကောက်ပွဲကို ၁ နှစ်ပြီး ၁ နှစ် အချိန်ဆွဲလာတဲ့အာဏာသိမ်းစစ်ခေါင်းဆောင်ကို အိမ်နီးချင်းတရုတ်နိုင်ငံ အနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့အပေးအယူနဲ့ တိုက်တွန်းခဲ့တဲ့အနေအထားလို့ မှတ်ယူရပြီး တရုတ်နိုင်ငံရဲ့ ပူး ပေါင်းဆောင်ရွက်မှု၊ ကူညီမှုကိုလိုချင်ရင် ရွေးကောက်ပွဲကို တတ်နိုင်သမျှ စောလျင်စွာကျင်းပဖို့ တရုတ်နိုင်ငံက တိုက်တွန်းခဲ့တဲ့အနေအထားဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ရွေးကောက်ပွဲကျင်းပကာ နာမည်မကောင်းတော့တဲ့ စစ်ခေါင်းဆောင် အနားယူဖို့ လိုလားလိမ့်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာဒီမိုကရေစီရှိရေး မရှိရေးထက် အာဏာချိန်ခွင်လျှာ စစ်ရေးချိန်ခွင်လျှာ ကြီးကြီးမားမား အပြောင်းအလဲမဖြစ်စေချင်တာက တရုတ်အစိုးရရဲ့ လိုလားချက် ဖြစ်ပါလိမ့်မယ်။
ရုရှားအနေနဲ့ကတော့ မြန်မာနိုင်ငံဟာ သူ့ရဲ့အိမ်နီးချင်းလည်း မဟုတ်တာကြောင့် တရုတ်နိုင်ငံလို အကျိုး စီးပွားမကြီးတာ အသေအချာဖြစ်ပါတယ်။ သံတမန်ရေးအရ အရှေ့တောင်အာရှမှာ မဟာမိတ် နိုင်ငံတနိုင်ငံ၊ စစ်လက်နက် ပစ္စည်းရောင်းချနိုင်တဲ့ နိုင်ငံတနိုင်ငံအနေအထားမျိုးသား ရည်မှန်းချက် ရှိမှာဖြစ်ပါတယ်။
ရုရှားခရီးစဥ်အပြီး ထူးခြားတဲ့အချက်တချက်ကတော့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း နေပြည် တော်ကိုလာရောက်ခြင်း ဖြစ်ပါတယ်။ ရုရှားနဲ့ ဘယ်လောက်ထိ ရင်းနှီးခဲ့လဲဆိုတာကို လာရောက်စနည်းနာတဲ့ ရည်ရွယ်ချက်ဆိုတာတော့ အတိအကျမပြောနိုင်သော်လည်း ဖြစ်နိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar