Breaking News

ကိုသန်းလွင် - ၀က်၏ နှလုံးဖြင့် အစားထိုးကုသခြင်း



ကိုသန်းလွင် - ၀က်၏ နှလုံးဖြင့် အစားထိုးကုသခြင်း

မိုးမခ ၊ မတ် ၂၉ ၊ ၂၀၂၅

(၁)

ဝစ်ကိုစင် ပြည်နယ်တွင် ဧက ၃၀၀ ကျော် ကျယ်ဝန်းသည့် ပန်းများပွင့်နေသည့် ခြံစည်း ရိုးဖြင့်ကာရံထား သော ဝင်းကြီးအတွင်း၌အရေးကြီးသည့်ဝက်ကောင်ပေါက်ကလေးများကို မွေးမြူ ထားပါသည်။ ၎င်းတို့ကိုနံဘေးမှ ဗိုင်းရပ်ပိုးများမဝင်နိုင်အောင် C-Section ဖြင့် ဗိုက်ခွဲမွေးထားပြီး နို့ပုလင်းများဖြင့် နို့တိုက်ရပါသည်။ သူတို့ကို နွေးထွေးသော အလင်းရောင်အောက်တွင် နွေးထွေးစွာ ထားရှိပြီး ၂၄ နာရီ ဘေးရန် မခရအောင် ကာကွယ်စောင့်ရှောက်ထားပါသည်။ အာဟာရဖြစ်စေရန် အကောင်းဆုံး အစားအစာများဖြင့် ကျွေးမွေးစောင့်ရှောက်ထားသည် ဟု ဆိုနိုင်ပါသည်။

သူတို့ကို အခြားဝက်များကဲ့သို့ အပြင်ထွက်ပြီး ဖုန်ထဲတွင် ကစားခွင့်မပြုထားပါ။ သူတို့ကို ကလုံး (Clone) နည်းဖြင့် ပေါင်းစပ်မွေးမြူခြင်း ဖြစ်ပြီး သူတို့ ဖွဲ့စည်းပုံမှာ ရိုးရိုးဝက်များကဲ့သို့ ကြံ့ခိုင်ခြင်းမရှိဟု ဆိုနိုင်ပါသည်။ ကလုံး နည်းအပြင် (Gene editing) နည်းဖြင့် မွေးရသော သူတို့ခန္ဓာကိုယ်ဝယ် လူတို့နှင့် အင်္ဂါများ အစားထိုးကုသနိုင်သော ကျောက်ကပ်၊ နှလုံး၊ အသည်းနှင့် အခြားအင်္ဂါများကို လူတို့ လိုအပ်သလို အသင့်ရှိစေရန် မွေးမြူထားပါသည်။

(၂)

သူတို့၏ အောင်မြင်မှုသည် သူတို့ကို မွေးမြူသည့် ကုမ္ပဏီများကို ချမ်းသာကြွယ်ဝစေနိုင်လိမ့်မည် ဖြစ်သည်။ သည်။ ကိန်းဘရစ်တွင် အခြေခံသော eGenesis ကုမ္ပဏီနှင့်ဗာဂျီနီးယားတွင်အခြေခံသော Blacskburg ကုမ္ပဏီ တို့ ဖြစ်သည်။

နှစ်စဉ် လူပေါင်း ၁၀၀,၀၀၀ ကျော်တို့သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်း အလှူရှင်များကို စောင့်ဆိုင်းနေကြသည်။ အများအားဖြင့် အစားထိုး ကုသကြရသည်မှာ ကျောက်ကပ် ဖြစ်သည်။ ခန့်မှန်းခြေ ၂၅,၀၀၀ မျှသော ကျောက်ကပ်များမှာ အလှူရှင်များ ထံမှနှစ်စဉ်ရပါသည်။ လူနာ ၁၂ ဦးခန့်မှာ နေ့စဉ်နေ့တိုင်း စောင့်ဆိုင်းရင်း သေ သေနေကြရသည်။

သိပ္ပံပညာရှင်များသည် ပထမ ထိုအင်္ဂါအစိတ်အပိုင်းများကို တိရစ္ဆာန်အချင်းချင်းသို့ ကူးပြောင်း စမ်းသပ်ကြသည်။ နောက်ထပ်မံ၍ ဦးနှောက်သေနေပြီးဖြစ်သော လူနာသို့ အစားထိုးကုသရပါသည်။ 

၂၀၂၂ ခုနှစ်တွင်အခြား ရောဂါဝေဒနာဖြင့် အလွန်မကျန်းမမာဖြစ်နေသူများသို့ ပြောင်းလဲကုသခွင့်ပြုခဲ့ပြီး ယမန်နှစ်ကမူ ကျန်းမာနေသော လူများသို့ အစားထိုး ကုသခွင့်ပြုခဲ့သည်။ ယခုအခါ၌မူ ဆေးခန်းများ၌ လူကောင်းများကို တိရစ္ဆာန်၏ ခန္ဓာကိုယ် အစိတ်အပိုင်းဖြင့် အစားထိုး ကုသနေကြပြီ ဖြစ်သည်။

ဤအခြေအနေကို စဉ်းစားကြည့်ပါ။ သင့်ကျောက်ကပ်သည် တနေ့တွင် ပျက်စီးလိမ့်မည်။ သင့်ကို ဝက်၏ ကျောက်ကပ်က အဆင်သင့်စောင့်နေသည်။ သင်သည် နေ့စဉ် သွေးသန့်စင်ခြင်း ဒိုင်ယာလစ်စစ် (dialysis) လုပ်ရတော့မည် မဟုတ်။ ထို့ကြောင့် စိတ်ဆန္ဒအရ ရှေ့သို့တိုးသွားရန်သာ အကြောင်းရှိပါသည်။ နှစ်စဉ် ထောင်နှင့်ချီ၍ ကျောက်ကပ်ကို စောင့်ရင်း လူတို့ သေဆုံးနေကြရာ ဝက်၏ ခန္ဓာအစိတ်အပိုင်းနှင့် အစားထိုးခြင်းမှာ သိသာသော ရွေးစရာ ဖြစ်နေသည်။ အချို့ကလည်း တိရစ္ဆာန်၏အသက် ပါနေခြင်းကြောင့်ပို၍ လှူဒါန်းသော လူများလာအောင် သာ ဆောင်ရွက်သင့်ကြောင်း အကြံပြုကြပါသည်။

တိရစ္ဆာန်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းနှင့် အစားထိုးကုသခြင်းတွင် ဤအန္တရာယ် များရှိသည်။ လူကိုဘေး ဥပါဒ်ဖြစ်စေသော ပက်သိုဂျင် (Pathogen) ပါရှိရာ ၎င်းသည် အန္တရာယ်ရှိသော ဗိုင်းရပ်များဖြစ်ပြီး လူကို ဒုက္ခပေးနိုင်ပါသည်။ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ကူးသွားပြီးဆိုလျှင် လူကို ဆိုးကျိုးဖြစ်စေနိုင်ပါသည်။ ထို လက္ခဏာများ ပြသရန်မှာ မြန်ဆန်ပြီး တချို့မှာမူ အချိန်ကြာမြင့်လှကာ တခါတရံ ၁၀ နှစ်၊ အနှစ် ၂၀ အထိကြာမြင့် မှ ပေါ်လာတတ်သည်လည်း ရှိပါသည်။

အစိတ်အပိုင်းကို ပြောင်းထည့်ပြီးမှဤသို့ရောဂါကူးသွားခြင်းမှာအချိန်မရွေး ဖြစ်နိုင်ပါသည်။ ယခုအချိန်ထိတော့ ဤသို့ ပြောင်းလဲကုသခြင်းကြောင့် မည်မျှ ကုန်ကျမည်ကို မသိရသေးပါ။ သို့သော် ဒိုင်ယာလစ်စစ်နည်းဖြင့် တနေ့ တကြိမ် (သို့) နှစ်ရက်လျှင်တစ်ကြိမ် ကျောက်ကပ် ဆေးနေရသူများအဖို့ ဘဝသည် နဂိုအတိုင်း ပုံမှန် ဖြစ်စေရန် လမ်းစပေါ်လာပြီ ဖြစ်သည်။ အချို့ကလည်း ဤသို့ ပြောင်းလဲခြင်းမှာ ရင်ဆိုင်ရမည့် အန္တရာယ်များကို ဂရုမစိုက်နိုင်ဘဲ ထိုက်တန်သည်ဟု ယူဆနေကြသည်။

သိပ္ပံပညာရှင်များသည် ဂျင်း ကို ပြုပြင်ထားပြီး ကလုံး လုပ်ထားသော ဝက်၏ အင်္ဂါကို ပို၍ သဘောကျသည်။ မျောက်ဝံများ ချင်ပန်ဇီများ၏ အင်္ဂါများကို မကြိုက်နှစ်သက်ပေ။ အဘယ်ကြောင့်ဆိုသော် ဝက်ကို မွေးမြူရ သည်မှာ ၆ လအတွင်း အကောင်သည် ကြီးထွားပြီး ကောင်းမွန်သောအင်္ဂါများကို ရနိုင်၍ ဖြစ်သည်။ အရွယ်အစားမှာလည်း လူ၏အင်္ဂါအစိတ်အပိုင်း အရွယ်အစားပင် ဖြစ်သည်။ 

eGenesis မှ ပညာရှင်များသည် ဝက်၏ အင်္ဂါကို Macaque မျောက်များသို့ ပြောင်းလဲ ကုသကြည့်ကြသည်။ ထိုအချိန်အထိ လူသားတို့တွင် အလုပ်လုပ်မည်ဟု မသေချာသေးပါ။ ၂၀၂၁ ခုနှစ်တွင် ဦးနှောက်သေနေပြီး အသက်ရှူစက်ဖြင့် အသက်ရှင်နေသည့် ဝေဒနာရှင်ကို လူနာရှင် မိသားစု၏ သဘောတူညီမှုဖြင့် အစားထိုး ကုသကြည့်သည်။ လူ့ခန္ဓာကိုယ်က အစိတ်အပိုင်းအသစ်ကို မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်ကြသည်။ 

ဤကဲ့သို့ အစားထိုးကုသခြင်းအတွက် ဒေါက်တာ စတားဇီး (Dr. Thomas Srarzel) ကို ခွဲစိတ်ကုသမှု၏ ဖခင်ဟု ခေါ်ကြသည်။ သူသည် ၂၀၁၇ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည်။ သူ့ကို ဆက်ခံသူနှစ်ဦး ရှိသည်။ 

တစ်ဦးမှာ ဒေါက်တာ မောင့်ဂိုမာရီ (Dr. Robert Montgomary) သည် နယူးရော့မြို့မှ ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်က နှလုံးအစားထိုးခြင်းဖြင့် အသက်ရှင်နေရသူ ဖြစ်သည်။ သူသည် (Revivicor Pig) ရီဗိုက်ကာ ဝက် မှ ဂျင်းတစ်ခုကို ဖယ်ထုတ်ကာ ဝက်၏ Thymus gland ကိုပါ ထည့်ပေးခြင်းဖြင့် အစားထိုးကုသခဲ့ သည်။ ဂျင်းတစ်ခုကို ထုတ်ခြင်း သိုင်းမတ်ဂလင်းကို ထည့်ပေးခြင်းတို့မှာ လူ၏ ကိုယ်ခန္ဓာ၏ ကိုယ်ခံအားနှင့် လိုက်လျောမှုရှိစေရန် ဖြစ်ပါသည်။ 

နောက်တစ်ဦးမှာ ဂျေမီလော့ (Dr. Jayme Locke) ဖြစ်ပြီး အယ်လဘားမား တက္ကသိုလ်မှဖြစ်ကာ ဒေါက်တာ မောင့်ဂိုမာရီထံမှ ခွဲစိတ်နည်းပညာကို သင်ယူခဲ့သည်။ သူကလူ၏ ဂျင်း ၆ ခု ပေါင်းထားသည့်ဝက်မှ ကျောက်ကပ် ကို ယူ၍ အစားထိုးကုသခဲ့သည်။ အစားထိုးပြီးသည်နှင့် လူနာသည် လူတို့ ပြုမူလေ့ရှိသည့်အတိုင်း ပြုမူတော့ သည်။ ကျင်ငယ်ရေ ဖြစ်ထွန်းရန်အတွက် သွေးအတွင်းမှ Creatinine ကို စုပ်ယူပြီး လူကိုယ်ခန္ဓာမှ စွန့်ထုတ် ခြင်းဖြစ်ပါသည်။

၂၀၂၂ ခုနှစ်တွင် အသက် ၅၇ နှစ်ရှိပြီး မာရီလင်းမှ လူနာမှာ ပထမဆုံး ဝက်မှရသည့် နှလုံးဖြင့် အစားထိုးကုသခံရသူ ဖြစ်လာပါသည်။ မစ္စတာဘဲနက် (David BenniH) မှာ နှလုံးအခုန် ပုံမမှန်တော့သဖြင့် နှလုံးနှင့် အဆုတ်အစားထိုးစက်များဖြင့် ဆက်သွယ်ကာ အသက်ရှင်နေထိုင်ရသည်။ သူ့ကို ဆေးကုသစရာနည်းလမ်း မရှိတော့ သဖြင့် နောက်ဆုံးတွင် ဝက်၏နှလုံးဖြင့် အစားထိုးကုသလိုက်ရသည်။ ကုသပြီးလျှင်ပြီးချင်း နှလုံးမှာစပြီး ခုန်လာ သည်။ သူ၏ ခုခံအားများက နှလုံးအသစ်ကို လက်မခံသဖြင့် ခွဲစိတ်ပြီး နှစ်လအကြာတွင် သေဆုံးခဲ့သည်။ သူသည် နှလုံးခုန်မမှန်သဖြင့် သေဆုံးရခြင်းဖြစ်ပြီး သူ ခုခံမှု အားကောင်းအောင်လည်း ဆေးများကို မသွင်းနိုင်ခဲ့ပေ။ 

 ၂၀၂၃ ခုနှစ်တွင် သေလောက်အောင် ရောဂါခံစားနေရသူ လူနာတစ်ဦးမှာ ဝက်၏ နှလုံးဖြင့် အစားထိုး ကုသခဲ့ပြန်သည်။ မစ္စတာဖေါ့ဆက် (Faucette ၅၈ နှစ်) မှာခွဲစိတ်ပြီး ၆ ပတ်မျှသာ အသက်ရှင် နေထိုင်ခဲ့ရသည်။ လူနာနှစ်ဦးစလုံးမှာ ခန္ဓာကိုယ်၏ ခုခံအားစနစ်က နှလုံးသားအသစ်ကို လက်မခံခဲ့ခြင်း မဟုတ်ပေ။ အခြားသော အကြောင်းများနှင့် အသက်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

အသက် ၅၃ နှစ်အရွယ်ရှိ မစ္စလုံးနှေး (Towana Looney) မှာ လူသားအချင်းချင်း၏ ကျောက်ကပ်ကို လက်မခံသည့် အင်တီဘော်ဒီများ ရှိနေသည်။ ထို့ကြောင့် ဝက်၏ ကျောက်ကပ်နှင့် အစားထိုးကုသရန် ဆုံးဖြတ် ခဲ့ကြသည်။ ကျောက်ကပ်အသစ်မှာ သူ့ဘဝကို အကြီးအကျယ်ပြောင်းလဲပစ်လိုက်သည်။ သူသည် နေ့စဉ် ဒိုင်ယာလစ်စစ်လည်း လုပ်ရန်မလိုတော့ပေ။ အပေါ့သွားခြင်း အလုပ်ကိုလည်း ပုံမှန်ဖြစ်ပြီး လုပ်နိုင်လာခဲ့သည်။ သွေးဖိအားလည်း ကောင်းမွန်ပြီး မအီမသာလည်း မဖြစ်တော့ပေ။ ထမင်းကို ပြန်လည် စားသောက်နိုင်လာပြီး လမ်းကို လေး ငါးမိုင်အထိ ပြန်လည်လျှောက်နိုင်ခဲ့သည်။ ယခုအခါ ခွဲစိတ်ခဲ့သည်မှာ သုံးလကျော်လာခဲ့ပြီး သူ့နေရပ်သို့ ပြန်သွားနိုင်ခဲ့သည်။

(၃)

အမေရိကန်ပြည်သည် နှစ်စဉ် ဝက်အကောင်ရေ သန်း ၁၅၀ ကျော်ကို အိမ်တွင်း မီးဖိုချောင်အတွက် သတ်ဖြတ်နေရပါသည်။ ထို့ကြောင့် လူတွင် အသုံးပြုရန်အတွက် ကလုံး လုပ်ခြင်း၊ အင်္ဂါရပ်များ ထုတ်ယူခြင်း အတွက် စိတ်မသိုးမသန့်ဖြစ်စရာ အကြောင်းမရှိဟုလည်း ယူဆကြသည်။ ဝက်များ အသက်သေရခြင်းမှာ မကောင်းသော်လည်း ဤဖြစ်ရပ်များက ကမ္ဘာကြီးကို ပြောင်းလဲစေသည်မှာလည်း အထင်အရှားပင် ဖြစ်ပါသည်။

ကိုသန်းလွင်

Ref: Hope arrives on tiny hooves by RoniRabin NY Times March 15.2025.




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar