Breaking News

ပြည်တွင်းစစ်ကာလအတွင်း ဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ မြန်မာနိုင်ငံ

မြန်မာနွေဦးခရိုနီကယ် - မတ် ၂၈ မြင်ကွင်း

မိုးမခ၊ မတ် ၂၉၊၂၀၂၅


ပြည်တွင်းစစ်ကာလအတွင်း ဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ မြန်မာနိုင်ငံ

ထိုင်နေသည့် ကုလားထိုင်က အနည်းငယ်ယိမ်းထိုးသလို ခံစားရသည့် အဖြစ်ကြောင့် စိတ်က အမှတ်မှားတာလား ငလျင်ပဲ လှုပ်တာလားဆိုသည့် အတွေးပေါ်လာကာ အခန်းတံခါးရွက်ကို ကြည့်လိုက်သည့်အခါ အခန်းတံခါးရွက်က ဘယ်ညာ ယမ်းခါနေသည်ကိုတွေ့ရတာကြောင့် ငလျင်တော့လှုပ်နေပြီ ဆိုသည်မှာ သေချာသွားပါတယ်။ ဖြေးဖြေးချင်း အင်အားပြင်းလာပြီး ယိမ်းထိုးနေသည် အိမ်က ဘေးတိုက် ယိမ်းနေသည်ကို မြင်တွေ့ရပါတယ်။ အိမ်ရှေ့ လမ်းပေါ်ရပ်ထားသည့် ထရပ်ကားက ရှေ့နောက် ယိမ်းကာ ဘီးတွေရှေ့တိုးလိုက် နောက်ငင်လိုက်ဖြစ်နေပြီး အိမ်ရှေ့က သစ်ပင်တွေ ယိမ်းထိုးနေကြတာတွေ့ရပါတယ်။ မိနစ်ဝက် တမိနစ်နီးပါး ကြာမြင့်သည့် ငလျင်က ယခင်ကြုံဖူးသည့် ငလျင်တွေထက်ကို ကြာရှည်စွာ လှုပ်ခတ်နေတာကို တွေ့ရပါတယ်။ 

မိနစ် အတန်ကြာမှာတော့ ဖုန်းမျက်နှာပြင် လူမှုကွန်ရက်မီဒီယာတွေမှာ ငလျင်နဲ့ပတ်သက်တဲ့ သတင်းတွေ စတင်ပေါ်ထွက်လာခဲ့ပါတယ်

မြန်မာနိုင်ငံ အနှံ့အပြားမှာ စစ်ပွဲတွေဖြစ်ပွားပြီး လူထောင်သောင်းချီ ထိခိုက်သေဆုံးနေကြရသလို ကျေးရွာတွေ၊ မြို့တွေလည်း လက်နက်တွေနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးနေကြရချိန်မှာ နှစ်တရာဝန်းကျင်မှာ တကြိမ်လောက် ဖြစ်ပျက်လေ့ရှိတဲ့ ပြင်းထန်တဲ့ ငလျင်အန္တရာယ်က မတ်လ ၂၈ ရက်နေ့ နေ့လယ်ခင်း မြန်မာစံတော်ချိန် ၁၂ နာရီ မိနစ် ၅၀ မှာ ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ အဆောက်အဦပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့မြို့တွေက  မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ကျောက်ဆည်၊ ပျဥ်းမနား၊ နေပြည်တော်၊ တောင်ငူ၊ အောင်ပန်း၊ ရမည်းသင်း၊ ဝမ်းတွင်း တို့ဖြစ်ပါတယ်။ အဆိုပါ မြို့တွေအနက် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် တို့က ထိခိုက်မှု အများဆုံးမြို့တွေလို့ ဆိုနိုင်ပါလိမ့်မယ်။ ငလျင်လှုပ်ခတ်တာနဲ့ ပတ်သက်ပြီး ငလျင်တိုင်းတာရေး စခန်းတွေက ပထမဆုံး သတင်း ပေါ်ထွက်လာတာကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသကို ဗဟိုပြုပြီး မက်ဂနီကျု့ ၄.၉ ပြင်းအားရှိတဲ့ ငလျင်လို့ ဆိုပါတယ်။ အဲဒီမိနစ်ပိုင်းအတွင်း မန္တလေးမြို့အနီးကို ဗဟိုပြုတယ်ဆိုတဲ့ ငလျင်နဲ့ ပတ်သက်တဲ့ သတင်းပေါ်ထွက်မလာသေးပါဘူး။ ရှမ်းအရှေ့ မှာ ဗဟိုပြုတဲ့ ငလျင်ကြောင့် မန္တလေးမှာလည်း ရိုက်ခတ်တယ်လို့ ယူဆနေချိန်မှာ နောက်ဆက်တွဲ ငလျင် အချက်အလက်ထွက်ပေါ်လာတာက ငါန်းဇွန် အနီးကို ဗဟိုချက်ပြုပြီး မဂ္ဂနီကျု့ ၇.၇ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ် ဆိုတဲ့ သတင်းက နောက်ဆက်တွဲ သိရှိရပါတယ်။ 

ငလျင်ပြင်းအား ၇.၇ ဟာ အပျက်အစီး နဲ့ အသေအပျောက် များပြားမယ်ဆိုတာ မှန်းဆနိုင်တဲ့ ပြင်းအားပမာဏ ဖြစ်ပါတယ်။ အဲဒီနောက် အဲဒီပြင်းအားလောက် မရှိပေမယ့် အတော်ပြင်းထန်တဲ့ ဆက်စပ်နေတဲ့ ငလျင်တွေက ပျဥ်းမနားမြို့အနီး တနေရာကို ဗဟိုပြု လှုပ်ခတ်ခဲ့သလို ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်အနီးက နေရာကိုလည်း ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ သတင်းတွေ အရသိရှိရပါတယ်။ 

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ ဟိုတယ်ပြိုကျနေတဲ့ မြင်ကွင်းကိုကြည့်ပြီး စိတ်လှုပ်ရှားနေတဲ့ ခံစားချက်နဲ့ ပြောပြနေတဲ့ စက္ကန့်ပိုင်းကြာမြင့်တဲ့ ဗီဒီယိုဖိုင်၊ ၃ ထပ်တိုက် ၄ ထပ်တိုက် ဘေးတိုက်ပြိုလဲနေတဲ့ မန္တလေးမြို့က မြင်ကွင်း၊ ကလေးငယ်ကို ချီပွေ့ပြီး လမ်းတဖက်ကမ်းကို ကူးလာတဲ့ မိခင်နဲ့ ဖခင် နောက်ခံမြင်ကွင်းမှာ ရုတ်တရက် ပြိုကျသွားတဲ့ ၄/၅ ထပ်မြင့်တဲ့ တိုက်အဆောက်အဦနဲ့ ငိုကြွေးသံတွေ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း အထပ် ၂၀ ဝန်းကျင် ဆောက်လုပ်လို့ မပြီးသေးတဲ့ တိုက်တလုံး စက္ကန့်ပိုင်းအတွင်း အပေါ်ကနေ အောက်ထိ ပုံကျသွားစေတဲ့ အထိ ပြိုကျတဲ့မြင်ကွင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်က မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့ သောက ငိုကြွေးမှုမြင်ကွင်း၊ ပျဥ်းမနား၊ နေပြည်တော်၊ တောင်ကြီး စတဲ့မြို့တွေမှာ လမ်းတွေအက်ကွဲတွန့်ခေါက်နေပြီး အဆောက်အဦတွေ ကွဲအက်နေတဲ့ မြင်ကွင်းတွေ၊ ပြိုကျနေတဲ့ နေအိမ်တွေ၊ အဆောက်အဦတွေက လူမှုကွန်ရက်မီဒီယာပေါ် တခုပြီးတခု ပေါ်ထွက်လာကြပါတယ်။ 

မန္တလေးမြို့ ရိုးပြိုကျနေတဲ့ သတင်းဓါတ်ပုံ၊ ဒုတိယ ကမ္ဘာစစ်ပြီးနောက် ဂျပန်နိုင်ငံရဲ့ စစ်လျော်ကြေး အဖြစ် ဆောက်လုပ်ပေးတဲ့ စစ်ကိုင်းနဲ့ မန္တလေးဘက်ကို ဆက်သွယ်ထားတဲ့ အင်းဝ တံတား ပြိုကျတဲ့မြင်ကွင်း တံတားဂုံးတွေ တံတားတိုင်ပေါ်ကပြုတ်ကျပြီး ဧရာဝတီမြစ်ထဲ တပိုင်းစီကျနေတဲ့ မြင်ကွင်း နဲ့ ရေတွေ စင်ထွက်နေတဲ့ မြင်ကွင်းတွေလည်း တွေ့ကြရပါတယ်။ 


ငလျင် လှုပ်ခတ်မှုတွေ ဖြစ်ပွားပြီး နာရီအတန်ကြာသည့်တိုင်အောင် ထိခိုက်သေဆုံးမှု ခန့်မှန်းချက်တွေ ပေါ်ထွက်လာခြင်း မရှိသေးတာတွေ့ရမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ကူညီကယ်ဆယ်ရေး လှုပ်ရှားမှုတွေ လမ်းတွေပေါ် မတွေ့မမြင်ရပါဘူး။ ငလျင်လှုပ်ချိန်မှာ လဲကျထားတဲ့  ဆိုင်ကယ်တွေ လမ်းတွေပေါ် ဟိုနား သည်နား တုံးလုံးလဲနေသလို အချို့လည်း ဆိုင်ကယ်မှောက်တာကြောင့် ဒဏ်ရာရထားကြသလို ယူဆရပါတယ်။ 

ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ကူညီကယ်ဆယ်ရေးတွေ ကို အာဏာသိမ်း စစ်အစိုးရက ထိရောက်စွာ မလုပ်နိုင်တာလည်း တွေ့ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က နေပြည်တော်မှာ ထိခိုက်ပျက်စီးမှုတွေ ကယ်ဆယ်ရေး လုပ်ဆောင်တာတွေကို လိုက်လံကြည့်ရှုတဲ့ သတင်းတွေ ၄င်းတို့ကို ထောက်ခံရေးသားတဲ့ သတင်းဌာနအချို့မှာ ဖော်ပြထားကြတာ နောက်ပိုင်းမှာ တွေ့ရပါတယ်။ ထိခိုက်မှုအဆိုးရွားဆုံးဖြစ်တဲ့ မန္တလေးမြို့ မှာတော့ စစ်ကောင်စီရဲ့ ကူညီကယ်ဆယ်ရေးတွေ သိသိသာသာ မတွေ့ကြရသေးပါဘူး။ 

နေပြည်တော် ဧလာလေယာဥ်ကွင်းက လေကြောင်းထိန်းသိမ်းရေး မျှော်စင် အဆောက်အဦ ထက်ပိုင်းကျိုးကျတာကြောင့် မျှော်စင်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ လေကြောင်းထိန်းသိမ်းရေးက ဝန်ထမ်းတွေ သေဆုံးကြတဲ့ သတင်းလည်း ပေါ်ထွက်လာပါတယ်။ 

မန္တလေးမြို့မှာ မန္တလေးတက္ကသိုလ်ထဲ ငလျင်လှုပ်ခတ်ပြီးနောက် မီးလောင်နေတဲ့ မြင်ကွင်းလည်း ပေါ်ထွက်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် က အဆောက်အဦတွေလည်း ပြိုကျပျက်စီးခဲ့သလို ဘာသာရေး အဆောက်အဦတွေ အနက် မစိုးရိမ်တိုက်သစ်က သံဃာတွေ စာဖြေနေတဲ့ အုတ်အဆောက်အဦ ပြိုကျတာကြောင့် သံဃာတွေ ထိခိုက်ဒဏ်ရာရတာ၊ အသက်ဆုံးရှုံးတာတွေ ရှိနိုင်ကြောင်း သတင်းတွေ တက်လာတာ တွေ့ရပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်စောင့်တဲ့ နောက်ဆုံးသီတင်းပတ် ရဲ့ ဝတ်ပြုချိန် သောကြာနေ့မွန်းလွဲပိုင်းမှာ ငလျင်လှုပ်တာကြောင့် မန္တလေးမြို့က ရွှေဘုန်းရှိန် ဗလီပြိုကျပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး ညပိုင်းမှာတော့ လူမှုကွန်ရက်မီဒီယာပို့စ်တခုမှာ သေဆုံးသူ ၁၂၀ ထိရှိနေပြီဆိုတဲ့ သတင်းလည်း ပေါ်ထွက်လာတာ ဖတ်ရှုရပါတယ်။ 

မန္တလေးမြို့က အထပ် ၁၁ ထပ်ရှိတဲ့ စကိုင်းဗီလာကွန်ဒို အောက်ပိုင်း ၄ ထပ်က မြေကြီးထဲ မြုပ်သွားတယ်လို့ ဆိုပြီး ၇ ထပ်သာ ကျန်တော့တယ်လို့လည်း ရေးသားဖော်ပြထားကြပါတယ်။ အဆိုပါ ကွန်ဒိုတခုတည်းတင် သေဆုံးမှုဘယ်လောက် ရှိမလဲ အတိအကျ မသိရှိကြရသေးတဲ့ အနေအထားဖြစ်ပါတယ်။ 

၂၈ ရက်နေ့ ညပိုင်းမှာတော့ စစ်ကောင်စီက ထုတ်ပြန်ကြေညာတဲ့ သတင်းအချက်အလက်တွေမှာ အတည်ပြုနိုင်ပြီဖြစ်တဲ့ သေဆုံးသူ ၁၄၄ ဦးရှိတယ်လို့ကြေညာပါတယ်။ မန္တလေးမြို့က သေဆုံးသူ အရေအတွက်ထက် နေပြည်တော်၊ ပျဥ်းမနား၊ ကျောက်ဆည်တို့က အရေအတွက်တွေက ပိုများနေတာတွေ့ရ တာကြောင့် မန္တလေးမြို့ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ကယ်ဆယ်ရေးလည်း ကောင်းစွာမလုပ်နိုင်သေးသလို သတင်းအချက်အလက်လည်း မရရှိသေးတာ လို့ ကောက်ချက်ချရမှာပါ။ 

သေဆုံးသူ အရေအတွက်တွေ အခုပမာဏထက် ဆယ်ဆမက မြင့်တက်လာနိုင်သလို ဒဏ်ရာရသူ၊ လူနေအိမ်၊ အများနဲ့ သက်ဆိုင်တဲ့ ဆေးရုံ၊ ကျောင်း၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ထိခိုက်ပျက်စီးမှုပမာဏတွေက အခုချိန်မှာ မတွက်ချက်နိုင်သေးပေမယ့် ပြည်တွင်းစစ်ကြောင့် ချွတ်ချုံကျနေတဲ့ မြန်မာနိုင်ငံကို ကြီးမားတဲ့ ထိုးနှက်မှုတခု ဖြစ်စေမှာ မလွဲမသွေဖြစ်ပါတယ်။ 

ဒီလို အချိန်အခါကာလမှာ  လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အဆိုပါ ပဋိပက္ခကို ဖြစ်ပေါ်စေတဲ့ နိုင်ငံရေး သဘောထားကွဲလွဲမှု ဆန့်ကျင်ဘက်ဖြစ်မှုတွေကို ညှိနှိုင်းကြဖို့ အခွင့်အလမ်း တခုအဖြစ် အချို့သော နိုင်ငံရေးသမားတွေက တိုက်တွန်းနေကြပါတယ်။ 

သဘာဝဘေးအန္တရာယ်ကြောင့် ထပ်မံထိခိုက်ခံစားရမယ့် လူထုကို ငဲ့ကွက်ပြီး ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေ စကားပြောဆိုကြဖို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီလိုမျှော်လင့်ချက် အလင်းရောင်က မှေးမှိန်နေဆဲဖြစ်တာလည်း တွေ့မြင်နေရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar