လှကျော်ဇော - တော်လှန်ရေးကို ဘဝပေးတာဝန်အဖြစ် ခံယူပြီး အောင်ပွဲအထိ ချီတက်ကြ
တော်လှန်ရေးကို ဘဝပေးတာဝန်အဖြစ်ခံယူပြီး အောင်ပွဲအထိ ချီတက်ကြ
လှကျော်ဇော
မိုးမခ၊ မတ် ၄ ၊ ၂၀၂၅
ဗိုလ်နေဝင်းရဲ့ မဆလ အစိုးရခေတ် (၁၉၆၂-၁၉၈၈) အတွင်းကပေါ်ပေါက်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေးအရေး တော်ပုံများ (၁၉၇၄- ၇၅- ၇၆---) အပြီးမှာ အဲဒီအရေးတော်ပုံအတွင်း ပါ၀င်လှုပ်ရှားခဲ့သူများနဲ့ တခြား မကင်း ရာမကင်းကြောင်း အများအပြားဟာ အဲဒီကာလက အစိုးရကို အဓိကလက်နက်ကိုင်တော်လှန်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရှိရာ အရှေ့မြောက်ပန်ဆန်းကို ရောက်ရှိလာကြပါတယ်။
ထို့အတူ (၁၉၈၈) ရှစ်-လေးလုံး အရေးတော်ပုံကြီးအပြီးမှာလည်း ဒီလိုပဲ လက်နက်ကိုင်တော်လှန်ရေးအုပ်စု အသီးသီးဆီ ရဲဘော်သစ်များ အများအပြား ရောက်ရှိလာခဲ့ပါတယ်။ တချို့အဖွဲ့အစည်းသစ်များ (ဥပမာ- ကျောင်းသားတပ်မတော်) လည်း ပေါ်ပေါက်လာပါတယ်။
၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ အလွန်များပြားလှတဲ့ (တောရော၊ မြို့ပါ) လူထုကြီးဟာ ရရာလက်နက်စွဲကိုင်ပြီး ရောက်ရာအရပ်ဒေသများကနေ ဒီစစ်အစိုးရကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ပါတော့တယ်။
လူထုလှုပ်ရှားမှုများအတွင်းမှာ လူထုတွေဟာ ကိုယ်ပိုင်တာဝန်သိစိတ်ဓာတ် စိတ်အားထက်သန်မှု၊ မတရားမှုကို မကြိုက်မနှစ်သက်မှု စတဲ့ လတ်တလောပေါ်ပေါက်လာတဲ့ စိတ်ဆန္ဒတွေနဲ့ ပါဝင်လှုပ်ရှားခဲ့တာ အများစုကြီး ဖြစ်ပါတယ်။
စည်းကမ်းနဲ့ စနစ်တကျ စည်းရုံးထားတဲ့အဖွဲ့အစည်းများက အနည်းစုပါ။
ဒီထဲကတချို့က တဆင့်တက်ပြီး လက်နက်ကိုင်တိုက်ပွဲတွင်း ဝင်ရောက်လာကြတာပါ။
အဲသလို စိတ်အားတက်ကြွမှုနဲ့ တော်လှန်ရေးဒီရေမြင့်အတွင်း ပါဝင်လှုပ်ရှားလာတဲ့တော်လှန်ရေးသမားများဟာ မိမိတို့ရည်မှန်းချက်အောင်ပွဲရတဲ့အထိ ဘဝတခုလုံး မြှုပ်နှံကာရေရှည် ရေကုန်ရေခန်း မဆုတ်မနစ် လုံ့လဝီရိယကြီးစွာဖြင့် နည်းနာပေါင်းစုံ ရှာဖွေလေ့လာလုပ်ဆောင်မယ့်၊ တော်လှန်ရေးကို ဘဝပေးတာဝန်အဖြစ် ခံယူသူ တော်လှန်ရေးသမားများ ဖြစ်လာအောင် ကြိုးစားလုပ်ဆောင်ကြရပါမယ်။
ဒီလိုလုပ်ဆောင်ရာမှာ တော်လှန်ရေးသမားများအနေနဲ့ ပြည်သူတွေရဲ့ လွတ်မြောက်ရေးကို မိမိကိုယ်တိုင်ရဲ့ လွတ်မြောက်ရေးနဲ့ ထပ်တူပြုသဘောထားပြီး ပြည်သူတွေမလွတ်မြောက်မချင်း ဇွဲနပဲကြီးစွာ မိမိကိုယ်ကိုယ်လည်း တင်းတင်းကျပ်ကျပ်တောင်းဆို တည်ဆောက်ရမှာဖြစ်သလိုသက်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ကလည်း တာဝန်ကြီးတရပ်လိုသဘောထားပြီး စနစ်တကျကူညီတည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။
ဒီလိုတည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်နိုင်ရင် လုပ်နိုင်သလောက် တော်လှန်ရေးအတွက်အကျိုးရှိပါတယ်။
ဒီနေရာမှာ နမူနာယူစရာ သမိုင်းသင်ခန်းစာတွေ ရှိပါတယ်။
ဥပမာ- ဒုတိယကမ္ဘာစစ်အတွင်းက ဘူဂေးရီးယား ကွန်မြူနစ်ပါတီ ခေါင်းဆောင်လည်း ဖြစ်၊ နိုင်ငံတကာကွန် မြူနစ်အဖွဲ့ (ကိုမင်တန်) ရဲ့ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဂျော်ဂျီဒီမီထရောဗ်ကဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများမှာ မျိုးချစ်အင်အားစုများအားလုံးပါဝင်လာနိုင်ရေးကို (တပ်ပေါင်းစုကြီးကျယ်ပြန့်ရေး) အများကြီး လှုံ့ဆော်စည်းရုံးခဲ့ပါတယ်။
သူက တဖက်ကလည်း ဒီကမ္ဘာ့ဖက်ဆစ်စနစ် တော်လှန်ရေးစစ်ပွဲကြီးအတွင်း ဦးဆောင် ခေါင်းဆောင်ကြမယ့် သူများ (အထူးသဖြင့် ကွန်မြူနစ်များ) ကို တော်လှန်ရေး လုပ်ငန်းစဥ်ကြီးတရပ်လုံးကို မိမိရဲ့ အသက်မွေး၀မ်းကျောင်းလုပ်ငန်းကြီးတရပ်လို၊ တာဝန်ကြီးတရပ်လို မိမိဘဝတခုလုံးမြှုပ်နှံပြီး ဒီလုပ်ငန်းစဥ်ကြီး အောင်မြင်ရေးအတွက် ဘက်စုံကပြင်ဆင်လေ့လာ လုပ်ဆောင်ရမယ်။
ဥပမာ- မိမိပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းရဲ့ စီးပွားရေးနိုင်ငံရေးအခြေအနေများနဲ့ တော်လှန်ရေးအတွေ့ အကြုံများကို ကောင်းကောင်းလေ့လာပြီး စနစ်တကျ ရှေ့မှာပြုလုပ်မယ့်နည်းနာများကိုကျွမ်းကျင်စွာ ချမှတ်နိုင်အောင်ကြိုးစားရမယ်။ လူထုကိုစည်းရုံးပြီး တော်လှန်ရေးများကို ရှေ့တဆင့်တိုးလာအောင် လုပ်နိုင်အောင် ကြိုးစားရမယ်လို့ တိုက်တွန်းအားပေးပြီး၊ တဖက်ကလတော်လှန်ရေးလှုပ်ရှားမှုများအတွင်း ခေတ္တခဏဖြစ်ဖြစ် ပါဝင်လာသူများကိုလည်း အလွန်တန်ဖိုးထားပြီး အဲဒီလူတွေမှာ ပါလာနိုင်တဲ့အပျော်တမ်းစိတ်ဓာတ်တွေ (တော်လှန်ရေးလုပ်ငန်းတွေကိုလုပ်ချင်တဲ့အချိန်လုပ်တာမျိုး။ လုပ်ချင်တဲ့အလုပ်မှလုပ်တာမျိုး စသဖြင့် ) ကိုလည်း အလွန်စိတ်ရှည် နားလည်မှုရှိစွာနဲ့ တဖြည်းဖြည်း ပညာပေးစည်းရုံးပြီး စနစ်တကျ စည်း ကမ်းရှိတဲ့ နောက်ပြီး တော်လှန်ရေးကို ဘဝပေးတာဝန်အဖြစ် ခံယူသူ တော်လှန်ရေးသမားတွေ ဖြစ်လာအောင် ဝိုင်း၀န်းကြိုးစားပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီမီထရောဗ်ရဲ့ အဲဒီလိုပြောင်မြောင်လှတဲ့ သင်ကြားချက်များနဲ့ လုပ်ဆောင်ချက်များကြောင့် ၁၉၄၅ ခုနှစ် ကမ္ဘ့ာဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲကြီး အောင်မြင်ပြီးနောက် ဆိုဗီယက်ယူနီယံရဲ့ အမြင့်ဆုံး လီနင်ဆုကို ချီးမြင့်တာခံရပါတယ်။
တော်လှန်ရေးတရပ်အောင်မြင်ဖို့ဆိုတာ (ရှိရင်းစွဲအစိုးရကိုဖြုတ်ချပြီး အုပ်ချုပ်မှုယန္တရားအသစ်တရပ်နဲ့ အစား ထိုးနိုင်ဖို့၊ ရှိရင်းစွဲ စနစ်ဟောင်းကိုဖြိုချပြီး စနစ်သစ်နဲ့အစားထိုးဖို့ အဲဒီတော်လှန်ရေးတွေကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းများပဲ ဖြစ်ဖြစ်၊ ခေါင်းဆောင်တွေပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ရော၊ မိမိတို့ ခေါင်းဆောင်နေတဲ့ အဖွဲ့အစည်းတွေကိုရော အလွန်စည်းကမ်းစနစ်ကျစွာ ရေရှည်တည်ဆောက်ထားနိုင်ရမှာဖြစ်ပြီး မိမိတို့တည်ဆောက်မယ့် လူ့အဖွဲ့အစည်းသစ်ရဲ့ပုံစံသစ်များကို ပြသနိုင်ရမှာ ဖြစ်ပါတယ်။
ဒါမှသာ ဒီတော်လှန်ရေးလုပ်ငန်းစဥ်အတွင်း ပြည်သူတွေဟာ ယုံကြည်မှု အပြည့်အဝနဲ့အင်တိုက် အားတိုက် ပါဝင်လာမှာပါ။
ဒါကြောင့် အခု ဆင်နွှဲနေတဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး တော်လှန်ရေးကြီး ရှေ့တိုးလာနိုင်ဖို့တော်လှန် ရေးသမား အများအပြားလိုအပ်ရုံမက ပြည်သူလူထု အကျိုးမှတပါး အခြားမရှိတဲ့တော်လှန်ရေးလုပ်ငန်းများကို မိမိရဲ့ဘဝတသက်တာ တာ၀န်ကြီးအဖြစ်သဘောထားပြီး ဘက်စုံက နည်းလမ်းပေါင်းစုံရှာ အခက်အခဲ အတားအဆီးအမျိုးမျိုးကို အလွန်အဆင်းရဲခံ အပင်ပန်းခံပြီး ဇွဲနပဲကြီးစွာနဲ့ကျော်လွှားပြီး ရာသက်ပန် စိတ်ရောကိုယ်ရော နှစ်လုပ်ဆောင်တဲ့ တော်လှန်ရေးသမားများဖြစ်ဖို့လည်း လိုအပ်လှပါတယ်။
လှကျော်ဇော
၂၆-၂-၂၀၂၅။
ကိုးကား။
၁။မာက်၀ါဒအဘိဓာန်။ပထမတွဲ။အောင်ဇံ။နှာ၄၇၈။
၂။ Deepseek မှအချက်အလက်များ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar