အင်အားကြီးသူတွေနောက်လိုက် မြန်မာစစ်ကောင်စီ၏ ရုရှားပြည်ပခရီးစဉ်နဲ့ အရွေ့
မြန်မာနွေဦးခရိုနီကယ် - မတ် ၃ မြင်ကွင်း
မိုးမခ၊ မတ် ၄၊ ၂၀၂၅
အင်အားကြီးသူတွေနောက်လိုက် မြန်မာစစ်ကောင်စီ၏ ရုရှားပြည်ပခရီးစဉ်နဲ့ အရွေ့
မတ် လ ၃ ရက် (ရန်ကုန်အချိန် မတ် ၄) ရက်စွဲနဲ့ သတင်းတွေအရ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားကို နိုင်ငံတော်ခရီးစဉ်အဖြစ် စတင် ရောက် ရှိသွားပြီလို့ ဖတ် ရှုရပါတယ်။ ဘီဘီစီသတင်းကတော့ အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်၏ ၄ ကြိမ်မြောက် ရုရှားခရီးစဉ်ဖြစ်ပြီး ရုရှားခေါင်းဆောင် ပူတင်နဲ့ သည်တခေါက်တွေ့ခွင့်ရတာ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ မြန်မာပြည်တွင်းစစ် အရှိန်တိုးလာတာနဲ့အမျှ အိမ်နီးချင်းတရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုတွေ တိုးလာသလို ရုရှားနဲ့ စီးပွားရေး စစ်ရေး ဆက်ဆံရေးတွေကလည်း များလာတယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။
နောက်ဆုံး ၂၀၂၂ နှစ်ကုန်ပိုင်းက ယူအန်လုံခြုံရေးကောင်စီ မြန်မာအရေးအတွက် အရေးပါတဲ့ဆုံးဖြတ်ချက်ကိုလည်း သူတို့နိုင်ငံ ၂ ခုစလုံးက မဲမပေးဘဲနေခဲဲ့ကြတာကို တွေ့နိုင်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (Resolution 2669) - မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်စဲရန်နှင့် နိုင်ငံရေးအကျဉ်း သားများ ပြန်လွှတ်ရန် တိုက်တွန်းသည့် UNSC ဆုံးဖြတ်ချက်ကို ချိုင်းနားနှင့် ရုရှားတို့ ဗီတိုနဲ့ မပယ်ချခဲ့သော်လည်း ပျက်ကွက်မဲ ပေးခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ အမေရိကန်အစိုးရက ရုရှားနဲ့ နီးစပ်နဲ့ ဘက်လိုက်တဲ့ ဆက်ဆံရေးတွေ ဖြစ်လာပါတယ်။ ၂၀၂၅ ဖေဖော်ဝါရီလကုန်ပိုင်းက ယူအင်အထွေထွေညီလာခံကနေ ယူကရိန်းအချုပ်အခြာကို အသိအမှတ်ပြုခြင်းနဲ့ ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ကြရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် ES11/8 မှာ ရုရှားနဲ့အတူ ကန့်ကွက်မဲ ပေးခဲ့တဲ့ အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီအရွေ့ကြောင့် မင်းအောင်လှိုင်၏ ခရီးစဉ်မှာ မြန်မာကိုယ် တိုင်က ရုရှားနဲ့အတူတူရှိကြောင်းကို ထုတ်ဖော်ပြသလိုတဲ့သဘော၊ ဒါ့အပြင် တရုတ်အပြင် ရုရှား၏အကာ အကွယ်ကလည်း အရေးကြီးတယ်ဆိုတာကို ပြဆိုတယ်လို့ ဆိုနိုင်ပါတယ်။
တနေ့က ယူကရိန်းခေါင်းဆောင်နဲ့ အမေရိကန်ခေါင်းဆောင်တွေကြား အငြင်းပွားမှုတွေ မီဒီယာမြင်ကွင်းမှာ လူသိရှင်ကြား ဖြစ်ပွားပြီးတဲ့နောက်မှာ ကမ္ဘာနိုင်ငံရေးဟာ အားကြီးသူတွေ၏ အနိုင်ကျင့်လမ်းစဉ်က ရှေ့ရောက်လာပါတယ်။ အကဲခတ်တွေအားလုံးကလည်း သည်အကြောင်းကို အာရုံစိုက်ဆွေးနွေးလာကြပါတယ်။ မြန်မာစစ်ခေါင်းဆောင်လို အာဏာရှင်နိုင်ငံမျိုးစုံက အဆင့်ဆင့်သော အာဏာရှင်တွေကိုယ်တိုင်ကလည်း အခုချိန်မှာ မိမိတို့နဲ့နီးစပ်တဲ့ အင်အားကြီးသူအာဏာရှင်ခေါင်းဆောင်များ၏အရိပ်ကိုခိုဖို့ သိသာထင် ရှားစွာ ၎င်းတို့အလိုကျ လိုက်လျောဆက်ဆံ နောက်လိုက်ဖို့က အရေးကြီးလာတယ်လို့ ဆုံးဖြတ်ကြမှာ သေချာသွားပါတယ်။ နိုင်ငံ သို့မဟုတ် လူ့ဂုဏ်သိက္ခာအရ ဣန္ဒြေဆယ်ဖို့ မီဒီယာတွေ ပြည်သူတွေရှေ့မှာ အရှက်တရားရှိဖို့ ဂုဏ်သိက္ခာထိန်းဖို့ဆိုတာ မလိုအပ်တော့ဘူးလို့ ဆိုရာရောက်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအတွက် မြန်မာပြည်တွင်းစစ်ကြောင့် ထိန်းချုပ်နယ်မြေတွေ ကျဉ်းမြောင်းလာချိန် စစ်လက်နက်၊ လေကြောင်းအင်အားနဲ့ စစ်နည်းပညာတွေကို ပိုမို အားကိုး စုဆောင်း ထူထောင်နေဖို့က အရေးတကြီးလိုအပ်ချက် ဖြစ်ပါတယ်။ မြန်မာပြည်သူတွေက မိမိတို့၏ဆက်ကြေးပေး ဓားစာခံတွေ၊ ပေါ်တာ အဓမ္မလုပ်သား၊ အဓမ္မစစ်သားနဲ့ ခြင်းထဲက ကြက်တွေလို ဘယ်အချိန် ဖြစ်ဖြစ် ထုတ်ပြီး ရိုက်ပြီး ချက်စားလို့ရတဲ့သားကောင်တွေလို သဘောထားမှုက ထင်ထင်ရှားရှားပေါ်ထွက်လာနေတာမို့ သူတို့၏အနိုင်ကျင့်လမ်း စဉ် ဆက်အောင်မြင်ဖို့သာ အဓိကဖြစ်လာပါတယ်။ ယခင်တုန်းက (သမ္မတထရန့် အနိုင်မရခင်ကအထိ) နိုင်ငံတကာ နိုင်ငံရေးစင်မြင့်မှာ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ နိုင်ငံသားနဲ့ လူသားတန်ဖိုးဆိုတာတွေ အရေးထား ထုတ်ဖော်ပြောဆိုတာတွေ အရေးယူဆောင်ရွက်တာတွေ ထိန်းသိမ်းတာတွေ ခေတ်စားခဲ့ပေမယ့် အခုကတော့ အာဏာမဲ့လက်နက်မဲ့တွေ၏လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးဆိုတွေက အင်အားကြီးသူတွေလက်ထဲမှာ အရေးမပါတော့သလို ဖြစ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ရုရှား၏ တိုက်လေယာဉ်တွေက တရုတ်တိုက်လေယာဉ်တွေထက် မြန်မာစစ်ကောင်စီအတွက် အားကိုးရပါတယ်။ ရုရှားချေးငွေနဲ့ တိုက်လေယာဉ်ဝယ်ယူတာ ဖြစ်တာမို့ မြန်မာစစ်ကောင်စီကတော့ သည်ခြေလှမ်းကို ဆက်လှမ်းဖို့ များပါတယ်။ တရုတ်ဆီက စစ်လေယာဉ်တွေက ချို့ယွင်းမှုမျိုးစုံရင်ဆိုင်ထားရပြီး လက်ရှိမှာ တရုတ်ဆီက ဒရုန်းတွေအများအပြား အားကိုးလို့ရထားတယ်လို့ ဆိုပါတယ်။
ရုရှားက ဗျူဟာမြောက် တင့်ကား၊ လေကြောင်းရန်ကာကွယ်ရေး၊ လက်နက်ကြီးများနဲ့ လက်နက်ငယ်များ ဝယ်ယူနိုင်သလို၊ တရုတ်ထံက ဒရုန်းများ ဒုံးကျည် (မစ်ဇိုင်းများ) ကုန်းတွင်းပိုင်းစစ်သုံးယာဉ်များ၊ လက်နက် ငယ်နဲ့ ကျည်ဆန်များစွာ ရရှိနေပါတယ်။ ရုရှားက အဆင့်မြင့် စစ်အရာရှိများ သင်ကြားရေး၊ စစ်နည်းပညာ ပို့ချခြင်း၊ နျူကလီးယားသိပ္ပံပညာ မျှဝေခြင်းတွေကို စစ်ကောင်စီကရရှိသလို တရုတ်ထံကတော့ အခြေခံစစ်ပညာများ၊ စစ်သားများ မြေပြင်လေ့ကျင့်ခြင်း၊ ထောက်လှမ်းရေးသတင်းများ ပေးဝေခြင်းနဲ့ မြေပြင်တိုက်ရိုက်ဗျူဟာမြောက် အကြံပေးလမ်းညွှန်ခြင်းတွေ ရရှိနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာရေးမှာကတော့ ရုရှားနဲ့အတူရပ်တည်နေတာက ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံအင်အားစုများနဲ ရင်ဆိုင်နိုင်ဖို့ ဖြစ်ပြီး အိမ်နီးချင်း အာရှပထဝီနိုင်ငံရေးမှာ တရုတ်၏ကြားဝင်မှုတွေက မြန်မာစစ်ကောင်စီအတွက် အလွန်အသုံးဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်က ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ ဩဇာရှိတယ်လို့ ထင် မြင်ချက်ကလည်း စစ်ကောင်စီကို အသာရတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာပြည်၏နွေဦးတော်လှန်ရေးကာလအတွင်းမှာ စစ်ဒဏ်ကြောင့် မြန်မာပြည်၏အောက်ခြေလူထုလူ တန်းစား၏တိုးတက်မှုတွေအကုန်လုံး ရပ်ဆိုင်းသွားပါတယ်။ ပညာရေးမှာ ပြည်တွင်းစစ်ကြောင့် ၄ နှစ်တာ နှေးကွေးမှု တုံ့ဆိုင်းမှုကိုရင်ဆိုင်ရပါတယ်။ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကျန်းမာရေး၊ လူမှုရေး၊ အထွေထွေ ဘက်ပေါင်းစုံမှာ ဆုတ်ယုတ်နစ်နာမှု မျိုးစုံကို ခံစားနေရပါတယ်။
ပြည်ပကိုစီးဆင်းနေတဲ့အခြေခံပြည်ပအလုပ်သမားများ၏အရည်အသွေးကလည်း အိမ်နီးချင်း တရုတ်၊အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားတို့၏နောက်ကို ရောက်ရှိလာပါတယ်။ စစ်ကောင်စီကိုယ်တိုင်ကလည်း အဓမ္မစစ်သားစု ဆောင်းမှုကို ဦးစားပေးလာတာမို့ အခြေခံလုပ်သား လယ်သမားစွမ်းရည်ကို အလေးမထားတော့တာကို တွေ့ရပါတယ်။ သို့သော် စစ်ကောင်စီက ရုရှားထံကနေ စစ်ပညာသင် နှစ်စဉ် လူ ၃၀၀ ကျော် ပို့လွှတ်နေမြဲ ဖြစ်တယ်လို့ သတင်းများက ဆိုထားပါတယ်။ စစ်ကောင်စီကိုယ်တိုင်က ၎င်းတို့ အာဏာတည်မြဲရေး အင်အားတောင့် တင်းခိုင်မြဲရေးကို အာရုံပြတ်မခံဘဲ တည်ဆောက်နေပြီး မျက်မှောက်နိုင်ငံတကာအရွေ့က အင်အားကြီးသူတွေပထမ လမ်းစဉ်ဖြစ်လာတာကိုလည်း ၎င်းတို့အကျိုးအတွက် မလွတ်တမ်းဆုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar