ရင်နီ - အညာမြေ
အညာမြေ
ရင်နီ
(မိုးမခ) မတ် ၄၊ ၂၀၂၅
စာနာစိတ်နဲ့ ကြည့်တဲ့မျက်လုံးတွေ
မြင်ရတယ်။
ကြင်နာမှုနဲ့ ကမ်းဆင့်လက်တွေ
တွေ့တယ်။
နာကျင်မှုကို ထပ်တူခံစားရကြောင်း
အရေးအသားတွေ ဖတ်ရတယ်။
စိတ်ဒဏ်ရာတွေကို ကုသပေးမယ့်သူတွေ
ရှိတယ်။
အခြေအနေကို ခန်မှန်းသူတွေက
ကောင်းလာခါနီးပြီတဲ့
လက်တွေ့မှာ
ငါတို့အိမ် ပြာကျ
ငါတို့ယာ မိုင်းကွင်းဖြစ်နေပြီ။
ငါ့နေရာမှာ
တဲလေးပြန်ဆောက်ပြီး
ငါ့ယာမှာ
ငါပြန်ပျိုးချင်တာ
လောဘကြီးသွားသလား။
မိုးပေါ်ကိုလည်း မော်မကြည့်ရဲ
မြေပြင်မှာလည်း ခြေမလှမ်းရဲ
သတင်းတွေထဲတော့
ငါတို့ နိုင်တယ်။
လိုအပ်နေတာ
အကာအကွယ်
မတရားဖိနှိပ်သူရဲ့ ဒုက္ခကနေ
တားဆီးကာကွယ်ပေးမယ့်သူ
ငါတို့ဆီ ရောက်မလာသေး
မီးငွေ့ငွေ့ပြာပုံကြားထဲမှာ
လောင်မီးကို
မျက်ရည်နဲ့ငြိမ်းဖို့
ကြိုးစားနေရဆဲ။ ။
၁၀: ၀၇ ည
၂၈.၂.၂၅
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar