Breaking News

ကိုသန်းလွင် - ဗီဇနှင့်ပါတ်ဝန်းကျင်



ကိုသန်းလွင် - ဗီဇနှင့်ပါတ်ဝန်းကျင်
(မိုးမခ) မတ် ၂၅၊ ၂၀၂၅


(၁)
ဆာဖရန်စစ် ဂယ်လတန် (Sir Francis Gralton) က ဗီဇနှင့်ပါတ်ဝန်းကျင် (Nature and Nurture) ဟူ သော စကားလုံးကို ရှေးနှစ်ပေါင်း ၁၅၀ ကျော်က သူ၏ စာအုပ်တွင် (Heredity Genins) စတင်သုံး စွဲခဲ့ပါသည်။ ထိုအချိန်ကစ၍ကျွန်တော်တို့လူဖြစ်လာကြရာတွင် ဗီဇကပို၍အရေးပါသလား၊ ပါတ်ဝန်းကျင်က ပို၍ အရေးကြီး သလားဆိုသည်မှာ ဆွေးနွေးစရာဖြစ်လာခဲ့သည်။

ဂျင်း (Gene) များက ဗီဇအခြေခံဝါဒသမားများကပြောသလို အနာဂါတ်ကို ဖန်တီးသလား၊ သို့မဟုတ် လောကတွင်လူဖြစ်လာလျင် နဂိုက အဖြူထည်သက်သက်ဖြစ်ပြီး အိမ် နှင့် ပါတ်ဝန်းကျင်တို့က ဆေးရောင်ချယ် ခြင်း ကိုခံရသလား ဆိုသည်မှာ စဉ်းစားစရာဖြစ်ခဲ့သည်။ ယခင်က စိတ်ပညာဆိုင်ရာ ဆွေးနွေးစရာ (debate) တို့သည် အဓိပ္ပါယ်အမျိုးမျိုးဖေါ်၍ရသော အခြေအနေဖြစ်ခဲ့သည်။ စိတ်ကူးစိတ်သန်း များ၊ အလိုဆန္ဒများ (Free will)၊ မညီမျှမှုများ၊ လူမှုရေးပေါ်လစီများသည် ငြင်းခုန်စရာများဖြစ်လာခဲ့ပါသည်။
(၂)

သို့သော် ယနေ့သိပ္ပံ၏တွေ့ရှိချက်များကြောင့်အဆိုပါ ငြင်းခုန်မှုများမှာ ပုံစံပြောင်းလဲခဲ့သည်။ ဘယ်ဖက် ကမှအောင်နိုင်သည်ဟုမရှိဘဲ၊ ရှေးအခါကာလက ငြင်းခုန်ခဲ့ကြသည်များကိုပင် ငြင်းခုန်စရာမရှိပါဟု ပြောရမလို ဖြစ်ခဲ့ရပါသည်။ ဗီဇနှင့်ပါတ်ဝန်းကျင်တို့သည် တစ်ခုနှင့်တစ်ခု ခွဲခြားမရတော့ဘဲ တစ်ခုပေါ်တစ်ခုက လွှမ်းမိုးနေ သည။် တခါတရံတခုကို တစ်ခုကဖန်တီးပေးနေသည်လည်းရှိသည်။

ဤဗဟုသုတနယ်ပယ်ကို (Sociogenics) ဟုခေါ်ပါသည်။ လူ့အပြုအမှုများကိုလေ့လာသောပညာရပ် နှင့် ဂျင်း တို့အပေါ် ပေါင်းစပ်ထားခြင်းလည်း ဖြစ်ပါသည်။ ၄င်းသည် ပေါ်လာသည်မှာ မကြာသေးသော်လည်း ၄င်း၏ နယ်ပယ်မှာကြီးကျယ်လှပါသည်။ ကျွန်တော်တို့သိပြီး အကြောင်းအရာများကို အသစ်တဖန် ပြန်ရေးပြီး မသိသေးသော အကြောင်းအရာများကိုလည်းရှိပါသည်။ ဒီဇိုင်းထုတ်၍ ကလေးမွေးဖွားခြင်း (Designer baby) လူတို့၏ ခရိုမိုဇုန်း (Chromosome) နှင့် စာသင်စကလေးငယ်များဆက်စပ်ပုံ၊ ၄င်းတို့အားလုံးမှာ အတွေးအခေါ် ပြောင်းလဲခြင်း (Paradigm Shift) ဟုဆိုနိုင်ပါသည်။
ဂျင်းတို့သည် သူတို့ကိုယ်တိုင်အနေဖြင့် ဘယ်လိုလူဖြစ်လာမည်ကို ခန္ဓာကိုယ်ထဲမှနေ၍ပါတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် ကျွန်တော်တို့ဘာဖြစ်လာမည်ဆိုသည့်အပေါ်၌ လွှမ်းမိုးမှုရှိပါသည်။ မိဘနှစ်ပါး ထံမှရသော ဂျင်း ကော်ပီ နှစ်ခု မှ (Sprinter gene - ACTN3) ဖြင့် မွေးဖွားလာသည့် ကလေးငယ်တယောက် အကြောင်းကို စဉ်း စားကြည့်ပါ။ သူသည် ရှိသမျှအားကစားပြိုင်ပွဲများတွင် ဗိုလ်စွဲမည်။ အသင်းအဖွဲ့နှင့်ကစားရာတွင်လည်းသူ ပါဝင် သည့်ဖက်ကဘဲနိုင်ရမည်။ ကျောင်းတွင် နည်းပြဆရာများကသူကိုသူတို့ဖက်ကသာပါစေလိုကြသည်။ သူသည် ရလာသည့်အတွေ့အကြုံအရလေ့ကျင့်ခန်းများကို အားစိုက်လုပ်ဆောင်မည်။

သူသည် ကစားရင်း ထိခိုက်ဒဏ်ရာအနာတရဖြစ်၍အားကစားကို စွန့်လွှတ်သွားနိုင်ပါသည်။ သို့မဟုတ် အခြားအသင်းဝင်များအခြေအနေဆိုးရွား၍လည်း ထိုသို့ဆုံးဖြတ်နိုင်ပါသည်။ ကျောင်းအားကစားပြိုင်ပွဲများတွင် ထင်ရှားသောအသင်းဝင်တစ်ယောက်ဖြစ်ရခြင်းသည် သူ၏ဂျင်းနှင့်သူ၏ကျိုးစားမှုကြောင့်ဖြစ်ပါသည်။ သို့မဟုတ် သူ၏ ဂျင်းက သူပါတ်ဝန်းကျင်ကိုပြောင်းလဲပြစ်ခြင်းကြောင့်ဟုဆိုရမည်။ လူအများအပေါ်လွှမ်းမိုးရန်အခွင့်အရေး ကိုဖန်တီးယူခြင်းလည်းဖြစ်နိုင်ပါသည်။ သူ၏ ဂျင်းက သူ့ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်းဖြစ်ပြီး သူ့ဂျင်းကအရည် အသွေးကို ဘယ်လောက်ပြသနိုင်သလဲဆိုသောအချက်များအပေါ် မူတည်နေသည်။

ဤသည်မှာ အပြန်အလှန်အကျိုးပြုခြင်း (Feed back) ဖြစ်ပြီး ဗီဇ သို့မဟုတ် ပါတ်ဝန်းကျင်ကထိန်းချုပ်  ထားသည့် အခြေအနေမဟုတ်ပါပေ။ အလုပ်ပြုတ်ခြင်း၊ အိမ်ထောင်စု ပြိုကွဲခြင်းတို့သည် လူတို့အား စိတ်ဖိအား (depression) တိုးပွားလာခြင်းတို့ဖြစ်စေနိုင်ပါသည်။ လူတို့တွင် စိတ်ဖိအားများခြင်းကိုဖြစ်စေသော ဂျင်း ပါလာ ပြီဆိုလျင် အခြေအနေမှာပို၍ဆိုးပါသည်။ ဤသည်တို့မှာ လူကိုအပြစ်ပုံချခြင်းမဟုတ်ဘဲ လူကိုဤသို့ဖန်တီးထား ပုံပင်ဖြစ်ပါသည်။ ကမ္ဘာကြီးနှင့် ဆက်သွယ်ပုံမှာလည်း ဤသို့ပင်ဖြစ်နေပါသည်။

ကျွန်တော်တို့၏ ပါတ်ဝန်းကျင်ကြီးသည် ကျွန်တော်တို့ ဘေးပါတ်လည်တွင်ရှိနေကြသောလူတို့၏ ဂျင်း နှင့်တည်ဆောက်ထားခြင်းဖြစ်ပါသည်။ မိဘများ ပါတ်ဝန်းကျင်မှ လူများ၏ ဂျင်းများက ကျွန်တော်တို့ကို လွှမ်းမိုး ထားပါသည်။ သင့်ဇနီးက သင် စိတ်ဖိအားကျဆင်းရောဂါခံစားနိုင်ရန်အတွက် သင့် ဂျင်း ၏ သုံးပုံ ပုံလျင်တစ်ပုံ လွှမ်းမိုးနိုင်ပါသည်။ ထိုနည်းတူ အထက်တန်းကျောင်းများတွင် ဆေးလိပ်သောက်မူကို သင်ကိုယ်တိုင်မသိစေဦး ဆိုရှယ်နက်ဝပ်တခုလုံးကို လွှန်းမိုးထားလျင် သင်သည်လည်းသြဇာလွှမ်းမိုးခြင်းခံရမည်ပင်ဖြစ်သည်။ ထို့ကြောင့် ပါတ်ဝန်းကျင်က တိုက်ရိုက်မဟုတ်လျင် သွယ်ဝိုက်၍လွှမ်းမိုးမည်သာဖြစ်သည်။

 ၁၈၉၆ ခုနှစ်တွင်  ဆာဝယ်တန်၏ စာအုပ်ထွက်ပေါ်လာပြီးနောက် လူ၏ အပြုအမူကို ဖန်တီးရာတွင် ဗီဇ သည် အဓိကကျသည်။ ထိုငြင်းခုန်မှုသည် ပြီးဆုံးသွားပြီးဟုယူဆခဲ့ကြပါသည်။ ထို့နောက် အရာရာတိုင်း အတွက် ဂျီနက်တစ်  ဘလူးပရင့် (Genetic Blueprint) ပေါ်ထွက်လာပါသည်။ အဝလွန်ခြင်း၊ အသိဉာဏ်၊ ထိခိုက်လွယ်ခြင်း၊ ရောဂါဆိုးများ လူပုဂ္ဂိုလ်၏ အတွေးအမြင်တို့တွင် ဗီဇ၏ အရေးပါပုံကို သိလာကြပါသည်။ ဆေးကုမ္ပဏီကြီးများက ဂျင်း ကိုကိုယ်စားပြု၍ ဥပမာ အရိုးအဆစ်ရောင်ခြင်း (arthritis) နှလုံးရောဂါ၊ စကီဇို ဖရီးနီးယား စသည့်ရောဂါများအတွက် ဂျင်းကို ကုစားပေးမည့် ဆေးမျိုးစုံကို တီထွင်လာခဲ့ကြသည်။ ထိုအချိန်က ရောဂါပေါင်းစုံကာကွယ်သည့်ဆေးများ ပေါ်ပေါက်လာလိမ့်မည်ဟု အကောင်းမြင်တွေးခေါ်ခဲ့ကြသည်။

သို့သော် ဤမျှမလွယ်ပါ။ ဂျင်း များသာမက ဂျင်းတို့၏မျိုးကွဲများသည် ခရိုမိုဇုန်းများ တွင်ရှိနေကြသည်။ ၂၀ဝ၉ ခုနှစ်တွင် ဂျင်းတို့၏ အပြုအမူကို ခန့်မှန်းနိုင်မည့် ပီဂျီအိုင် (Polygenic Index PGI) ကို တီထွင်လာကြ ပါသည်။ စာတမ်းပေါင်း ၆၀ဝ၀ ကျော်ကလူတို့၏အပြုအမူ ၃၅၀ဝ ကျော်အတွက် ဂျင်းတို့၏လွှမ်းမိုးမူကိုမှတ်တမ်း တင်ခဲ့ကြပါသည်။  အိပ်ခြင်းပုံစံများ (Sleep Habit)၊ ဘယ်သန်၊ ညာသန်များ၊ အပြောအဆိုပွင့်လင်းခြင်းစသည့် လူတို့၏ အပြုအမူ (traits) ပေါင်းစုံ ပါဝင်ပါသည်။ ၄င်းတို့သည်  လူ့အဖြစ်ကိုဖတ်နိုင်သော ခရစ္စတယ်ဘောလ် များမဟုတ်ကြပါ။ ၄င်းတို့သည် သင့်အကြောင်း ကို အပေါ်ရံပြောဆိုနိုင်ရုံသာရှိပါသည်။ အချို့သောနေရာများ တွင် လူ့အကြောင်းကိုမပြောနိုင်ပါ။ သို့သော် အချို့အခြေအနေများတွင်မူ ယုံကြည်အောင်ပြောနိုင်ကြသည်။ ပညာရေးအတွက် ပီဂျီအိုင်ကို ကြည့်ပါ။ ပီဂျီအိုင် တွင်နောက်ဆုံးအဆင့်၌ ရှိနေသူများ အုပ်စု၌ ၇% သာ ကော လိပ်မှ ဘွဲ့ရကြသည်။ အထက်တန်းအဆင့် လူအများထဲမှာ ၇၅% အထိဘွဲ့ရကြသည်။

ဂျင်းတခုထဲက ဘဝကိုအဆုံးအဖြတ်မပေးပါ။ တချိန်တွင် ဒေတာများပြည့်စုံသွားလျင်တော့ အခြေအနေ ပြောင်းလဲသွားနိုင်ပါသည်။ ပီဂျီအိုင် စကေး၏အခြားအသုံးဝင်ပုံရှိပါသေးသည်။ နှလုံးရောဂါဖြစ်နိုင်ချေရှိသူများအ နေဖြငိ့ ၄င်းတို့ဘာမှ မဖြစ်ခင်ကတည်းကကြိုတင်ပြင်ဆင်မူများပြုလုပ်နိုင်ပါသည်။ အသက်အာမခံ ကုမ္ပဏီများ က သူတို့၏ ပရီမီယံကြေးကို ပြုပြင်နိုင်ကြပါသည်။ ကလေးမွေးဖွားပေးသူ (Sperm and donor bank) များက စားသုံးသူ၏ ပေးနိုင်ချေကိုကြည့်၍ ပိုက်ဆံတောင်း နိုင်ကြပါသည်။ တန်ဖိုးကြီးသော ကျောင်းများက ပီဂျီအိုင် စကေးကိုကြည့်၍ ဈေးပြောနိုင်ကြပါသည်။ 

လွန်ခဲ့သောနှစ်ပေါင်း ၁၀ဝ ခန့်က ကယ်လိုရီများရှားပါးချိန် ကလေးမွေးရာတွင် မိခင်ကိုယ်တိုင်မွေးရ ချိန်တွင် ဂျင်း မှာလူပိန်ဖြစ်မည်၊ လူဝဖြစ်မည်ကိုဆုံးဖြတ်ရာတွင် အရေးမပါခဲ့ပါ။ ယခုပီဂျီအိုင် စကေးများပေါ်လာ စားစရာသောက်စရာများအလျံပယ်ဖြစ်နေချိန်တွင် ကလေး၏ အလေးချိန်ကို ကြိုတင်သိလာကြပြီးဖြစ်သည်။ လူ ပိန်ဖြစ်မည် လူဝဖြစ်မည်ကို သူ့ကိုယ်တွင်း ရှိ ဂျင်းက ဆုံးဖြတ်ပေးသည်။
ထို့ကြောင့် ဂျင်းတစ်ခုကတည်းက အရာရာကိုမဆုံးဖြတ်နိုင်၊ ပါတ်ဝန်းကျင်နှင့်ရောပေါင်း၍သာ ဆုံးဖြတ် ရသည်။ ဂျင်းနှင့် ပါတ်ဝန်းကျင်တို့သည် တစ်ခုကိုတစ်ခု ပြုပြင်ပေးနေကြပါသည်။ ဗီဇကလည်း ပါတ်ဝန်းကျင်ကို ပြုပြင်၍ ပါတ်ဝန်းကျင်ကလည်း ဗီဇကိုပြုပြင်နေပါသည်။

၁၉၅၀ ခုနှစ်လောက်က အမေရိကန်တဝက်လောက်က ဆေးလိပ်သောက်ကြပါသည်။ ဂျင်းကဘယ်လို ဘဲရှိရှိ လူအများဆေးလိပ်သောက်ကြပါသည်။ ၁၉၆၄ ခုနှစ်တွင် ကျန်းမာရေးရီပို့ က ဆေးလိပ်သောက်ခြင်း၏ အန္တရာယ်ကိုရေးကြတော့ ဆယ်ယောက်တွင် တစ်ယောက်သာ သောက်ပါတော့သည်။ ပီဂျီအိုင်စကေး တွင်မူ ဆေးလိပ်သောက်သူ၏ ပီဂျီအိုင်စကေးက မသောက်သူတို့ထက် ပို၍မြင့်မားပါသည်။
စီးပွားရေး၊ ပညာရေးအခွင့်အလန်းမြင့်မားရေးအတွက် လူတို့သည်မွေးရာဌာနကိုစွန့်ခွါကြရသည်။ ထိုသို့ စွန့်ခွါရန်အတွက်လူတို့၏ပညာရေးက အဓိက အဆုံးအဖြတ်ပေးပါသည်။ ပညာရေးအဆင့်မြင့်မားသူများက မွေး ရပ်ကိုစွန့်ခွါကြသည်။ ဤဖြစ်ရပ်တွင်လည်းဆက်သွယ်မှုမှာ မည်မျှနည်းပါးသည်ဆိုစေ ပီဂျီအိုင်စကေးက ပညာ ရေးကို အဆုံးအဖြတ်ပေးပါသည်။ လူ၏ပီဂျီအိုင်သည်သူ့နောင်ရေးကိုဆုံးဖြတ်ရာတွင် အရေးပါသော အကြောင်း အရာတစ်ခုဖြစ်လာပါသည်။

(၃)
ပထမဆုံးပီဂျီအိုင်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ထားသည့်ကလေး (Optimized Child) ကိိုနောက် နှစ်တွင်မွေးဖွားပါလိမ့်မည်။ ယခုအခါ အချို့ ဆေးခန်းများက သန္ဓေသား (Embryo) ကို ပီဂျီအိုင် (Screening) လုပ်ပေး သည့်စနစ်ကိုလုပ်ကိုင်နေပြီဖြစ်သည်။ သဘာဝအတိုင်း၊ လူ့ကုသိုလ်ကံအတိုင်း မွေးဖွားလာခြင်းက ကောင်းသလား၊ ပြုပြင်ပေး၍ မွေးဖွားခြင်းကကောင်းသလားဟုမေးစရာ ဖြစ်လာခဲ့ပြီဖြစ်သည်။
ကိုသန်းလွင်

Ref: A new Scientific field is recasting who we are and how we got that way. By Dalton Conley. NY Times March 14, 2025


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar