တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ ရှမ်းမြောက်မှာ တစတစပြောင်းလဲလာတဲ့ စစ်အင်အားချိန်ခွင်လျှာ
မြန်မာနွေဦးခရိုနီကယ် - မတ် ၂၁ မြင်ကွင်း
မိုးမခ၊ မတ် ၂၂၊ ၂၁၂၅
တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ ရှမ်းမြောက်မှာ တစတစပြောင်းလဲလာတဲ့ စစ်အင်အားချိန်ခွင်လျှာ
၂၀၂၃ အောက်တိုဘာ ၂၇ နေ့မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တနှစ်အကြာ ၂၀၂၄ အောက်တိုဘာလ မှာတော့ ကိုးကန့်လက်နက်ကိုင်တပ် MNDAA က ရှမ်းအရှေ့မြောက် ဒေသတွေက ၂၀၀၈ အခြေခံဥပဒေပါ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေ အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းထဲက သိန္နီမြို့၊ မုံးကိုး၊ ကွတ်ခိုင်မြို့နယ်ရဲ့ တစိတ်တပိုင်း နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရှမ်းမြောက်အုပ်ချုပ်ရေးမြို့ လားရှိုးတို့အထိ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်နဲ့ ထိစပ်ရာ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နယ် ဟိုပန်နဲ့ ပန်လုံကို တိုက်ခိုက်သိမ်းယူပြီး ရက်ပိုင်းအတွင်း ဝ သွေးစည်းညီညွတ်ရေးတပ်ထံ လွှဲပြောင်းပေးခဲ့တဲ့ မျှော်လင့်ထားတာထက် ပိုတဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
အလားတူ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ကလည်း နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ္မတူ၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ ကွတ်ခိုင်၊ သီပေါ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး ၄င်းတို့အနေနဲ့လည်း မျှော်လင့်ထားတာထက် ပိုမိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါက ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ ဦးဆောင်တိုက်ခိုက်ခဲ့ကြတဲ့ စစ်ရေး ရလဒ်တွေဖြစ်ပြီး မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဆင်ရေးတွေ မြို့သိမ်းတိုက်ပွဲတွေမှာလည်း ရခိုင်ပြည်နယ် ရဲ့ မြို့နယ် ၂ ခု မြို့ ၂မြို့ကလွဲရင် ကျန်မြို့နယ်တွေ မြို့တွေအားလုံးကို သိမ်းယူနိုင်ခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမ ၈ လခန့်ဝန်းကျင်ကာလ စစ်ဆင်ရေးတွေမှာ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့လို့ အမည်ပေးထားတဲ့ လက်နက်ကိုင် ၃ ဖွဲ့ရဲ့ စစ်ရေးအောင်မြင်မှုတွေ တောက်လျှောက်ရရှိခဲ့ရာက သြဂုတ်လလယ် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော် ခရီးစဥ်ပြီးနောက် မြန်မာနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲက ပြည်တွင်းစစ်ရေး လှုပ်ရှားမှုတွေ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးလှုပ်ရှားမှုတွေ အပေါ် သက်ရောက်မှုရှိလာပြီး ရှမ်းမြောက်မှာ အပစ်ရပ်ရေးနဲ့ လားရှိုးမြို့ကနေ MNDAA ပြန်လည်ဆုတ်ခွာပေးရေး တွေအထိ ဖိအားပေးမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
လားရှိုးမြို့ကနေ MNDAA တပ်တွေ ဇွန်လ နောက်ဆုံးထား ဆုတ်ပေးရမယ် ဆိုတဲ့ သတင်းက MNDAA နဲ့ စစ်ကောင်စီ အပစ်ရပ်ဖို့ သဘောတူညီကြတယ် ဆိုတဲ့ သတင်းနဲ့အတူ ဇန်နဝါရီလထဲမှာ ပေါ်ထွက်လာခဲ့ပြီး MNDAA ဘက်ကတော့ တိတိပပ တုံ့ပြန်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဇန်နဝါရီလ ၁၈ ရက်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ အပစ်ရပ် သဘောတူညီချက်နောက်မှာတော့ ကိုးကန့်လက်နက်ကိုင်တပ် ထိန်းချုပ်ထားတဲ့ လားရှိုး၊ သိန္နီ၊ လောက်ကိုင် အစရှိတဲ့ဒေသတွေကို လေကြောင်းကတိုက်ခိုက်မှုတွေ မရှိတော့တာ အခုအချိန်ထိ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းဖိအားပေးမှုနဲ့ TNLA နဲ့ စစ်ကောင်စီ ဖေဖေါ်ဝါရီလလယ်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ တွေ့ဆုံဆွေးနွေးမှုကနေ သဘောတူညီမှု တစုံတရာ မရရှိခဲ့ပဲ နောက်တကြိမ် ဆွေးနွေးဖို့ သဘောတူတယ်ဆိုတဲ့ အချက်တချက်သာ ရခဲ့တာဖြစ်ပါတယ်။
မတ်လမှာတော့ ဇန်နဝါရီလမှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ MNDAA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မတ်လ ၂၂ ရက်နေ့ထပ်မံတွေ့ဆုံဖို့ သတင်းတွေ ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အခုတွေ့ဆုံဆွေးနွေးပွဲဟာ ပထမတွေ့ဆုံမှုမှာ သဘောတူညီထားတဲ့ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာပေးရေး အတွက် ပိုမိုအသေးစိတ်ဆွေးနွေးမှုတွေ လုပ်ဆောင်မှာလား ဆိုတဲ့ မှန်းဆချက်တွေ လည်း ရှိနေကြတာ ဖြစ်ပါတယ်။ အချို့သော သီးခြား အတည်မပြုနိုင်တဲ့ သတင်းတွေအရ မကြာမီရက်တွေ အတွင်းက MNDAA လက်နက်ကိုင်တပ်အင်အားတချို့ လားရှိုးမြို့က နေ သိန္နီဘက်ကို ထွက်ခွာသွားခဲ့တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လားရှိုးမြို့ခံတွေက လုပ်ဆောင်တယ်ဆိုတဲ့ ဆန္ဒပြမှုတခုလည်း လားရှိုးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြ သဘောထား ထုတ်ဖေါ်ရတဲ့ အကြောင်းက လားရှိုးမြို့ကနေ MNDAA တွေ ဆုတ်ခွာ မသွားဖို့၊ စစ်ကောင်စီအုပ်ချုပ်မှုအောက် ပြန်မရောက်လိုကြောင်းနဲ့ အခုလို ဖိအားပေးတဲ့ တရုတ်နိုင်ငံကို ဆန့်ကျင်ကန့်ကွက်တဲ့ သဘောထား စာသားတွေကို အများပြည်သူမြင်အောင် ကပ်ထားကြတာတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ MNDAA တပ်တွေက အခုလို စစ်အုပ်ချုပ်ရေးလို အုပ်ချုပ်နေတဲ့ကာလမျိုးမှာ မြို့ခံလူထု ဆန္ဒပြမှုတွေ ပေါ်ထွက်လာခြင်းဟာ လက်ရှိထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ သဘောတူညီမှု၊ ခွင့်ပြုမှုရှိထားပြီး သို့မဟုတ် ၄င်းတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်ပေးရတဲ့ အခြေအနေလားဆိုတဲ့ မှန်းဆမှုတွေလည်း ပေါ်ထွက်စေတာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမ အကျော့နဲ့ ဒုတိယအကျော့ကာလတွေအတွင်း TNLA , MNDAA တို့နဲ့ အတူ ရှမ်းပြည်နယ်၊ ကရင်နီ/ကယားပြည်နယ်တို့က လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အခြား အထက်အညာဘက်က PDF အဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့အချက်က အတည်ပြုနိုင်ပေမယ့် အင်အား ဘယ်လောက်နဲ့ ဘယ်နှဖွဲ့ ပါဝင်ခဲ့ကြလဲ၊ လက်နက်ခဲယမ်း ရရှိလိုတာကြောင့်လား သို့မဟုတ် ဘုံရန်သူ စစ်ကောင်စီကို အနိုင်ရဖို့ အတွက်ဆို ပူးပေါင်း တိုက်ခိုက်မှ သို့မဟုတ် တပြိုင်နက်တိုက်ပွဲဖေါ်ဆောင်မှ အောင်မြင်မယ်ဆိုတဲ့ အချက်ကြောင့်လား စတဲ့ အခြေအနေတွေက သတင်းမီဒီယာတွေက ဖေါ်ပြခြင်း မရှိခဲ့ကြလို့ အသေးစိတ် မသိနိုင်ပေမယ့် အထက်က အကြောင်း ၂ ချက်လုံး ပေါင်းစည်းပြီး တိုက်ခိုက်ခဲ့ကြတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
PDF တပ်ဖွဲ့တွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီက မွေးထုတ်ပေးလိုက်တဲ့ PLA လို တပ်ဖွဲ့၊ မောင်ဆောင်းခ ဦးဆောင်တဲ့ BPLA၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် စတဲ့ လက်နက်ကိုင် အဖွဲ့တွေက ရှမ်းမြောက်မှာ စစ်ကောင်စီ နယ်မြေတွေ ကျဆုံးခြင်းဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့အတွက် ကောင်းတဲ့ အလားအလာ၊ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေအချင်းချင်းအကြား ဖြတ်သန်းဆက်သွယ်မယ့် လမ်းကြောင်း ပွင့်လာဖို့ ရည်မှန်းချက်တွေလည်း ရှိနိုင်ပါတယ်။
သို့ပေမယ့် နယ်မြေသိမ်းယူရရှိပြီးနောက် လအတန်ကြာမှာတော့ အခြားသော ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ အဆိုပါဒေသတွေကနေ အထက်အညာ ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းတို့လိုမျိုးကို ရွှေ့ပြောင်းလှုပ်ရှားကြတာ သို့မဟုတ် ၄င်းတို့ မူလ အခြေစိုက်ရာနယ်မြေတွေဆီ ပြန်သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။
အထက်ကလို ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တနှစ်ခွဲနီးပါး ကာလမှာတော့ အဆိုပါ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်က တန့်သွားတဲ့ အနေအထားလို့ဆိုနိုင်ပြီး စစ်ကောင်စီ အနေနဲ့ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့က စစ်လက်နက် ပစ္စည်းနဲ့ ဒရုန်းလက်နက်နဲ့ နည်းပညာတွေ ရရှိခဲ့ပြီး လက်လွှတ်ခဲ့ရတဲ့ ဒေသတွေမြို့တွေ ပြန်သိမ်းယူနိုင်ဖို့ အများအပြား အသုံးပြုတိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။ တောင်ခမ်းနယ်မှာ TNLA က စခန်းတချို့ လက်လွှတ်ခဲ့ရတဲ့ သတင်းတွေလည်း ခုသီတင်းပတ်တွေအတွင်း ပေါ်ထွက်လာခဲ့ပါတယ်။
အခုလို အခြေအနေတွေ အင်အားချိန်ခွင်လျှာ အပြောင်းအလဲတွေက စစ်အာဏာရှင်ကို တပြိုင်ထည်း ထိုးစစ်ဆင်တိုက်ခိုက်ရေးဆိုတဲ့ ရည်မှန်းချက်ကို မှေးမှိန်ကောင်း မှေးမှိန်စေပါလိမ့်မယ်။ သည်လို အခြေအနေတွေ သုံးသပ်မှုတွေကြားမှာ နယ်မြေဒေသခံတွေကိုယ်တိုင်ကတော့ မိမိတို့ သွေးချွေးတွေ ရင်းပြီး တိုက်ယုထား တွန်းလှန်ထားရတဲ့ နယ်မြေတွေကို ပြန်လည် ဆုံးရှုံးသွားတာမျိုး၊ ဆုတ်ခွာပေးရတာမျိုးကို လိုလားကြမှာ မဟုတ်တာကလည်း သေချာပါတယ်။ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့အတွက် လက်နက်နဲ့ဖြစ်စေ လက်နက်မဲ့ ဖီဆန်မှုများနဲ့ ဖြစ်စေ တိုက်ပွဲဝင် နေကြတဲ့ ပြည်သူတွေ၏ ဆန္ဒပြင်းပြမှု စိတ်ဓာတ်အင်အားကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ဆက်လက်တည်ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar