မောင်လူမွှေး - လေယာဥ်သံက ဖျက်ချလိုက်တဲ့ ကိုယ်ဝန်
မောင်လူမွှေး - လေယာဥ်သံက ဖျက်ချလိုက်တဲ့ ကိုယ်ဝန်
မိုးမခ ၊ မတ် ၂၂ ၊ ၂၀၂၅
၂၀၂၅၊ မတ်လ ၁၈ ရက်နေ့။
ညဟာ ကားသံကလွဲလို့ တိတ်ဆိတ်ပြီး ပတ်ဝန်းကျင်ဟာလည်း ကားမီးကလွဲလို့ မည်းမှောင်နေပါတယ်။ ကားနောက်ကျောဘက်က ဟင်းလင်းပွင့်နေတာမို့ ဖုန်တွေဟာ ကားနောက်ပိုင်းကနေ ရှေ့ပိုင်းကို လိမ့်ဝင်လာပါတယ်။ ပြီးခဲ့တဲ့နှစ် လေယာဥ်နဲ့အပစ်ခံရတုန်းက ကားနောက်ကျောက မှန်တွေကွဲသွားတာလို့ သိရပါတယ်။ ကားပေါ်မှာတော့ မောင်လူမွှေးတို့ လင်မယားနှစ်ယောက်ကို စေတနာနဲ့ ကူညီလိုက်ပို့ပေးတဲ့ လူငယ်နှစ်ယောက်နဲ့ မောင်လူမွှေးတို့ လင်မယားနှစ်ယောက်ပါပဲ။
မနေ့ကညနေတုန်းက လေယာဥ်လာတယ်လို့ အသံကြားတော့ မောင်လူမွှေး ဇနီးကို စိတ်မချလို့ အိမ်ကိုအမြန်ပြေးပါတယ်။ အိမ်ရောက်တော့ အိမ်ဘေး ပုံးခိုကျင်းထဲမှာ မောင်လူမွှေး ဇနီးက ဆောင့်ကြောင့်ထိုင်လို့ပါ။ ရေချိုးမလို့ ပြင်ဆင်ရင်းပြေးတာဆိုတော့ တဘက်လေးကို ကိုယ်မှာပတ်လို့။ ဒီတော့မှ မောင်လူမွှေးလည်း စိတ်ထဲအေးသွားပါတော့တယ်။
ရေချိုးပြီးတော့ မောင်လူမွှေး ဇနီးက ရေမချိုးခင် ဗုံးကျင်းထဲ ပြေးအဆင်းမှာ ဗိုက်ထဲက စူးခနဲအောင့်သွားတယ်လို့ ပြောပါတယ်။ ပြီးတော အကျိအချွဲတွေ နည်းနည်းဆင်းတယ်လို့လည်း ဆိုပါတယ်။ ညကျတော့လည်း ဗိုက်ထဲက အောင့်အောင့်ပြီး အကျိအချွဲတွေ နည်းနည်းဆင်းပေမယ့် သွေးစ၊သွေးန မပါသေးတဲ့အတွက် မောင်လူမွှေးတို့နှစ်ယောက် စိုးရိမ်စိတ် သိပ်မမြင့်တက်ကြသေးဘူးပေါ့။
မနက်လင်းတော့ ရွာကိုလာတဲ့ သားဖွားဆရာမကို ကို အိမ်ကိုခေါ်ပြီးပြရပါတယ်။ လူက လှုပ်ရှားလို့မရတဲ့အချိန် ရွာကို အဆင်သင့် ဆရာမရောက်လာတဲ့ ရက်နဲ့ ကြုံကြိုက်နေတာမို့ မောင်လူမွှေးတို့ကံကောင်းပြီလို့ တွေးကြပါတယ်။ အားလည်းတက်ကြပါတယ်။ ဆရာမက ကိုယ်ဝန်ပျက်ချင်တဲ့လက္ခဏာဖြစ်ပေမယ့် ငြိမ်ငြိမ်နေရင် အကောင်းဘက်ကို ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
အဖြစ်အပျက်တွေဟာ မှန်းဆလို့ မရပါဘူး။ ခုကာလမှာ ဘာကို မှန်းလို့မရပါဘူး။ ည ၁၁ နာရီလောက်မှာ မောင်လူမွှေးရဲ့ ဇနီးက မျက်ရည်စက်လက်နဲ့ မောင်လူမွှေးကို မရတော့ဘူး " သွားပြီ " လို့ ပြောပါတယ်။
မောင်လူမွှေးလည်း ဆေးရုံသွားဖို့ အိမ်ထဲကနေထွက်ပြီး ကားအမြန်အကူအညီတောင်းရပါတယ်။ ကားမလာခင် အိမ်ထဲမှာ တစ်ယောက်ထဲကျန်ခဲ့တဲ့ ဇနီးဆီကို အမြန်ပြေးရပြန်ပါတယ်။ မောင်လူမွှေးဇနီးဟာ အိပ်ရာထဲမှာ ချုံးပွဲချငိုနေရှာပါတယ်။ မောင်လူမွှေး ရင်ထဲမှာလည်း ဗလောင်ဆန်နေပေမယ့် ဇနီးကို ချော့ရပါတယ်။ သူက ကိုယ့်ထက်ပို ခံစားရသူကိုး။
ကားပေါ်မှာ ဇနီးသည်ကို ကြည့်တော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ကားနဲ့ ဆေးရုံကို မလာခင်တုန်းကတော့ မောင်လူမွှေးရဲ့ ဇနီးဟာ ချုံးပွဲချငိုရှာပါတယ်။ မောင်လူမွှေးကိုယ်တိုင်လည်း ဘယ်ချိပါ့မလဲ။ လူ့အဖြစ်ကိုတောင် မရောက်လိုက်ဘဲ ကိုယ့်ရင်သွေးဟာ သုံးလပြည့်တဲ့နေ့မှာ ကြေပျက်ရရှာတာကိုး။
မောင်လူမွှေးဇနီးမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိသိချင်း မောင်လူမွှေးတို့
ဂရုစိုက်ကြတာပါပဲ။ ခု မောင်လူမွှေး နေတဲ့ လွတ်မြောက်နယ်မြေမှာ ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ပျက်ကျကြတာ တော်တော်များများ တွေ့နေရတာကိုး။ မောင်လူမွှေး နေတဲ့ ရွာကလေးမှာတောင် ကိုယ်ဝန်သည် လေးဦး ပြီးခဲ့တဲ့လပိုင်းက ပျက်ကျခဲ့တယ်လို့ ကျန်းမာရေး ဆရာမက မောင်လူမွှေးရဲ့ အမျိုးသမီးကို စမ်းသပ်ရင်း ပြောပြပါတယ်။ နောက်ဆုံးပျက်ကျတဲ့ ကိုယ်ဝန်သည်က ငါးလတောင်ကျော်နေပြီတဲ့။ အဲ့ဒီကိုယ်ဝန်သည် ပျက်ကျတော့ ကလေးရဲ့ ကိုယ်အင်္ဂါတွေတောင်ပါတယ်။ ယောကျ်ားလေးတဲ့ ။ ရွာထဲမှာ ပြောစမှတ်ဖြစ်သွားပါတယ်။
အဲ့ဒီကိုယ်ဝန်ဆောင်အမျိုးသမီးဟာ လေယာဥ်သံကြားလို့ ဗုံးခိုကျင်းထဲ အပြေး ချော်လဲပြီး ခုလိုကိုယ်ဝန်ပျက်ကျခဲ့ရတာ ဖြစ်ပါတယ်။ တကယ်တော့ လူတွေတင် မဟုတ်ပါဘူး။ နွားမတွေလည်း ကိုယ်ဝန်ဆောင်ဖို့ သိသိသာခက်ခဲနေလို ပျက်ကျတာတွေလည်း ရှိတယ်လို့ နွားမွေးနေတဲ့သူတွေရဲ့စကားကို မောင်လူမွှေး ကြားခဲ့ရတာ တစ်ကြိမ် နှစ်ကြိမ်မကပါ။
မောင်လူမွှေးတို့နယ်မြေမှာ လေယာဥ်သံကြောင့် ကိုယ်ဝန်ပျက်ကျရတာတွေ ဘယ်လောက်များမလဲ။ မောင်လူမွှေးလည်း သုတေသန လုပ်ထားနိုင်တဲ့ အားမရှိပါဘူး။ စနစ်တကျ သုတေသနလုပ်နိုင်တဲ့သူတွေရှိရင် သိပ်ကောင်းမယ်လို့ တောင့်တမိပါတယ်။ မောင်လူမွှေးလုပ်နိုင်တာက ကလေးတွေကိုပညာသင်ပေးတာ၊ ဆရာ၊ဆရာမတွေကို sharing လုပ်တာ၊ စာရေးတာနဲ့ စစ်ရှောင်တွေရဲ့ ပညာရေးအတွက် အကြံအဉာဏ်ပေးတာလောက်ပါပဲ။
ကိုယ်ဝန်ပျက်ကျတဲ့ မိခင်တွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိပါတယ်။ သူတို့အတွက် အားပေးနှစ်သိမ့်မှုကို စနစ်တကျ လုပ်နိုင်တာမျိုးလည်း မရှိသေးပါဘူး။ ငွေကြေးချို့တဲ့သူဆိုရင်တော့ တစ်ပူပေါ်နှစ်ပူဆင့်ကြရမှာပါ။ မောင်လူမွှေးလည်း လာမယ့်လအတွက် စားစရိတ်သုံးဖို့ထားတဲ့ ငွေလေး ပြောင်သလောက် ဖြစ်သွားခဲ့ပါတယ်။ အဆိုးဆုံးကတော့ လေယာဥ်တွေပါပဲ။ ဒီစာရေးနေတဲ့ မနက်မှာပဲ လေယာဥ်သံတွေဟာ လာနေတာပါ။ မောင်လူမွှေးလည်း ကလေးအဖတ်မတင်ပေမယ့် ခေါင်းပေါင်းပေါင်းပြီး မီးနေသည်လိုနေရရှာတဲ့ ဇနီးလက်ကိုဆွဲပြီး ဗုံးခိုကျင်းထဲ ဝင်ရပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar