မြူမှုံ - အဖေနဲ့ အမေသို့ နွေဦးနှစ်သိမ့်စာ
မြူမှုံ - အဖေနဲ့ အမေသို့ နွေဦးနှစ်သိမ့်စာ
မိုးမခ ၊ မတ် ၂၂ ၊ ၂၀၂၅
နွေဦးလည်း တခါရောက်ပြန်ပြီ
ဥသြသံတွေလည်းတဖန်ပြန်ကြားရလို့
အိမ်ကထွက်လာတဲ့နေ့က
နွေဦးဟာ
နှစ်ခါမြောက်ရှိနေပါပြီ အမေ...။
အရှေ့ရပ်က နေလုံးကြီးလည်း
ပီပီပြင်ပြင် ထွက်လာတော့မှာမို့
သား မကြာခင် ပြန်လာခဲ့ပါ့မယ်...။
အမေ့သား အိမ်ရှေ့ရောက်လို့
အမေ့ရဲ့သား
မေမေ့သား ဆိုပြီး
တတွတ်တွတ် ရေရွတ်ရင်း
ဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်တွေနဲ့
ကပျာကယာ ဖြစ်နေမယ့် အမေ့ပုံစံကို
ကျွန်တော် မြင်ယောင်မိတယ်...။
ယောကျ်ားအရင့်မာကြီးမို့
မျက်ရည်မကျပေမဲ့
ပိတီတွေအပြည့်နဲ့ ပြုံးပြုံးကြီးကြည့်နေမယ့်
အဖေ့မျက်နှာကိုလည်း မြင်ယောင်မိတယ်...။
ပင်ပန်းခဲ့သမျှ
အမေ့ရင်ငွေ့နွေးနွေးလေး ခံယူဖြေဖျောက်ရင်း
အမေ့ပခုံးပေါ် မေးလေးတင်ပြီး တဝကြီး သားငိုချင်ပြီ
အဖေနဲ့ လက်ဆွဲနှုတ်ဆက်ပြီး
သား ပြန်လာပြီ အဖေလို့...
အားပါးတရ ပြောချင်နေပြီ
အဖေနဲ့ အမေ အလွမ်းပြေဖတ်ဖို့
သား ပေးပို့တဲ့ ဒီနှစ်သိမ့်စာ
နောက်နှစ်နွေဦးရာသီ ဒါမှဟုတ်
ရောက်ရှိလာမယ့်နွေဦးရာသီတိုင်းအတွက်
အသက်နဲ့ခန္ဓာ မြဲနေသမျှ
စိတ်ချပါ အဖေနဲ့အမေ
တနေ့တော့ အိမ်ကို ဝံ့ဝံ့ကြွားကြွားနဲ့
ဂုဏ်ယူရတဲ့သားအဖြစ်
အရောက်ပြန်ခဲ့ပါ့မယ်...။
အဖေနဲ့အမေလည်း သားအပြန်လမ်းကို
မျှော်မှန်းပြီး နေ့တိုင်းလိုလို စောင့်နေမှာ
သား သိပါတယ် အဖေနဲ့အမေ။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar