Breaking News

ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို ဘယ်လိုဖြေရှင်းကြမလဲ

မြန်မာနွေဦးခရိုနီကယ် - မတ် ၁၇ မြင်ကွင်း

မိုးမခ၊ မတ် ၁၈၊ ၂၀၂၅

ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို ဘယ်လိုဖြေရှင်းကြမလဲ

ယခုအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် နေထိုင်နေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတားရက်စ်က ရခိုင်ပြည်နယ်မှာ လက်ရှိ ဒေသအများအပြားကို ထိန်းချုပ်အုပ်ချုပ်နေတဲ့ AA လက်နက်ကိုင် တပ်ဖွဲ့နဲ့ စကားပြောဖို့ လိုအပ်ကြောင်း ဒုက္ခသည်တွေ နေထိုင်တဲ့ ကော့က်စ်ဘဇားမြို့ကို လာရောက်ခဲ့တဲ့ သူ့ရဲ့ ခရီးစဥ်အတွင်း ပြောဆိုလိုက်ပါတယ်။ 

၂၀၁၁ ခုနှစ် ရွေးကောက်ပွဲနဲ့ အာဏာရလာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက် မှာ ရိုဟင်ဂျာအရေး ရပ်ရွာလူမှုအသိုင်းအဝိုင်း ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီး တဖန် ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်ရဲ့ အခြားဒေသတွေ ဖြစ်တဲ့ သံတွဲ၊ ကျောက်ဖြူ စတဲ့မြို့တွေ မှာပါ လူမှုအသိုင်းအဝိုင်း ၂ ခုအကြား ပဋိပက္ခတွေ ထပ်မံဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်သြဂုတ်လ အာဆာလက်နက်ကိုင် အဖွဲ့က နယ်ခြားစောင့် ရဲကင်းတွေကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီး အစိုးရစစ်တပ်ရဲ့ အင်အားသုံးနှိမ်နှင်းမှု၊ အရပ်သား၊ အမျိုးသမီး၊ ကလေးငယ်ပါမကျန် ရာထောင်ချီ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ရိုဟင်ဂျာ တသန်းနီးပါးအထိ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။ 

၂၀၁၇ က နှစ်ကုန်ပိုင်းက စတင်ရေတွက်ရင် ၇ နှစ်ကျော် ၈ နှစ်ထဲဝင်ရောက်လာပြီ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ဖြေရှင်းဖို့ လမ်းစပျောက်နေဆဲ ဖြစ်ပါတယ်။ လူမျိုးတုန်း သတ်ဖြတ်မှုလို့ အနောက်နိုင်ငံတွေက သတ်မှတ်ကြတဲ့ ၂၀၁၇ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးနဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် ICJ လို့ခေါ်တဲ့ နိုင်ငံတကာ တရားရုံးက မြန်မာနိုင်ငံအပေါ်  စွဲဆိုထားတဲ့ အမှုအတွက် ၂၀၁၉ မှာ ထိုစဥ်က NLD အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ခုခံလျှောက်လဲခဲ့တာလည်း ဖြစ်ပါတယ်။ 

ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ မဖြေရှင်းနိုင်သေးတဲ့ အချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ရိုဟင်ဂျာ အရေးအဖြေရှာဖို့ထက် ပြည်တွင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေ တစတစ ကျယ်ပြန့်လာနေပြီး ရိုဟင်ဂျာ အရေးက နောက်တန်းကိုရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်အစိုးရကိုလည်း နိုင်ငံတကာအနေနဲ့ အသိအမှတ်ပြု ဆက်ဆံဖို့ ခက်ခဲလာခြင်းဟာ ဒီဒုက္ခသည် ပြဿနာကို ဖြေရှင်းဖို့ထက် စစ်အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီအရေးက ပထမဦးစားပေး ဆိုတဲ့အမြင် အယူအဆက စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ ယူဆလာကြတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ကို အနိုင်ရရေးက ပထမ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးက ပထမအရေးကိစ္စကို ဖြေရှင်းနိုင်ရင် ကျန်တာတွေက အဖြေရှာဖို့ လွယ်ကူသွားလိမ့်မယ်ဆိုတဲ့ သဘောမျိုး ယူဆခဲ့ကြတာပါ။ 

ဒီလို အနေအထားမှာ ULA/AA ရက္ခိုင့်တပ်တော်က ၂၀၂၃ နှစ်ကုန်ပိုင်းက စတင်ကာ ရခိုင်ပြည်နယ်က နယ်မြေတွေကို တိုက်ခိုက်သိမ်းယူလာခဲ့ရာမှာ တနှစ်ကျော်ကြာလာပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်တွေမြို့နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်နိုင်ငံရဲ့ စီမံကိန်း ဒေသတွေသာ သိမ်းယူဖို့ ကျန်ရှိတဲ့ အနေအထားရောက်ရှိခဲ့တာ အားလုံးသိပြီးဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၉၀ ရာနှုန်းလောက်ကို စစ်ရေးအရ သိမ်းယူထိန်းချုပ်ထားတဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးအဖို့ AA နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးကို ပြောဆိုကြမလားဆိုတဲ့ မေးခွန်းက ပေါ်ထွက်လာခဲ့ပါတယ်။ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ လက်တွေ့အခြေအနေအရ ဆိုရင် AA နဲ့ ဆွေးနွေးမှုတွေ လုပ်ရတော့မယ့် အနေအထားလို့ ဆိုပေမယ့် ULA/AA အဖွဲ့ ကို နိုင်ငံတနိုင်ငံရဲ့ အစိုးရ အဖြစ် အသိအမှတ်ပြုပြီး ဆက်ဆံဖို့လည်း အခက်အခဲတွေရှိနေသေးတယ်လို့ ဆိုရမယ့် အခြေအနေပါ။ 

မြန်မာစစ်ကောင်စီက မြန်မာနိုင်ငံရဲ့ အစိုးရနေရာမှာ လုပ်ထုံးလုပ်နည်းဆိုင်ရာအရ ရှိနေဆဲ ဖြစ်တယ်လို့ အိမ်နီးချင်းနိုင်ငံအစိုးရတွေ အနေနဲ့ မှတ်ယူထားဆဲ ဖြစ်တာကြောင့် ULA/AA ကို ရခိုင်ပြည်နယ်ရဲ့ နယ်မြေတွေကို သိမ်းယူအုပ်ချုပ်နေတဲ့ အဖွဲ့အစည်းအဖြစ် မှတ်ယူပေမယ့် ရခိုင်ပြည်နယ်က ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားမလဲဆိုတဲ့ အပေါ်မူတည်ကာ အိမ်နီးချင်းနိုင်ငံအနေနဲ့ ဆက်ဆံမယ့် နည်းနာကို ဆုံးဖြတ်ကြမယ်လို့ ယူဆရပါတယ်။ 

တဖက်မှာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ပြည်တွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ နဲ့ ရင်ဆိုင်နေရပြီး ယာယီအစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေးကို ကိုင်တွယ်ဖို့ မူဝါဒ၊ နည်းနာ အသစ်တခု ဖော်ထုတ်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အခြေအနေဖြစ်ပါတယ်။ ရွေးကောက်ခံ အစိုးရတရပ် ပေါ်ထွက်လာတဲ့ အနေအထားရောက်မှ ရိုဟင်ဂျာအရေး အစိုးရရဲ့ မူဝါဒ တခု ချဥ်းကပ်မှုအသစ်တခု ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်ပါတယ်။ 

ရိုဟင်ဂျာ ဒုက္ခသည်အရေးကို တာဝန်ယူထားရတဲ့ ကုလသမဂ္ဂ အဖွဲ့ အနေနဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီ ရန်ပုံငွေတွေ ခုနှစ်ပိုင်းမှာ ဆိုးရွားစွာ လျော့ကျလာနေတဲ့ အခြေအနေ ရင်ဆိုင်နေရတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဖြစ်နိုင်ခြေတွေကို အပူတပြင်းရှာဖွေလိုတဲ့ ဆန္ဒရှိနေတာလို့ ဆိုရင် မှားမယ် မထင်ပါ။ 

၂၀၁၇ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်ပွားပြီးနောက် ၂၀၂၁ စစ်အာဏာမသိမ်းမီ ၃ နှစ်တာကာလအတွင်း NLD အစိုးရ အနေနဲ့ ပြန်လည်နေရာချထားရေးအတွက် ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် အဲဒီကြိုးပမ်းမှုတွေက ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး စတဲ့ အချက်တွေမှာ ဒုက္ခသည်အရေး ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ NLD အစိုးရ အကြား ကွာဟမှုတွေ ရှိနေခဲ့ရာက ပြန်လည်နေရာချထားရေး အစီအစဥ်မှာ ရာဂဏန်းမျှသော ဒုက္ခသည်တွေသာ ပြန်လည်ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ဆောင်ရွက်နိုင်ခဲ့ရင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်မယ် ဆိုတဲ့ ရှုထောင့်ကတွေးပြီး နေရပ်ပြန်လက်ခံရေး အစီအစဥ်တချို့ကို လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်တပ်က ဦးစီးတဲ့ အစီအစဥ်က ဒုက္ခသည်တွေအဖို့ ယုံကြည်မှု မရှိကြတဲ့ အနေအထားမို့ အကောင်အထည်မပေါ်ခဲ့ပါဘူး။ 

ရိုဟင်ဂျာ ဒုက္ခသည် အရေးဟာ ဒီမိုကရေစီ အရေးနဲ့ တိုက်ရိုက်ဆက်နွှယ်နေသလား၊ ဒီမိုကရေစီ နဲ့ အခြေခံလူအခွင့်အရေးကို လေးစားတန်ဖိုးထားမှုတွေက အဓိက ကျသလား၊ အတိတ်က အဖြစ်အပျက်တွေရဲ့ အရိပ်ကြောင့် လူမှုအသိုင်းအဝိုင်းနှစ်ခုအကြားက နားလည်မှုလွဲမှားနေခဲ့ကြတဲ့ အနေအထားက လွတ်မြောက်ဖို့က အဓိကကျသလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပြီး ဒီမေးခွန်းတွေကို ဒီအရေးမှာ ပတ်သက် တာဝန်ရှိတဲ့ နိုင်ငံရေး စစ်ရေးအဖွဲ့အစည်း အားလုံးက ဆွေးနွေး အဖြေရှာကြရမှာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar