Breaking News

ပူတင် အစိုးရနဲ့ မြန်မာစစ်ကောင်စီ ဆက်ဆံရေးနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ အခင်းအကျင်းအရွေ့

မြန်မာနွေဦးခရိုနီကယ် - မတ် ၆ မြင်ကွင်း

မိုးမခ၊ မတ် ၇၊ ၂၀၂၅

ပူတင် အစိုးရနဲ့ မြန်မာစစ်ကောင်စီ ဆက်ဆံရေးနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ အခင်းအကျင်းအရွေ့

အနောက်ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့ ပူးပေါင်းပါဝင်တဲ့ စစ်ရေးအုပ်စု ဖြစ်တဲ့ NATO အဖွဲ့ဝင်ခွင့် ရှိခြင်း၊ မရှိခြင်းအပေါ် အကြောင်းပြုကာ ယူကရိန်းကို ရုရှားက ဝင်တိုက်ခဲ့ပြီးနောက် အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ ယူကရိန်းက ခုခံတိုက်ခိုက်လာတဲ့ စစ်ပွဲ ၃ နှစ် ကြာမြင့်လာတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ပြောင်းလဲခဲ့ပြီး ယူကရိန်းစစ်ကို ရပ်ဖို့ ဖြစ်တဲ့နည်းနဲ့ လုပ်ဆောင်လာရာမှာ ရုရှားက စစ်ရေး သံတမန်ရေးအရ အသာစီးရလာခဲ့ပါတယ်။ 

အဲဒီလို အခြေအနေမှာ စစ်အာဏာသိမ်း ၄နှစ် သက်တမ်းရှိတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားသမ္မတ ပူတင်က တရားဝင် အလည်လာဖို့ ဖိတ်ခေါ်တဲ့ ခရီးစဥ် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီခရီးစဥ်အတွက် ဘယ်နှလလောက် သို့မဟုတ် ဘယ်နှသီတင်းပတ် ကြိုတင်ကမ်းလှမ်း သဘောတူခဲ့ကြသလဲ ဆိုတာကို အတိအကျ မသိရပေမယ့် အခုလို ကာလမှာ ဒီခရီးစဥ် ပေါ်ပေါက်လာတာဟာ စစ်ကောင်စီကို ရုရှားသမ္မတ ပူတင်ရဲ့ ထောက်ခံမှု အပြင် နိုင်ငံတကာ သံတမန်အခင်းအကျင်းမှာ ဒိုင်မင်းရှင်းနဲ့ ချိန်ခွင်လျှာ အပြောင်းအလဲက ရုရှားအတွက် အသာရချိန်ဖြစ်လို့ စစ်ကောင်စီ အနေနဲ့ သံတမန်ရေးအရ အောင်မြင်မှုလို့ ယူဆကောင်း ယူဆနိုင်တာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေ ဖြစ်တဲ့ NUG ၊ PDF တပ်ဖွဲ့တွေ၊ EROs လို့ ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ နိုင်ငံတကာမှာ သံတမန်ရေးအရ သော်လည်းကောင်း၊ ရုပ်ဝတ္ထုဆိုင်ရာ အကူအညီအရ သော်လည်းကောင်း လျော့ပါးသွားမယ့် လက္ခဏာတွေ ပေါ်ထွက်လာနေတာမို့လို့ နွေဦးတော်လှန်ရေး၊ စစ်အာဏာရှင် လက်နက်ကိုင်တပ်ကို အပြီးတိုင် အနိုင်ရရေး မျှော်လင့်ချက်တွေကို အားနည်းစေလိမ့်မှာလည်း ဖြစ်ပါတယ်။ 

နိုင်ငံတကာ အနေနဲ့ အထူးသဖြင့် အနောက်အုပ်စုနိုင်ငံတွေ အနေနဲ့ မြန်မာ့အရေးကို ဖိအားပေးဖို့ အပိုင်းမှာ အားလျော့လာနေသလို တဖက်မှာ ရုရှားအနေနဲ့ မြန်မာ့အရေးမှာ ကြီးကြီးမားမား ပါဝင်ပတ်သက်ခြင်း မရှိသည့်တိုင် အာဏာသိမ်းစစ်တပ် အနေနဲ့ စစ်လက်နက် ပစ္စည်း၊ အဆင့်မြင့် နည်းပညာသုံး လက်နက်၊ လေကြောင်းဆိုင်ရာ လက်နက်ခဲယမ်းတွေ အာဏာသိမ်းစစ်တပ်ဆီ ပိုမိုရောင်းချပေးနိုင်ခြေတွေလည်း ရှိလာတဲ့ အချက်တွေကို မြန်မာ့တော်လှန်ရေးအင်အားစုတွေ ဘက်က စိုးရိမ်မှုတွေ ပေါ်ထွက်လာနေတာ ကြားသိနေရတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ လတ်တလော ရုရှားခရီးစဥ်ကို သံတမန်ရေး အရရော ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ စစ်ပွဲတွေ အတွက်လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ ခေတ်မှီနည်းပညာပစ္စည်းတွေ ဖြစ်တဲ့ ဒရုန်းလို အသေးစား စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ အခွင့်အလမ်းအဖြစ် အသုံးချ မှာ အသေအချာဖြစ်ပါတယ်။ ယခင်နှစ်တွေကတည်းက မှာယူထားတဲ့ ရုရှားထုတ် စစ်တိုက်လေယာဥ် အချို့လည်း မကြာသေးခင်ကမှ မြန်မာစစ်တပ်က လက်ခံရရှိခဲ့တာ ဖြစ်သလို လက်ရှိ လိုအပ်နေတဲ့ စစ်လက်နက်ခဲယမ်းနဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေကို ထပ်မံဝယ်ယူဖို့ ခရီးစဥ်အတွင်း ကြိုးပမ်းလိမ့်မယ် ဆိုတာ သံသယ မရှိပါဘူး။ 

စစ်ခေါင်းဆောင်ရဲ့ ခရီးစဥ်အတွင်း ရုရှားနဲ့ စစ်ကောင်စီအကြား သဘောတူမှု ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့ကြရမှာ အသေးစား အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ဖို့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။ မီဂါဝပ် ၁၀၀ ဝန်းကျင် ထုတ်လုပ်နိုင်မယ့် စက်ရုံက မြန်မာနိုင်ငံရဲ့ လိုအပ်ချက်ဖြစ်တဲ့ မီဂါဝပ် ၄၀၀၀ ကျော်နဲ့ နှိုင်းယှဥ်ကြည့်ရင် အပုံ ၄၀ ပုံ တပုံခန့်သာ ရှိပေမယ့် နည်းပညာအားဖြင့် သို့မဟုတ် စစ်ကောင်စီအဖို့ ဂုဏ်သိက္ခာအားဖြင့် အကျိုးအမြတ်ရမယ့် စီမံကိန်းလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ 

နောက်ထပ် သဘောတူညီမှုတခု က ထားဝယ် ရေနက်ဆိပ်ကမ်း နဲ့ အထူးစီးပွားရေးဇုန်မှာ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းမှာ သဘောတူခဲ့ကြတဲ့ ယခင် ထိုင်း-အီတာလျံကုမ္ပဏီ စတင် ဖော်ဆောင်ဖို့ လုပ်ခဲ့တဲ့ ထားဝယ်မြို့အနီးက ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းမှာ ရုရှားက ဝင်ရောက်လာဖို့ အစပျိုးလာတာလည်း တွေ့ရပါတယ်။ လက်ရှိ အခြေအနေမှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်လို နေရာမျိုးက တည်ငြိမ်မှု မရှိသေးတာကိုလည်း ရုရှားဘက်က သိရှိပြီး ဖြစ်ပါလိမ့်မယ်။ ရုရှား အနေနဲ့လည်း ဒီလို အခြေအနေ အောက်မှာ အစပျိုးထားတဲ့ သဘောလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ်ဟာ ခြုံကြည့်ရင် ကုန်လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်တနှစ်တာအတွင်း နယ်မြေအများအပြားကို လက်လွှတ်လိုက်ရလို့ စစ်ရေးအရ ဆုံးရှုံးနေတဲ့ အာဏာသိမ်း စစ်ကောင်စီအဖို့ ၂၀၂၅ နှစ်ဆန်းမှာ ရုရှားရဲ့ တရားဝင်ဖိတ်ကြားမှုနဲ့ ကျားကန်ဖို့ ကြိုးစားမှုတခု တဖက်မှာလည်း အတ္တလန်တိတ် သမုဒ္ဒရာ ခြားနေတဲ့ အနောက်အုပ်စုနိုင်ငံတွေအကြားက မဟာမိတ်ဆက်ဆံရေးတွေ ပြန်လည်ချိန်ညှိနေရတဲ့ အခြေအနေကို စစ်ကောင်စီအဖို့ သူ့အတွက် နိုင်ငံရေး အကျိုးအမြတ်အဖြစ် အသုံးချဖို့ ကြိုးစားမှုအဖြစ် ကောက်ချက်ချလို့ ရလိမ့်မှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar