နေကြာ (Lotus Mind) - မုန်တိုင်းစဲရင်တော့ ကမ္ဘာသစ်ရောက်ပြီပေါ့
နေကြာ (Lotus Mind) - မုန်တိုင်းစဲရင်တော့ ကမ္ဘာသစ်ရောက်ပြီပေါ့
မိုးမခ၊ မတ် ၈၊ ၂၀၂၅
ကျမတို့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ဒီမိုကရေစီအရေးတွေအတွက် သွားရာလမ်းဟာ တခြားသော နိုင်ငံတွေရဲ့ အာဏာရှင် လက်အောက်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေထက် ပိုပြီး ရှည်ကြာ ၊ ပိုပြီး ခက်ခဲလွန်းလှပါလားလို့ မတွေးဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။
အရပ်သား အာဏာရှင် ဆိုတာထက် - လက်နက်ကိုင် စစ်တပ်ကို နိုင်ငံရေးအာဏာ၊ စီးပွားရေးအင်ပါယာ အကျိုးစီးပွားတွေအထိ နက်နက်ရှိုင်းရှိုင်း အသုံးချခွင့်ပေးထားခဲ့ ( ရနေခဲ့တဲ့) တဲ့ အခြေအနေတွေကို ပြန်လှည့်ကြည့်ရင်—
ကမ္ဘာ့နိုင်ငံကြီးများရဲ့ ရွေးချယ် ရပ်တည်မှုအပေါ် အခြေခံတဲ့ global order အပြောင်းအလဲတွေတိုင်းမှာ မြန်မာ့ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားမှုတွေအတွက် မျက်နှာသာပေးတဲ့ အခြေအနေမျိုးထက် ဥပေက္ခာပြုခံလိုက်ရတာ၊ နိုင်ငံကြီးများရဲ့ အကျိုးစီးပွားအပေးအယူတွေ ကြားမှာ ပဲလှော်ကြား ဆားညှပ်သလို အဖြစ်မျိုးတွေသာ လက်ဆောင်ရခဲ့ကြတာပါ။
ဒီကြားထဲကပဲ မြန်မာပြည်သူတွေရဲ့ မျိုးဆက်အသီးသီး လက်ဆင့်ကမ်းခဲ့ကြတဲ့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားလူနည်းစုများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူခွင့်နဲ့ ဖယ်ဒရယ်အရေး အရေးတော်ပုံတွေဟာ အလျံတညီးညီး တောက်လောင်နေခဲ့ကြတာ ဖြစ်ပါတယ်။
အခု နွေဦးတော်လှန်ရေးကာလ မတိုင်မီနဲ့ တော်လှန်ရေးကာလရဲ့ ခေတ်ပြိုင် ကမ္ဘာ့ဒီမိုကရေစီ ဖြစ်ထွန်းမှုဟာ အာဏာရှင်တွေ အာဏာသိမ်းမှုတွေ (အာဏာသိမ်းမှုကို တရားဝင်အောင် ဖွဲ့စည်းပုံနဲ့ အာမခံ ပေးထားချက်တွေ အပါအဝင်) နဲ့အတူ ရှိရင်းစွဲ ဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံများအတွင်းမှာပါ ဒီမိုကရက်တစ် နှုန်းစံတွေ လျော့ရဲ လာမှုတွေ ၊ (double standard ကျင့်သုံးမှုတွေ)၊ အများကြိုက်လူအုပ်ကြီးဝါဒ ခေါင်းထောင်လာမှုတွေ၊ အစဉ်အလာ ဒီမိုကရက်တစ် အင်တီကျူးရှင်းတွေရဲ့ စွမ်းဆောင်နိုင်ရည် - စတာတွေဟာ နောက်ပြန်လည်ပြီး ကမ္ဘာ့ဒီမိုကရေစီ မီးရှူးတိုင်ဟာ မုန်တိုင်းကြားမှာ ယိမ်းထိုးနေခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံရေးအာဏာ အထိုင်အပြောင်းအလဲ၊ အလှည့်အပြောင်းတွေကြောင့်ချည်းသက်သက်ကြောင့်ပဲ မြန်မာ့ ဖယ်ဒရယ်အရေး ဒီမိုကရေစီအရေ ဟာ အဝီစိကျခဲ့တာလား ဆိုရင်တော့ - သူ့ချည်းသက်သက်ကြောင့်တော့လည်း မဟုတ်ခဲ့ပြန်ပါဘူး။
လွတ်လပ်ရေး အလွန်ကာလ၊ ကမ္ဘာစစ်အလွန်ကာလ နိုင်ငံတည် ဆောက်ရေးကို အပြိုင်းအရိုင်း လုပ်ဆောင်ကြရမယ့်အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတာ၊ နိုင်ငံရေးသမားတွေအကြား မညီမညွတ် (ဖဆပလ အကွဲအပြဲ နဲ့) မှုတွေကလည်း မြန်မာ့နိုင်ငံရေးမှာ စစ်တပ်သာလျှင် ကယ်တင်ရှင် ဆိုတဲ့ ဇာတ်ကြောင်းကို မရောက် ရောက်အောင် တွန်းပို့တဲ့နေရာမှာ အကြောင်းအထောက်အပံ့ ဖြစ်ခဲ့ရတယ်လို့လည်း သုံးသပ်နိုင်ပါတယိ။
တဖက်မှာလည်း ဖွံ့ဖြိုးမှု နောက်ကျ အချိုးမမျှမှုနဲ့အတူ လူများစု ဗမာနဲ့ ဗမာ မဟုတ်သော လူနည်းစု တိုင်းရင်းသားများ အကြားကိုလည်း ဗမာစစ်တပ်ဟာ (လူမျိုးကြီးဝါဒ အပါအဝင်) လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ ခွဲခြားအုပ်ချုပ်မှု Divide & Rule) ကို ကောင်းကောင်းအသုံးချပြီး မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို ကြီးသထက် ကြီး၊ ခိုင်သထက်ခိုင်အောင်အောင် တည်ဆောက်ယူခဲ့ပြီး တိုင်းပြည်ရဲ့ power center ကို စစ်တပ်အလိုကျသာလျှင် စုစည်းယူခဲ့ကြတာ ဖြစ်ပါတယ်။
ဆိုတော့ ကမ္ဘာ ပါဝါ အထိုင်အရွေ့အပြောင်း - Global Order ၊ Regional Order တွေ ပြောင်းလဲတဲ့အခါတိုင်း မျက်ကွယ်ပြုခံရတဲ့ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖယ်ဒရယ်အရေး လှုပ်ရှားမှုတွေမှာ Power Center ဟာ နိုင်ငံတကာက မျက်စိကျလောက်အောင် တစုတစည်းတည်း (လူထုထောက်ခံမှု အပါအဝင်) အားကောင်းမောင်းသန် မြင်တွေ့ ခဲ့ရတာမျိုး ၊ စုဖွဲ့ နိုင်တာမျိုး မရှိခဲ့ကြတာကိုလည်း အရှိအတိုင်း ရှုမြင် သင်ခန်းစာယူရပါတယ်။
ပစ္စက္ခကာလ အခြေအနေဟာ ရုရှား- ယူကရိန်း ကျူးကျော်စစ်က စလို့၊ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲအလွန်၊ အစိုးရအသစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အမြင် ၊ အမျိုးသားအကျိုးစီးပွားနဲ့ လုံခြုံရေးအပေါ်အမြင်သဘောထားနဲ့ မူဝါဒတွေ ဟာ -world order အသစ်ဆီ ကို တွန်းပို့လိုက်ပြီဖြစ်ကြောင်း နိုင်ငံ့ခေါင်းဆောင်တချို့က စတင်ထုတ်ဖော်ပြောကြားလာကြပြီး ဒီ့အတွက် စုဖွဲ့ပြင်ဆင်လာကြပြီ ဖြစ်ပါတယ်။
ဒီတကြိမ်လည်း မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေး ၊ ဖယ်ဒရယ်အရေး တော်လှန်ရေး တိုက်ပွဲဟာ - အင်အားကြီးနိုင်ငံများရဲ့ အလျော်အစား အပေးအယူ ပါဝါ အရွေ့အပြောင်းတွေ ကြားမှာ - စိန်ခေါ်မှု အသစ်တွေကိုသာ မွေးဖွားပေးလာနေသလား ဆိုတာ - မေ့မထားသင့်တဲ့ ပုစ္ဆာ ဖြစ်လို့နေပါတယ်။
ဒီအတွက် ကျမတို့ ပိုပြီး စည်းလုံးကြရမယ်၊ သမိုင်းသင်ခန်းစာတွေ ယူတတ်ရမယ်။ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးဟာ အင်အားမမျှတတဲ့ နိုင်ငံ စစ်တပ် ဆိုတဲ့ institution ကို ရန်သူအဖြစ် ရင်ဆိုင်နေရတာ ဖြစ်တဲ့အပြင် ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုတွေကြားကနေ အာခံ တွန်းလှန်ရာမှာ မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းဟာ ကမ္ဘာက အသိအမှတ်ပြုရတယ်ဆိုတာ မမေ့မလျော့ ရှိစေချင်တယ်။
မြန်မာ့နွေဦးတော်လှန်ရေးဟာ အာဏာရှင် အဆုံးသတ်မှာလား ? ဒီမိုကရေစီ အဆုံးသတ်မှာလား ဆိုတာကို မှတ်ကျောက်တင်ပေးမယ့် တော်လှန်ရေးလည်း ဖြစ်လို့နေပါတယ်။
နောက်ဆုံး တိုက်ပွဲ၊ ဘယ်သူတွေအတွက် နောက်ဆုံးတိုက်ပွဲလဲ။
ကျမတို့ ကမ္ဘာ့အခင်းအကျင်းအသစ်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာရှိတဲ့ န်ုင်ငံသားတွေ အဖြစ် ကျမတို့ကိုယ်ကို ကျမတို့ ၊ပြန်လည်မွေးဖွားသန့်စင်နိုင်ဖို့ ကျမတို့ ရှုံးလို့မဖြစ်ပါဘူး။
သင်ခန်းစာယူစရာတွေနဲ့အတူ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ညဏ်ပညာကို အမြင့်ဆုံးအထိ တံခွန်ထူရင်း အဆုံးသတ်တိုက်ပွဲနဲ့ မုန်တိုင်းကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်။
“မုန်တိုင်းစဲရင်တော့ ကမ္ဘာသစ်ရောက်ပြီပေါ့။”
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar