Breaking News

နတ်မှူး - “ သိဒ္ဓတ္ထနှင့်ကပ်(ဖ)ကာ

Image- Credit
“ သိဒ္ဓတ္ထနှင့်ကပ်(ဖ)ကာ 
နတ်မှူး
(မိုးမခ) မတ် ၉၊ ၂၀၂၅
တစ်

ကျွန်တော်က တောထွက်ခန်းဟုအမည်ရသည့် ယိုးဒယားသီချင်းကို အလွန်နှစ်သက်သည်။ သိဒ္ဓတ္ထမင်းသားသည် အသက်၂၉ နှစ်အရွယ်တွင် နိက္ခမစော၍တောထွက်ခဲ့သည်။ ထိုတောထွက်ခန်းကို အမည်မသိရှေးစာဆိုက တေးသီချင်း ရေးသားခဲ့သည်။ ရှင်ပြုနားသအလှူများတွင် ထိုသီချင်းကိုတီးဆိုလေ့ရှိပြီး မနက်စောမှာ နား ထောင်ရလျှင် အတော်ကျက်သရေမင်္ဂလာရှိလှသည်။ စာသားရောသံစဉ်ပါ အသက်ပါသည်။ သီချင်း၏အချို့အပိုဒ်လေးများကိုထုတ်နှုတ်တင်ပြချင်ပါသည်။

      “ယသော်ဓရာ၊ နန်းတောင်ညာ၊ သားရာဟုလာ၊ ရွှေမျက်နှာညှိုးလေအောင်သာ၊ ပစ်သွားရှောင်ခွါ၊ အောင်ချာကပ္ပီနန်း”
       “ယသော်မေခင်၊ ရွှေစင်အိရယ်၊ ကြာရင်သိတယ်၊ ရိပ်မိမယ်၊ သန်းခေါင်လယ်၊ ထွက်တော်မူနန်းကခွါတယ်၊ မောင်ဘုန်းပျောက်တယ်၊ ဆောင်အုံးဗွေမြင့်လယ်”

         သီချင်းရေးဆရာရွေးချယ်ထားသော စကားလုံးများမှာ နှလုံးသားကိုလှုပ်ခတ်နိုင်စွမ်းရှိကြောင်းခံစားနိုင်သည်။ ကျွန်တော်စိတ်ဝင်စားသည့်အပိုဒ်သို့ရောက်လာပါပြီ။

        “သိဒ္ဓတ်ဘုန်းကြွယ်၊ လောင်းလေ့လောင်းမြတ်နွယ်၊ သွယ်သွယ်ထပ်ပွါးနတ်များစွာ၊ မီးဝါတိုင်ထွန်းလေသည့်တာ၊ တေဇာဝေဖြာခေမာကမ်းယံ၊ နိဗ္ဗာန်နန်းကို မြန်းမည့်ကြံ၊ အတန်တန် အတန်တန်၊ မာရ်နတ်လာ ဆင်း၍တားပြန်၊ ဘုရားဖြစ်ရန် အကြံအောင်လုဆဲ”

ဘုရားလောင်းတောထွက်ခန်းတွင် နတ်ကောင်းနှင့်နတ်ဆိုးနှစ်မျိုးတွေ့ရသည်။ နတ်ကောင်းတို့က သိဒ္ဓတ္ထမင်းသား သွားမည့်လမ်းကို မီးထွန်း၍လမ်းပြသည်။ နတ်ဆိုးဖြစ်သော မာရ်နတ်ကမူ မင်းသားကို တောမထွက်ဖြစ်အောင် တားဆီးပိတ်ပင်သည်။ ထီးနန်းစည်းစိမ်ကိုသာစံစားပြီး မိဘုရားယသော်ဓရာ ၊ သားတော် ရာဟုလာတို့နှင့်အတူပျော်ပျော်နေဖို့ နားချသည်။ သူ့အကြံကရှင်းသည်။ မင်းသားကို သုံးလောကထွဋ်ထား ဘုရားမဖြစ်စေချင်၍ ဖြစ်သည်။ သို့သော်မင်းသားက ဘုရားဆုပန်ဖြစ်ပြီး ဘုရားဖြစ်ဖို့ပါရမီဆယ်ပါးကို အသင်္ချေနှင့်ကမ္ဘာများစွာ ဖြည့်ဆည်းခဲ့သူဖြစ်ရာ ဘယ်မှာနောက်ဆုတ်ပါမည်နည်း။ မောင်ဆန်ခြံရံ၍ ကဏ္ဍိကနတ်မြင်းကိုစီးပြီး အနော်မာသောင်ကမ်းသို့လာခဲ့သည်။ နိဗ္ဗာန်နန်းကို မြန်းရန်အတွက် ဆံတော်ကိုစွန့်ပယ်ကာ ရဟန်းပြုခဲ့သည်။ တကယ်တော့ သိဒ္ဓတ္ထမင်းသားသည် သေခြင်းကိုအနိုင်ယူခဲ့သည့် တော်လှန်ရေး သမားတယောက်ဖြစ်သည်။

အဆိုတော်ကြီးဒေါ်မေရှင် သီဆိုခဲ့သည့်အောင်ခြင်းရှစ်ပါးသီချင်းတွင် သဟာယဆရာတင်က ”ဘုရားကိုယှဉ်တု ပလ္လင်လုပြန်ရာ၊ သည်းခံပါ၍အမျက်မထား ၊ ပါရမီဆယ်ပါးနှင့်၊ မာရ်နတ်ရန်တွန်းလှန်ပြန်ရာ၊ မေတ္တာဓာတ်နှင့်ဗုဒ္ဓါမြတ်စွာ၊ ဆောင်နှင်းခဲ့ အောင်ခြင်းပထမပါ” ဟုရေးထားသည်။ မာရ်နတ်သည် ပရနိမ္မိတ ဝသဝတ္တီနတ်ပြည်က နတ်တပါးဖြစ်ပြီး ဘုန်းတန်ခိုးအလွန်ကြီး သော နတ်ဆိုးနတ်ကြမ်းကြီးလည်းဖြစ်သည်။ သူကသုံးဆယ့်တစ်ဘုံကို သူ့အပိုင်အဖြစ်သတ် မှတ်သည်။ လောကီအာရုံကာမဂုဏ်ကသူ၏ လက်နက်ဖြစ်သည်။ သတ္တဝါတွေ တဏှာနွံမှာနစ်ပြီး သံသရာလည်နေလျှင် သူ့ဘက်တော်သား သူ့ကြေးကျွန်များအဖြစ် စာရင်းသွင်းသည်။ မာရဟူသည် သတ်ဖြတ်သူ ညှင်းဆဲနှိပ်စက်သူဟုဆိုလိုသည်။ မာရ်နတ်က သတ္တဝါတို့ကိုဘဝများစွာကျင်လည်ပြီး အကြိမ်ကြိမ်သေရသည်ကို သဘောကျသည်။ နိဝါနခေါ်သည့် တဏှာ၏ လွတ်မြောက်ရာ နိဗ္ဗာန်ကိုမလိုလား။ ဗုဒ္ဓ၏စရိယသုံးပါးဖြစ်သော (ဗုဒ္ဓတ္ထစရိယ၊ ဉာတတ္ထစရိယ၊လောကတ္ထစရိယ) ကိုသူမကြိုက်။ ဘုရားကိုယှဉ်တုပလ္လင်လုသည်မှာ ထိုပလ္လင်ကိုလိုချင်ခြင်းထက် သံသရာ ၏လွတ်မြောက်ရာဖြစ်သော သေခြင်းကင်းသည့် အမတ(နိဗ္ဗာန်) ကိုမနှစ်သက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် မာရ်နတ်က ဘုရားကိုရန်ပြုခဲ့လေသည်။
-

နှစ်

ကာပ်ဖကာ (Franz Kafka)(၁၈၈၃-၁၉၂၄) သည် ၂၀ ရာစု၏ထင်ရှားသောစာရေးဆရာတယောက်ဖြစ်ပြီး ချက်နိုင်ငံ Pragueမြို့မှာမွေးဖွားခဲ့သည်။ ဂျာမန်ဂျူးလူမျိုးဖြစ်ပြီး သူ၏စာပေများကို ဂျာမန်ဘာသာဖြင့် ရေးသားခဲ့သည်။ သူ၏နာမည်ကျော်ဝတ္ထုများမှာ The Trial,The Metamorphosis,The Castle စသည်တို့ ဖြစ်သည်။ Existentialist (ဖြစ်တည်မှု ဝါဒသမား)တယောက်ဖြစ်ပြီး သူ၏ဝတ္ထုများက ဘဝ၏အဓိပ္ပါယ်မဲ့မှု၊ အထီးကျန်ဆန်မှု၊ ရက်စက်မှု၊အားကိုး ရာမဲ့မှု၊ စိုးရိမ်ပူပန်မှု၊ သေလွယ်ပျောက်လွယ်မှု၊ မရေရာမှုစသည်တို့ ပါဝင်သည်။ သူကချက်ကိုစလိုဗက်နိုင်ငံ၏ Prague University မှ ဥပဒေဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့သည်။ အသက်လေးဆယ်အရွယ်တွင် အဆုပ်တီဘီရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူ ၂၆ နှစ်အရွယ် ဒေါက် တာဘွဲ့ရသည့် ၁၉၀၆ ခုနှစ်မှာရေးသားခဲ့သော Give it up(လက်လျှော့လိုက်) အမည်ရသည့် ဝတ္ထု တိုလေးက ကမ္ဘာကျော်သည်။ ထိုဝတ္ထုကိုမျှဝေချင်ပါသည်။

 “ Give it up “

It was very early in the morning,the streets clean and deserted,I was walking to the station.As I compared the tower clock with my watch I realised that it was already much later than I had thought, I had to 
hurry,the shock of this discovery made me unsure of the way,I wasn’t very well acquainted with the town as yet,luckily ,a policeman was nearby,I ran  to him and breathlessly asked him the way. He smiled and said,
“ You asking me the way?”
“Yes”I said.”Since I can’t find it myself.”
“Give it up!Give it up !”he said and turned away with a sudden jerk,like someone who wants to be alone with his laughter.
              Franz Kafka 

      “လက်လျှော့လိုက် “

မနက်စောလွန်း၍ လမ်းများကရှင်းလင်းပြီး လူသူကင်းမဲ့နေသည်။ ကျွန်တော်က ဘူတာရုံသို့ လမ်းလျှောက်နေသည်။ မျှော်စင်ကနာရီနှင့် ကျွန်တော့်လက်ပတ်နာရီကို တိုက်ကြည့်လိုက်တော့ ကျွန်တော့နာရီက ထင်ထားသည်ထက် များစွာနောက်ကျသည်ကို သတိထားမိသည်။ကျွန်တော် အလျင်စလိုလုပ်ရတော့မည်။ သည်ရှာဖွေတွေ့ရှိခြင်း၏ထိတ်လန့်တုန်လှုပ်မှုကလမ်းကို မသေမချာဖြစ်စေခဲ့ပြီ။ ကျွန်တော်က သည်မြို့နှင့်ကောင်းစွာရင်းနှီးကျွမ်ဝင်မရှိသေးပါ။ကံကောင်းထောက်မစွာ အနီးတွင် ရဲတယောက်ကိုတွေ့ရသည်။ သူ့ဆီကိုပြေးသွားပြီး အမော တကောပင် လမ်းကိုမေးလိုက်သည်။
သူကရယ်မောပြီးပြောသည်။
“မောင်ရင်က ကျုပ်ကိုလမ်းမေးတာလား။
“ဟုတ်ကဲ့ ကျွန်တော့်ဖာသာလမ်းမရှာတတ်လို့ပါ” ဟုကျွန်တော်ပြောသည်။
“လက်လျှော့လိုက်၊လက်လျှော့လိုက်” ဟုပြောပြီး သူကတကိုယ်ရေ ရယ်မောချင်သူတယောက်လို ရုတ်တရက်ဆတ်ကနဲ လှည့်ထွက်သွားသည်။
              ဖရန့်(ဇ)ကပ်ဖကာ
-
သုံး

ကပ်ဖကာ၏ “လက်လျှော့လိုက် “ဝတ္ထုတွင် ဇာတ်ကောင်နှစ်ယောက် ပါသည်။ ခရီးသွားလိုသူနှင့်ရဲဝန်ထမ်းတို့ဖြစ်သည်။ နေရာက မြို့တမြို့ဖြစ်ပြီး အချိန်က မနက်အစောကြီးဖြစ်သည်။ စောလွန်းသောကြောင့် လမ်းတွေမှာလူသူကင်းမဲ့နေသည် ဟု ဖော်ပြထားသဖြင့် ခရီးသည်၏ အထီးကျန်မှုက ပေါ်လွင်နေသည်။ ကပ်ဖကာ၂၆ နှစ်သားအရွယ်မှာ ရေးခဲ့သောဝတ္ထုဖြစ်၍ ခရီးသွားကို လူငယ်တယောက်ဟု ယူဆနိုင်သည်။ သူရထားစီးပြီး ခရီးတခုနှင်ဖို့ ဘူတာသို့ သွားရမည်။ မျှော်စင်နာရီနှင့်သူ့လက်ပတ်နာရီကိုတိုက်ကြည့်တော့ သူ့နာရီက အများကြီးနောက်ကျနေပြီ။ ရထားမီဖို့အတွက် ဘူတာကို သူသုတ်ခြေတင်မှဖြစ်တော့မည်။ ထိုလောဆောမှုကြောင့် ထိတ်လန့်တကြားဖြစ်ပြီး ဘူတာကိုဘယ်လမ်းကသွားရမည်မှန်း သူမသိတော့။ သည်မြို့သည်သူခြေချတာမကြာသေးသည့် တစိမ်းမြို့တခုဖြစ်သည်။ မြို့တမြို့ဟုပြောသော်လည်း ချဲ့တွေးလျှင်နိုင်ငံတခုဖြစ်နိုင်သလို လူ့ဘုံလောကလည်း ဖြစ်နိုင်သည်။ နေရာမှား၊ အချိန်မှားပြီးရောက် လာသောခရီးသည်က လူ့လောကထဲကို မျက်စိသူငယ် နားသူငယ်ဖြင့်ရောက်လာသော လူသားတယောက်ဟုလည်း ယူဆနိုင် သည်။

နတ်ကောင်းနတ်မြတ်တို့ စောင်မသလို ခရီးသည်က မလှမ်းမကမ်းမှာ ရဲတယောက်ကိုတွေ့ရသည်။ ထိုရဲဆီကိုပြေးပြီးလမ်းမေးသည်။ ရဲကရယ်ပြီး သူ့ကိုလမ်းမေးတာလားဟုပြောသည်။လမ်းမရှာတတ်၍မေးခြင်းဖြစ် ကြောင်းသူပြောတော့ ရဲက “လက်လျှော့လိုက် လက်လျှောလိုက်” ဟုပြောပြီး ဆတ်ခနဲလှည့်ထွက်သွားသည်။ လှည့်ထွက်သွားသောရဲ၏ မျက်နှာပေးက တယောက်တည်း ရယ်ချင်နေသူနှင့်တူကြောင်း လူငယ်သတိထားမိသည်။ 
ဇာတ်လမ်းက သည်မျှသာ။

နာရီစင်နားမှာ တွေ့ရသောရဲက ဘူတာရုံကိုလမ်းညွှန်မပေးသည်မှာ အလွန်အံ့ဩဖို့ကောင်းသည်။ ဘူတာ ၏တည်နေရာကို မသိ၍မဟုတ်။ ခရီးသွားကို တမင်မပြောချင်၍ဟုယူဆနိုင်သည်။ တကယ်သွေးရိုးသားရိုးမသိခဲ့လျှင်”ဦးမသိပါဘူးကွယ်” ဟုပြောရုံနှင့်လုံလောက်သည်။ သို့သော် သူ့နှုတ်က ဘူတာသွားသည့်လမ်းကို သိမသိ ဘာမှမပြော။ ”လက်လျှော့လိုက်၊လက်လျှော့လိုက်” ဟူသောစကားနှစ်ခွန်းသာ ထွက်လာသည်။ ခရီးသွားမျှော်လင့်မထားသော တားမြစ်မှုဖြစ်သည်။ရဲ ကခရီးသွားကို ခရီးစဉ်အားစွန့်လွှတ်ပြီး အိမ်ပြန်ဖို့ တိုက်တွန်းနေခြင်းဖြစ်သည်။

လူငယ်က ဘူတာလမ်းကို အမောတကော မေးနေသည်ကိုထောက်၍ ထိုခရီးက သူ့အတွက်အလွန်အရေးပါသော ခရီးဖြစ်လိမ့်မည်။ လူငယ်ဟူသည် ထက်မြက်တက်ကြွသည်။သတ္တိရှိပြီး တုံးတိုက်တိုက်ကျားကိုက်ကိုက် ရဲရဲဝံ့ဝံ့ရင်ဆိုင်တတ်သည်။ လူငယ်သွားမည့်ခရီးသည် မတရား မှုမှတရားမျှတမှု၊ ဖိနှိပ်ချုပ်ချယ်မှုမှ လွတ်လပ်မှု ၊ သွေစွန်းမှုမှ ငြိမ်းချမ်းမှု၊ အမှောင်မှအလင်း၊ ငရဲမှနတ်ပြည်သို့သွားမည့် တော်လှန်ခရီးလား။ 
ရဲဟူသည် အာဏာပိုင်အဖွဲ့အစည်း၏ ခွေးသွားစိပ်တခုဖြစ်ပြီး စနစ်ကောင်းအောက်တွင် ပြည်သူကိုစောင့်လျှောက်ကူညီသောဝန်ထမ်းကောင်းဖြစ်၍ စနစ်ဆိုးအောက်တွင် ပြည်သူကိုနှိပ်ကွပ်ချုပ်ခြယ်သော ဝန်ထမ်းဆိုး ဖြစ်သည်။ လမ်းမေးသူတယောက်ကို ရဲကလက်မြှောက်အရှုံးပေးခိုင်းသည်မှာ တရားမလွန်ဘူးလား။ လူတယောက်၏ဆန္ဒနှင့်ဆုံးဖြတ်ချက်ကို ပိတ်ပင်တားဆီးနေခြင်းက လူငယ်၏လွတ်လပ်ခွင့်ကို ထိပါးလိုက်ခြင်းဖြစ်သည်။ ရဲ၏စကားဖြစ်သော “လက် လျှော့လိုက်”ကို ဝတ္ထုခေါင်းစဉ်ပေးထားရာ ထိုစကား၏ အင်အားနှင့်အရေးပါမှုကို ကပ်ဖကာခံစားမိ၍ဖြစ်မည်။ တကယ်တော့ရဲက လူငယ်ဘယ်သွားမည်ကို ရိပ်စားမိ၍ “ အုတ်ရိုးကိုခေါင်းနဲ့တိုက်မလို့လား၊ လုပ်မနေပါနဲ့၊ အရှုံးပေးလိုက်ပါ” ဟု နားချနေခြင်းဖြစ်ကောင်းဖြစ်နိုင် သည်။

သိဒ္ဓတ္ထမင်းသားတောထွက််တော့ မာရ်နတ်ကဘုရားမဖြစ်ဖို့အတွက် မင်းသားကို တားဆီးပိတ်ပင်သည်။ ကပ်ဖကာ၏ လက်လျှော့လိုက်ဝတ္ထုထဲက ရဲက ခရီးသွားကို လက်လျှော့ခိုင်း သည်မှာ မာရ်နတ်၏လုပ်ရပ်မျိုးဖြစ်နေသည်။ ရဲ၏ဝိဉာဉ်မှာ နတ်ဆိုးတကောင် ကိန်းအောင်းနေခဲ့ပြီဟု ကျွန်တော် တွေးနေမိသည်။

တဖန်ထိုရဲက “မင်းကလမ်းမေးတာလား လက်လျှော့လိုက်ကောင်လေး၊ လက်လျှော့လိုက်” ဟု ရယ်မော၍ ပြောသည်။ ရုတ်တရက်ဆတ်ခနဲလှည့်ထွက်သွားတာတောင် တကိုယ်ရေ ရယ်မောချင်သူ တယောက်လို ထွက်သွားခဲ့သည်ဟု ကပ်ဖကာကရေးခဲ့သည်။ ဘာအူမြူးစရာတွေ့လို့ သူရယ်တာပါလိမ့်။ သရော်သောရယ်ခြင်းလား၊ သွေးအေးရက်စက်သော ရယ်ခြင်းလား။ သိဒ္ဓတ္ထမင်းသားကမူ စိတ္တာ၊ ဆန္ဒာ၊ ဝိရိယာ၊ ဝီမံသာ အဓိပတိလေးပါးဖြင့် ကြိုးစားအားထုတ်၍ သုံးလောကရှင်ပင် ဘုရားစင်စစ် ဧကန်ဖြစ်ခဲ့သည်။ ကပ်ဖကာ ၏ “လက်လျှော့လိုက်”ဝတ္ထုထဲက ဇာတ်လိုက်ကလေးက ရဲ၏စကားကိုနားယောင်ပြီး အိမ်ပြန်အိပ်နေရော့လား။ သို့တည်းမဟုတ် ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် မနက်ရထားနှင့်ပါသွားသည်လား။ လမ်းကဘူတာတခုမှာ ဆွဲချခံရပြီး အချုပ်ခန်းထဲရောက်နေပြီလား ကပ်ဖကာက ဘာမှမပြောခဲ့ပါ။       
လူ့လောက၏ မရေရာမှုကို တွေးကြည့်နိုင်ဖို့ ချန်ထားခဲ့ခြင်းဖြစ်ကောင်းဖြစ်မည်။

သိဒ္ဓတ္ထမင်းသားကဘုရားဖြစ်သည့်တိုင် မာရ်နတ်၏ရန်ပြုမှုကိုခံရသည်။ သို့သော်မေတ္တာတရားဖြင့် မာရ် နတ်ကို အောင်မြင်တော်မူခဲ့သည်။ တချို့သောမာရ်နတ်၏နောက်လိုက်များက မေတ္တာ ပို့လေ ပို၍ကြီးထွားလေဖြစ်သည်။ ထိခိုက်လွယ်သော သာမန်လူသားအဖို့ အောင်ပွဲမရခင် ရန်သူ၏လက်ချက်ဖြင့် အသက်ထွက်သည့် သာဓကများစွာ သမိုင်းမှာ အထင်အရှားရှိနေသည်ကို ကပ်ဖကာကသိနေလိမ့်မည်။ သူ၏ “လက် လျှော့လိုက်”ဝတ္ထုတိုလေးတွင် ကပ်ဖကာက တဟဲဟဲရယ်နေသည့် ရဲတယောက်ကို ထည့်ရေးခဲ့သည်။ ခေတ်ဆိုးကာလတွင် လူအများက မျက်ရည်ပေါက်ကြီးငယ် ကျနေရသော်လည်း တချို့စာနာမှုကင်းသော လူတို့က ရက်စက်သောနှလုံးသားဖြင့် ရယ်မောနေနိုင်ကြကြောင်း ကပ်ဖကာက အသိပေးလိုပုံရသည်။ သူ့ဇာတ်လိုက်လေး  ဘာဖြစ်သွားကြောင်းကပ်ဖကာက ရေးမထား။ သို့သော်ထိုဝတ္ထု၏အရှင်သခင် ကပ်ဖကာကမူ နှမျောစရာကောင်းစွာ အသက်လေးဆယ်အရွယ်မှာ အဆုပ်တီဘီရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ သူရေးခဲ့သော တွေးစရာများစွာပါသည့် Give it up(လက်လျှော့လိုက်) ဝတ္ထုလေးက စာပေနယ်မှာ ယနေ့တိုင် အောင်လံတလူလူ လွှင့်ထူနေဆဲဖြစ်သည်။

ချစ်ခင်စွာ ...  
နတ်မှူး
-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar