Breaking News

သမ္မတ အမိန့်နဲ့ ဗီအိုအေမြန်မာပိုင်း အစီအစဥ် ခေတ္တရပ်ဆိုင်း၊ လစ်ဘရယ်အယူအဆ ထိုးနှက်ခံနေရတဲ့ အမေရိကန်ပြည်ထောင်စု

မြန်မာနွေဦးခရိုနီကယ် - မတ် ၁၅ မြင်ကွင်း

မိုးမခ၊ မတ် ၁၆၊ ၂၀၂၅ 

သမ္မတ အမိန့်နဲ့ ဗီအိုအေမြန်မာပိုင်း အစီအစဥ် ခေတ္တရပ်ဆိုင်း၊ လစ်ဘရယ်အယူအဆ ထိုးနှက်ခံနေရတဲ့ အမေရိကန်ပြည်ထောင်စု 

အမေရိကန် သမ္မတက USAGM လို့ အတိုကောက်ခေါ်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ကမ္ဘာလုံးဆိုင်ရာမီဒီယာအေဂျင်စီလို့ မြန်မာဘာသာနဲ့ ခေါ်ဆိုနိုင်တဲ့ အစိုးရ အသံလွှင့်အေဂျင်စီတခုလုံး ဝန်ထမ်းတွေ လျှော့ချဖြတ်တောက် ဖို့ အမိန့်ကို လက်မှတ်ထိုးထုတ်ပြန်လိုက်ပါတယ်။ USAGM နဲ့အတူ အခြားသော ဖက်ဒရယ်အစိုးရ အင်စတီကျု ၆ ခုကိုပါ အသုံးစရိတ်၊ ဝန်ထမ်း ဖြတ်တောက်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ 

အမေရိကန် သမ္မတ ထရန့်ရဲ့ အမိန့်က နေ့စဥ် မြန်မာဘာသာနဲ့ ထုတ်လွှင့်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဥ်နဲ့ လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဥ်တွေကို ဘယ်လောက်ထိ သက်ရောက်မှုရှိမလဲဆိုတာ လောလောဆယ်မှာ ရှင်းရှင်းလင်းလင်း မသိသေးပေမယ့် ဒီနေ့ညပိုင်းမှာတင် ဗွီအိုအေ မြန်မာပိုင်းရဲ့ ပုံမှန်ထုတ်လွှင့်နေကျ ညပိုင်းအစီအစဥ်ကို ထုတ်လွှင့်ခြင်း မပြုနိုင်တော့တာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံက မြို့ရော ကျေးလက်မှာပါ နားဆင်ကြည့်ရှုသူ သိန်း၊ သန်းချီ ရှိနေတဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဥ်ကို ယာယီအားဖြင့် ရပ်ဆိုင်းခံရခြင်းဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ ရယူစုစည်းတင်ဆက်နေတဲ့ တခုသော သတင်းအရင်းအမြစ်ကို ရပ်ဆိုင်းသွားတဲ့ အဓိပ္ပါယ်ဖြစ်ပြီး ထိခိုက်သူက မြန်မာနိုင်ငံသူနိုင်ငံသား တွေ ဖြစ်ပါတယ်။ ဒီသတင်းဌာနတွေကနေ နိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စီးပွားရေး လူမှုရေးနဲ့ မိုးလေဝသ သဘာဝဘေးအန္တရာယ် အစရှိတဲ့ နယ်ပယ်အသီးသီးနဲ့ ပတ်သက်တဲ့ သတင်းရပိုင်ခွင့် လျော့ကျစေ မှာ အသေအချာ ဖြစ်ပါတယ်။ 

နာရီအတန်ကြာပြီးနောက် ထပ်မံထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ ထရန့် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ အမိန့်က ဗွီအိုအေတင်မက လွတ်လပ်တဲ့ အာရှအသံမြန်မာပိုင်းကိုလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။ 

ထရန့်ရဲ့ ပထမသက်တမ်း အတွင်းမှာ လစ်ဘရယ်ဒီမိုကရေစီ အယူအဆနဲ့ ပတ်သက်တဲ့ အင်စတီကျူးရှင်းတွေကို ရပ်တန့်သွားအောင် အသုံးစရိတ် ဖြတ်တောက်တာတွေ ထင်ထင်ရှားရှား မရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ သမ္မတအာဏာအလွှဲအပြောင်း ကိစ္စနောက်ပိုင်းကနေ ၄ နှစ်တာအတွင်း ၄င်းအပေါ်  တရားစွဲဆိုမှုတွေ ဖြစ်ပွားခဲ့တဲ့ ကာလတွေမှာ သတင်းမီဒီယာတွေရဲ့ ရေးသားတင်ပြမှုတွေကို မကျေနပ်မှုက အခုလို ဖြတ်တောက်ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့  သတင်းဌာနတွေကို အငြိုးထားခဲ့တယ်လို့ ယူဆရပါတယ်။ 

ထရန့်ရဲ့ ၂၀၂၅ ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်တဲ့ သမ္မတ သက်တမ်းမှာ အထက်က အငြှိုးထားမှုတွေ၊ လက်စားချေတန်ပြန်မယ့် ကိစ္စတွေကို သမ္မတတာဝန်ယူယူချင်းမှာပဲ စတင်အကောင်အထည် ဖေါ်ဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဂျန်ဒါတန်းတူအခွင့်အရေး လှုပ်ရှားမှုတွေ၊ လူနည်စုအရေး လှုပ်ရှားမှုတွေ စတဲ့ လစ်ဘရယ်အယူအဆ လှုပ်ရှားမှုအားလုံးကို အစိုးရ ရန်ပုံငွေထဲက မသုံးစွဲရအောင် ပိတ်ဆို့ ဖြတ်တောက်မှုတွေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး USAID လို့ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီအေဂျင်စီကို ဝန်ထမ်းအများစု အလုပ်မှ ရပ်နားခဲ့သလို USAID က တဆင့် ကမ္ဘာတဝန်းမှာ ပေးနေတဲ့ အကူအညီတွေကိုလည်း ပြန်လည်စိစစ်ပြီး အနည်းငယ်သာ ခွင့်ပြုခဲ့တာက ဒီအကူအညီတွေ အပေါ်မှီခိုနေတဲ့ မြန်မာနိုင်ငံက သတင်းမီဒီယာတွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့အစည်း၊ အရပ်ဖက် အဖွဲ့အစည်း၊ လူနည်းစုအခွင့်အရေး ကျား မ ရေးရာ အခွင့်အရေး လုပ်ဆောင်တဲ့ အဖွဲ့အစည်းအများအပြား ထိခိုက်ခဲ့ရပြီး မကြာခင်မှာပဲ အခုလို အစိုးရရံပုံငွေနဲ့ လည်ပတ် လုပ်ဆောင်နေတဲ့ VOA, RFA တို့လို ကမ္ဘာတဝန်းက ဘာသာစကားအမျိုးမျိုးနဲ့ ထုတ်လွှင့်နေတဲ့  သတင်းဌာနတွေကို ပိတ်သိမ်းဖို့ ထပ်မံလုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက သတင်းဖတ်ရှုနားဆင်သူ ပရိသတ်အနေနဲ့ RFA မြန်မာပိုင်း အစီအစဥ်၊ VOA မြန်မာပိုင်းအစီအစဥ်တွေဟာ နေ့စဥ် ဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာတွေကို ရယူဖို့ အဓိကကျတဲ့ အရင်းအမြစ်တွေ ဖြစ်ကြပါတယ်။ မဆလ ခေတ်လို လွတ်လပ်တဲ့ သတင်းစာ၊ သတင်းဂျာနယ်တွေကို ပိတ်ပင်ထားတဲ့ ခေတ်ကာလ ကတည်းက ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဥ်လိုမျိုးကို အားကိုးခဲ့ကြပြီး ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံကာလ နောက်ပိုင်းမှာ ရေဒီယို သတင်းတွေကို နားထောင်သူ သိသိသာသာ တိုးပွားလာပြီး ၂၀၁၁/၂၀၁၂  ခုနှစ်တွေ နောက်ပိုင်း မိုဘိုင်းအင်တာနက် သုံးလာနိုင်ကြတဲ့ ကာလမှာလည်း အင်တာနက်ကတဆင့် ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဘီဘီစီ နဲ့အခြားသော သတင်းဌာနတွေကို လူထုက သတင်းအချက်အလက် ရယူရာ အရင်းအမြစ်အဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ 

တဖန် ၂၀၂၁ ခုနစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အင်တာနက် ဖြတ်တောက်မှုတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ဆက်သွယ်ရေး ကွန်ရက်တွေ ရပ်ဆိုင်းသွားတာ၊ စစ်ကောင်စီက ဆိုရှယ်မီဒီယာကို အသုံးနည်းအောင် စျေးနှုန်းမြှင့်တင်တာ၊ ပိတ်ပင်တာတွေကြောင့် ရေဒီယိုကို ပြန်လည်အားကိုးလာရတဲ့ ဒေသတွေအများအပြား ရှိလာပြန်တာဖြစ်ပါတယ်။ 

ရေဒီယိုနေ့စဥ် သတင်းဟာ မြန်မာနိုင်ငံက ကျေးလက်၊ နယ်မြို့တွေက လူထု ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက လူထုအတွက် အရေးကြီးတဲ့ သတင်းအချက်အလက် ရယူရာနေရာ ဖြစ်နေတာကြောင့် မြန်မာပိုင်း ရေဒီယို အစီအစဥ် ၂ ခု ရပ်ဆိုင်းသွားခဲ့ရင် မြန်မာ့ သတင်းပရိသတ်မှာကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမှာ အသေအချာပင် ဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုမှာ လစ်ဘရယ် အယူအဆ၊ အတိုက်အခံဒီမိုကရက်တွေနဲ့ အမြင်တူတဲ့ နီးစပ်တဲ့ အယူအဆရှိတဲ့ အစိုးရ ရံပုံငွေထောက်ပံ့တဲ့ အဖွဲ့အစည်း၊ အစိုးရ ယန္တရားတွေကို အာဏာရှင်ဆန်ဆန် ဖျက်သိမ်း၊ ရပ်ဆိုင်းဖို့ အမိန့်ထုတ် လုပ်ဆောင်နေခြင်းဟာ အမေရိကန်ပြည်ထောင်စုတင်မက ကမ္ဘာတဝန်းက လစ်ဘရယ် အယူအဆရှိသူတွေ၊ လစ်ဘရယ် အယူအဆ ဖြန့်ဝေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ ဒီဂယက်က မြန်မာနိုင်ငံက သတင်း ကြည့်ရှုနားဆင်သူတွေအထိ သက်ရောက်မှုတွေ ရှိလာပြီဆိုတာ ဒီနေ့တော့ မျက်ဝါးထင်ထင် မြင်တွေ့လာရပြီ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar