နွေဦးတော်လှန်ရေး၊ သတင်းမီဒီယာ အခန်းကဏ္ဍနဲ့ လူမှုကွန်ရက်မီဒီယာ
မြန်မာနွေဦးခရိုနီကယ် - မတ် ၂၂ မြင်ကွင်း
မိုးမခ၊ မတ် ၂၃၊ ၂၁၂၅
နွေဦးတော်လှန်ရေး၊ သတင်းမီဒီယာ အခန်းကဏ္ဍနဲ့ လူမှုကွန်ရက်မီဒီယာ
နွေဦးတော်လှန်ရေးလို့ ယေဘုယျ အားဖြင့် ခြုံငုံခေါ်ဆိုကြတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ လှုပ်ရှားမှုထဲမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ရည်ရွယ်ချက်၊ ဖက်ဒရယ်စနစ်တည်ထောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကွန်ဖက်ဒရေးရှင်းတို့အတွက် လက်နက်ကိုင် တော်လှန်ရေး အပြင် လူ့အခွင့်အရေး လှုပ်ရှားမှု၊ လူနည်းစု အခွင့်အရေး၊ ဌာနေတိုင်းရင်းသား အခွင့်အရေး၊ အမျိုးသမီးနဲ့ အခြားသောဂျန်ဒါတွေ တန်းတူအခွင့်အရေးတွက် လှုပ်ရှားမှု၊ ဘာသာရေး လူမျိုးရေးအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုချုပ်ငြိမ်းရေး စတဲ့ အရေးကိစ္စတွေ အများအပြား ပေါင်းစည်းပါဝင်နေတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်လို့ သတ်သတ်မှတ်မှတ် အဓိပ္ပာယ်ဖွင့်ဆိုထားတာ မတွေ့ရဘဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခုလုံးကို ယေဘုယျသဘော ခြုံငုံခေါ်ဆိုတယ်လို့ နားလည် သဘောပေါက်မိပါတယ်။
အခု ဒီမှာ ဆွေးနွေးချင်တာက နွေဦးတော်လှန်ရေးမှာ သတင်းမီဒီယာ အခန်းကဏ္ဍ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကို ထောက်ခံမှု အားကောင်းဖို့၊ ရည်ရွယ်ချက်တူသူ အချင်းချင်း သတင်းအချက်အလက် ဖလှယ်ဖို့၊ နောက်ဆုံးအခြေအနေတွေကို အချင်းချင်း အသိပေးဖို့၊ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို လူအများထံ အသိပေးဖို့၊ ပြည်လူထုရဲ့ ထောက်ခံမှု၊ အားပေးမှု နဲ့ လူကိုယ်တိုင် ပါဝင်မှု သို့မဟုတ် ငွေကြေး တတ်ကျွမ်းမှုဖြင့် ပါဝင်ဖို့ စည်းရုံးရေး စတာတွေက သတင်းမီဒီယာ ကတဆင့် သော်လည်းကောင်း လူမှုကွန်ရက်မီဒီယာများပေါ်မှ သော်လည်းကောင်း လုပ်ဆောင်ကြတာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် မှာဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကာလက သမားရိုးကျ သတင်းမီဒီယာတွေ ရှိနှင့်ပြီးဖြစ်ပါတယ်။ မြန်မာပရိသတ်အဖို့ လွတ်လပ်တဲ့ သတင်းမီဒီယာ အနေနဲ့ လှိုင်းတိုစနစ်နဲ့ထုတ်လွှင့်တဲ့ ရေဒီယိုသာရှိပြီး နိုင်ငံတကာမှာတော့ နေ့စဥ်သတင်းစာ၊ အပတ်စဥ် လစဥ်ထုတ် သတင်းမဂ္ဂဇင်းတွေမှာ မြန်မာနိုင်ငံက ရှစ်လေးလုံး လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ နောက်ဆုံးအခြေအနေတွေကို ရေးသားဖော်ပြကြပါတယ်။ မြန်မာသတင်းပရိသတ်အဖို့ နိုင်ငံတကာ သတင်းစာ သတင်းမဂ္ဂဇင်းတွေမှာ ဘယ်လို ဖော်ပြကြတယ်၊ ဘယ်လိုရေးကြတယ်ဆိုတာကို ဘီဘီစီ မြန်မာပိုင်းလို ရေဒီယိုသတင်းတွေက တဆင့် သိရှိခဲ့ကြရတာပါ။
၃၃ နှစ် အကြာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးမှာတော့ ၁၉၈၈ ခုနှစ်နဲ့ မနှိုင်းယှဥ်နိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး ဘက်တော်သားအချင်းချင်း ဆက်သွယ်ရေးရော ပါဝင်လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းအသီးသီးက လူထုကို ဆက်သွယ်တဲ့ သတင်းမီဒီယာတွေလည်း အတိုင်းအတာတခုထိ ဖွံ့ဖြိုးပြီး ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ပြည်တွင်းမှာ အခြေစိုက်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ သုည အနေအထားနဲ့ ၂၀၂၁ ခုနှစ်မှာ ပြည်တွင်းအခြေစိုက် လွတ်လပ်တဲ့ သတင်းမီဒီယာ ရာဂဏန်းနီးပါးရှိနှင့်ပြီး ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ အင်တာနက်၊ လှိုင်းတိုရေဒီယို၊ ဆက်သွယ်ရေး ဂြိုဟ်တု၊ နေ့စဥ်ထုတ်နဲ့ အပတ်စဥ်ထုတ် သတင်းစာစောင်တွေ ရှိနှင့်နေသလို လူမှုကွန်ရက်မီဒီယာတွေက မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါး အရေအတွက်ဖြစ်တဲ့ ၁၈ သန်း ၁၉ သန်းလောက်က သုံးစွဲနေတဲ့ အခြေအနေဖြစ်ပါတယ်။
အိုင်တီနည်းပညာကြောင့် အင်တာနက် ဆက်သွယ်ရေး ကွန်ရက်၊ တားဆီးဖြတ်တောက်လို့ မရတဲ့ နိုင်ငံတကာ ဂြိုဟ်တုဆက်သွယ်ရေးက ထုတ်လွှင့်တဲ့ ရုပ်သံလှိုင်းတွေတွေက နွေဦးတော်လှန်ရေးရဲ့ ထောက်ခံသူ အချင်းချင်း ဆက်သွယ်မှု၊ စုစည်းမှု၊ စုစည်းလုပ်ဆောင်မှု၊ အချိန်ကိုက်လှုပ်ရှားမှုတွေကို ခေတ်သစ်နည်းပညာနဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတွေက အထောက်အကူများစွာ ပေးခဲ့ကြပါတယ်။
ဒီလိုဆက်သွယ်ရေး နည်းပညာ တိုးတက်မှုကြောင့် အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့ ဆက်သွယ်ရေး၊ ချိတ်ဆက်ရေး၊ အချက်အလက်အတည်ပြုမှုနဲ့ စုစည်းလှုပ်ရှားမှု စတာတွေက မိမိတို့ နွေဦးတော်လှန်ရေး ဘက်တော်သားတွေတင်မက တဖက်ဆန့်ကျင်ဘက် စစ်အာဏာရှင်တွေနဲ့ ၄င်းတို့ ထောက်ခံသူတွေလည်း အသုံးပြုနေကြတာ ဖြစ်ပါတယ်။
တဖက်က စစ်အာဏာရှင်ရဲ့ ဝါဒဖြန့်မှုတွေဟာ သတင်းမီဒီယာ ပလက်ဖောင်းတွေပေါ်မှာ ရှိသလို လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းမှာလည်း ရှိနေကြတာ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေး ပါတီက ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေ အကြိုကာလတွေမှာ မဲဆွယ်ရာမှာ အသုံးချဖို့ ထောက်ပံ့ခဲ့တဲ့ မီဒီယာ အချို့ဟာ စစ်အာဏာသိမ်းပြီးနောက်မှာ ကြံ့ခိုင်ရေးနဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ အထောက်အပံ့နဲ့ လည်ပတ်တဲ့ မီဒီယာတွေ ဖြစ်လာကြပါတယ်။ ဥပမာအားဖြင့် လူထုမီဒီယာ (People Media) လို မီဒီယာတွေက စပွန်ဆာပြောင်းသွားပြီး စစ်ကောင်စီရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ်ကာ စစ်ကောင်စီအတွက် ဝါဒဖြန့်ချိရေးတွေ လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖေါ်ပြတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လိုင်စင်ပိတ်သိမ်း၊ ရုံးခန်းတွေ ဝင်စီးတာတွေ လုပ်ဆောင်ခဲ့တဲ့နောက် သတင်းမီဒီယာ အများအပြား တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေ သို့မဟုတ် အိမ်နီးချင်းနိုင်ငံတွေဆီ ပြောင်းရွှေ့ ခဲ့ကြရပြီး ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။ အဆိုပါ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဝင်ငွေပုံစံလည်း ပြောင်းလဲခဲ့ကြပြီး နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုကို မှီခိုရတဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာက နွေဦးတော်လှန်ရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ ဆက်သွယ်ရေး၊ အမြင်တွေ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်ကြတဲ့ ပလက်ဖောင်း တခုဖြစ်သလို လူမှုကွန်ရက်မီဒီယာတွေကလည်း လူထု အချင်းချင်း ဆက်သွယ်ရေးသာမက အဖွဲ့အစည်းတွေရဲ့ လူထုသတင်းပြန်ကြားရေး ကိရိယာလည်း ဖြစ်လာခဲ့တာပါ။ အရင်ခေတ်ကာလတွေကလို သတင်းမီဒီယာက အထက်ကနေ ပရိသတ်ဆီ သတင်းအချက်အလက်နဲ့ အတွေးအမြင် အယူအဆတွေ တဖက်သပ် စီးဆင်းတဲ့ ပုံစံမျိုးတင်မဟုတ်တော့ဘဲ လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းမှာတော့ ပျားအုံ ကွန်ရက်သဖွယ် အချင်းချင်း အားလုံး တိုက်ရိုက်ဆက်သွယ်ထားကြတဲ့ ပလက်ဖောင်းနဲ့ ပုံသဏ္ဌာန်နဲ့ ဆက်သွယ် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ရန်ပုံငွေစုဆောင်းတာ၊ သတင်းအချက်အလက် စုဆောင်းတာတွေကို လူမှုကွန်ရက်မီဒီယာတွေကို အသုံးချပြီး လုပ်ဆောင်နိုင်ကြနေသလို ၄င်းတို့ရဲ့ လှုပ်ရှားမှုတွေကို ထောက်ခံသူ ပရိသတ်ဆီ အသိပေးခြင်းကိုလည်း လူမှုကွန်ရက် မီဒီယာကို သုံးပြီး လုပ်ဆောင်လာနိုင်ကြပြီ ဖြစ်ပါတယ်။
ဒီအနေအထားမှာ လွတ်လပ်တဲ့ သတင်းမီဒီယာ တနည်း Professional သတင်းမီဒီယာတွေ မလိုတော့ဘူးလား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ နွေဦးတော်လှန်ရေးထဲပါဝင်နေတဲ့ အဖွဲ့တွေ တဦးချင်းပုဂ္ဂိုလ်တွေ ကိုယ်တိုင် သတင်းမီဒီယာ မဟုတ်တဲ့ လူမှုကွန်ရက်မီဒီယာတွေကို ကျွမ်းကျင်စွာ အသုံးချနိုင်နေကြပြီ ဖြစ်လို့ မလိုတော့ဘူး သို့မဟုတ် အရေးထားစရာ မလိုတော့ဘူးဆိုတဲ့ စဥ်းစားမှုတွေ လက်တွေ့လုပ်ဆောင်မှုတွေလည်း ရှိနှင့်နေပြီဖြစ်ပါတယ်။
Professional သတင်းမီဒီယာတွေ အနေနဲ့ လူမှုကွန်ရက်မီဒီယာမှာ ဘာဖော်ပြခဲ့တယ် ဆိုတာကို စုစည်းပြီး ပြန်လည် တင်ပြတဲ့ လုပ်ဆောင်မှုမျိုးတွေနဲ့ အနာဂတ်မှာ တည်ရှိဖို့ မလွယ်တော့ပါဘူး။ ၄င်းတို့ရဲ့ အနာဂတ်က လူမှုကွန်ရက်မီဒီယာတွေမှာ မရနိုင်တဲ့ မတွေ့နိုင်တဲ့ သီးခြားကျွမ်းကျင်မှုဆိုင်ရာ တင်ပြမှုတွေ၊ စုံစမ်းဖော်ထုတ် တင်ပြမှုတွေ၊ မတူညီတဲ့ အမြင်ရှုထောင့်တွေကို စုစည်းပြီး နိုင်ငံရေးခေါင်းဆောင်တွေ၊ လူထုခေါင်းဆောင်တွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ရေးသားတင်ပြတာမျိုး၊ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ၊ အင်အားကြီးသူတွေရဲ့ လုပ်ဆောင်မှုအလွဲ၊ ဆုံးဖြတ်မှု အလွဲတွေကို တာဝန်ခံမှုရှိလာအောင် စိန်ခေါ် တင်ပြခြင်းတွေကို ပိုမိုအာရုံစိုက်လုပ်ဆောင်ရမယ့် ခေတ်ကို ရောက်ရှိလာပြီ လို့ ယူဆမိပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar