Breaking News

ကွတ်ခိုင် မုံစီးကျေးရွာ ရွှေတူးတာ ကန့်ကွက်တဲ့ KIA တပ်ဖွဲ့ဝင်နဲ့ ကျေးရွာသားတွေ MNDAA တပ် ပစ်ခတ်လို့ ၆ ဦး သေဆုံး

မြန်မာနွေဦးခရိုနီကယ် - မတ် ၅ မြင်ကွင်း

မိုးမခ၊ မတ် ၆၊ ၂၀၂၅

ကွတ်ခိုင် မုံစီးကျေးရွာ ရွှေတူးတာ ကန့်ကွက်တဲ့ KIA တပ်ဖွဲ့ဝင်နဲ့ ကျေးရွာသားတွေ MNDAA တပ် ပစ်ခတ်လို့ ၆ ဦး သေဆုံး

ပြီးခဲ့တဲ့နှစ်အတွင်း MNDAA က သိမ်းယူထားတဲ့ ကွတ်ခိုင်ခရိုင်ထဲက မုံစီးကျေးရွာနဲ့ အနီးအနားကျေးရွာတွေ သုံးနေတဲ့ ရေထွက်ဦးမှာ ရွှေတူးဖေါ်နေတာကို ကန့်ကွက်တဲ့ KIA တပ်ဖွဲ့ဝင်နဲ့ ကျေးရွာသားတွေကို MNDAA တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ရာမှာ ကျေးရွာသား ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတဲ့ ဖြစ်ရပ်တခု မတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ 

စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တနည်းအားဖြင့် တော်လှန်ရေး အင်အားစုလို့ အများက သတ်မှတ်ထားကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က သယံဇာတတူးဖေါ်မှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြတဲ့ KIA တပ်ဖွဲ့ဝင်နဲ့ အရပ်သား ဒေသခံတွေကို လက်နက်နဲ့ ပစ်ခတ်တာကြောင့် ပထမဆုံး သေဆုံးရတဲ့ အဖြစ်အပျက်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ 

ပြိန်းခမ်းကျေးရွာ အနီးမှာ MNDAA က ခွင့်ပြုချထာားပေးတဲ့ ရွှေတူးတဲ့ လုပ်ကွက် လုပ်ကိုင်နေခြင်းက အနီးအနား ကျေးရွာတွေသုံးစွဲနေတဲ့ ရေထွက်ရှိရာ ကို ထိခိုက်စေမှာ ဖြစ်လို့ ကန့်ကွက်ကြတာလို့ ဒေသတွင်း သတင်းနဲ့ ဆိုရှယ်မီဒီယာ ရေးသားမှုတွေအရ ကနဦးသိရပါတယ်။ 

ဒီဖြစ်ရပ်က ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေနဲ့ ၄င်းတို့ တိုက် ခိုက်သိမ်းယူထားတဲ့ နယ်မြေတွေထဲက တချို့က အခြားသောတိုင်းရင်းသားလူမျိုးစုတွေ အစဥ်အဆက် နေ ထိုင်နေကြတဲ့ဒေသတွေဖြစ်နေခြင်းက ရေရှည်မှာ ပြဿနာတွေပေါ်ထွက်လာနိုင်တဲ့အနေအထားကို ထင်ဟပ်သလို သဘာဝ သယံဇာတ တူးဖော်မှုကြောင့် ဒေသခံတွေရဲ့အကျိုးစီးပွားထိခိုက်တဲ့အခါ ပြဿနာကို ဥပဒေနဲ့ဖြေရှင်းခြင်းထက် လက်နက်နဲ့ပစ်ခတ်ဖြေရှင်းတဲ့ မကောင်းတဲ့ အစဥ်အလာအစပျိုးလာခြင်း သဘောသက် ရောက်နေတာ ဖြစ်ပါတယ်။ 

သဘာဝသယံဇာတတွေဖြစ်တဲ့ ရွှေ၊ သစ်၊ ကျောက်မျက်၊ ရေနံ၊ သတ္တုတို့ထွက်ရှိတဲ့ ဒေသနဲ့ နယ်စပ်ကုန်သွယ် ရေးအခွန်အကောက် ကောက်ခံလို့ရတဲ့ နယ်စပ်ဂိတ်တွေကို သာမန်စိုက်ပျိုးရေးလုပ်ကိုင်တဲ့ နယ်မြေတွေထက် လက်နက်ကိုင်အဖွဲ့တွေကို ပိုမိုဆွဲဆောင်မှုရှိနေတာ အမှန်ပဲဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အချင်းချင်း အကြားမှာ အဲဒီလိုဒေသတွေကို စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် တဖွဲ့နဲ့တဖွဲ့ ပြိုင်ဆိုင်မှု သို့မဟုတ် တိုက်ခိုက်မှုတွေပေါ်ထွက်လာနိုင်တဲ့ အလားအလာလည်း ရှိနေတာ ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အဓိကတိုင်းရင်းသားလူမျိုး ၄ ထက်မနည်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားနေကြတာ ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်မြေသိမ်းယူထားမှုတွေနဲ့ပတ်သက်လို့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းအကြား မကြေလည်မှုတွေရှိနေတဲ့အချက်ကိုလည်း TNLA နဲ့ KIA အကြား ပြီးခဲ့တဲ့လပိုင်းတွေအတွင်း အခြေအတင်တွန်းထိုးတိုက်ခိုက်မှုတွေ၊ KIA တပ်ဖွဲ့ဝင်တွေကို TNLA တပ်ဖွဲ့ဝင်အင်အားအများအပြားက ရိုက်နှက်ခဲ့ကြတဲ့အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ 

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးရေးဂိတ်ကို TNLA က အတင်းရွှေ့ပြောင်းခဲ့တဲ့ ဖြစ်ရပ်လည်း ယခင်နှစ်တွေက ဖြစ်ပွားခဲ့ဖူးပြီး လတ်တလောမှာတော့ ကွတ်ခိုင်၊ နမ့်ဖတ်ကာ စတဲ့ဒေသတွေ မှာ KIA နဲ့ TNLA တပ်ဖွဲ့ဝင်တွေအကြား မကြာခဏ အငြင်းပွားမှုတွေ တွန်းတွန်းတိုက်တိုက် ဖြစ်မှုတွေ ဖြစ်ပွားနေတဲ့ သတင်းတွေ တွေ့နေကြရတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ၄င်းတို့ လူမျိုးစုတွေနေထိုင်နေကြတဲ့နယ်မြေကို ထိန်းချုပ်စိုးမိုးမှုနဲ့သယံဇာတထုတ်ယူခွင့်တွေက ထိရှလွယ်တဲ့ကိစ္စရပ်တွေဖြစ်နေကြဦးမှာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်း အရာ ၂ ခုစလုံးက လက်နက်ကိုင်တော်လှန်ရေးရဲ့ ရည်ရွယ်ချက်၊ လက်နက်ကိုင်တော်လှန်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေရရှိဖို့ အဓိကအချက်တွေ ဖြစ်နေတာကြောင့်လည်း ဒီအကြောင်းအရာ ၂ ခုနဲ့ ပတ်သက်လာရင် မဟာမိတ်လို့ဆိုတဲ့အဖွဲ့တွေအကြားမှာ ပွတ်တိုက်မှုတွေ အငြင်းပွားမှုတွေပေါ်ပေါက်စေနိုင်ပြီး ဒီထက်ပိုမိုဆိုး ရွားလာရင် လက်နက်ကိုင် ပဋိပက္ခတွေ အထိ ရောက်ရှိသွားနိုင်တာလည်း ဖြစ်ပါတယ်။ 

စစ်အာဏာရှင်တပ်ကို တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ မိမိတို့အမျိုးသားလွတ် မြောက်ရေးနယ်မြေတွေကို တည်ဆောက်နေကြရသလို အခြားလူမျိုးစုတွေရဲ့နယ်မြေတွေကိုလည်း အသိ အမှတ်ပြု လေးစားဖို့ အရေးကြီးတာဖြစ်ပါတယ်။ 

နယ်မြေတွေ တည်ဆောက်လာနေချိန်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဖြစ်စေ သယံဇာတ ထုတ်ယူမှုနဲ့ ပတ်သက်လို့ဖြစ်စေ အငြင်းပွားမှု၊ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာရင် ဖြေရှင်းနိုင်မယ့် မူဘောင်တခု နဲ့ ဖြေရှင်းရေးစနစ်တခုရှိဖို့လိုအပ်မယ်လို့ မြင်ပါတယ်။ မဟုတ်ခဲ့ရင် တချိန်မဟုတ် တချိန်မှာ လက်နက်ကိုင်တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား သေနတ်ပေါက်တဲ့အဖြစ်တွေ ပေါ်ပေါက်လာနိုင်ခြေလည်း ရှိနေတာကြောင့် ဖြစ်ပါတယ်။ 

နောက်တချက်ကတော့ ပဋိပက္ခဖြစ်ပွားနေဆဲနယ်မြေတွေမှာ စစ်အုပ်ချုပ်ရေးလို့ ခေါ်ဆိုရမယ့် လက်နက် ကိုင်တပ်က အုပ်ချုပ်တာ သဘာဝဖြစ်ပေမယ့် လက်နက်ကိုင်တပ်က အချိန်ကာလတခု ထိန်းချုပ်ထားပြီး နောက်မှာတော့ အတိုင်းအတာတခုထိ အရပ်ဘက်အုပ်ချုပ်ရေးနဲ့အသွင်ပြောင်းနိုင်ဖို့လည်း ရည်မှန်းချက်ထားရှိ ဖို့လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ခဲ့ရင် ယခု မုံစီးကျေးရွာအုပ်စုကဖြစ်ရပ်လို ဒေသခံလူထုနဲ့အချေအတင် ဖြစ်တဲ့ ပြဿနာကို လက်နက်နဲ့ပစ်ခတ်နှိမ်နှင်းတာမျိုးတွေ အနာဂတ်မှာလည်း ပေါ်ပေါက်လာနိုင်ခြေရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒေသခံလူထုတွေအနေနဲ့ အများစုရဲ့အကျိုးစီးပွားထိခိုက်တဲ့ ထိပါးခံရတဲ့ ကိစ္စမျိုးတွေမှာ အုပ်ချုပ်သူတွေကို တုံ့ပြန်ပြောဆို စောဒကတက်ခွင့် နဲ့ဆန္ဒထုတ်ဖော်ခွင့်ရှိနေသင့်တာ ဖြစ်ပြီး ဆန္ဒထုတ်ဖေါ်တာ အခြေအတင်အငြင်းအခုံဖြစ်တာမျိုးကို အင်အားသုံး လက်နက်သုံး မဖြေရှင်းသင့်တာ အမှန်ပဲဖြစ်ပါတယ်။ အင်အားသုံးလက်နက်သုံးဖြေရှင်းခဲ့ရင် တော်လှန်ရေးအင်အားစုလို့ ခေါ်ဆိုနိုင်မှာ မဟုတ်တော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar