ရေးသူ - မြစိန်(ကိုကိုးကျွန်းပြန်) - စနစ်တခုကို တော်လှန်ခဲ့ကြသူများ၊
မိုးမခ၊ မတ် ၆ ၊ ၂၀၂၅
မမျှော်လင့်ဘဲ စာအုပ်တစ်အုပ် ဖတ်ဖြစ်တယ်။ ဆရာကျော်သက်ဟန်က ခဏငှားလို့ပါ။ ဆရာက ဒဂုန်မြို့သစ်အရှေ့ပိုင်းမှာနေတဲ့ စာရေးသူနဲ့လည်း မိတ်ဆက်ပေးပါ သေးတယ်။ စာရေးသူက အသက် ၉၀ ဆယ်ကျော် ပိန်ပိန်ပါးပါး အသားညိုညို။ ထူထဲသော ခြေစွပ်၊ ခေါင်းစွပ်၊ အနွေးထည်များ ဝတ်ဆင်ထားသူ။ ပလတ်စတိတ်ထိုင်ခုံ အနွမ်းတခုပေါ် မှာ ဆေးပေါ့လိပ်တိုကို ဖွာရင်း ကျနော်နဲ့ ဆရာကျော်သက်ဟန်တို့ကို ဧည့်ခံစကားပြောပါတယ်။ တခါတလေ သူရဲ့ တရုတ်လုပ်အနီရောင် ရေဒီယို အဟောင်းကလေး နှစ်လုံးကို မီးလာချိန် အလုအယက် အားသွင်းရင်းပေါ့။ ဆရာတို့နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြတာကို ကျနော် ငေးမော့ရင်းနားထောင်နေမိတယ်။ အပြန်လမ်းမှာတော့ ဆရာက သူ့လက်ထဲ ပါလာတဲ့ စာအုပ်တစ်အုပ် ပြတယ်။ အဲဒါ သူ ရေးတဲ့ စာအုပ်ပဲ။ ခင်ဗျား ဖတ်ချင်ယူသွား။ နောက်တပတ်ကျရင် ပြန်ပေးတဲ့။ ကျနော် စာအုပ်ထဲကတဆင့် ရင်းနှီးခဲ့တဲ့ သူတွေအကြောင်းပါတဲ့ စာအုပ်တစ်အုပ်။
စာရေးဆရာ မြစိန်(ကိုကိုးကျွန်းပြန်) ရေးတဲ့ စနစ်တခုကို တော်လှန်ခဲ့ကြသူများ အမည်ရှိ အတ္ထုပ္ပတ္တိ စာအုပ်ပါ။
စာမျက်နှာ ၂၀၈ မျက်နှာရှိ ၁၆ ချိုးအရွယ်စာအုပ်ပါ။ မျက်နှာဖုံးပန်းချီက မောင်မောင်တိုးဖြစ်ပါတယ်။
ထုတ်ဝေတဲ့တိုက်က journalist publishing ဖြစ်ပါတယ်။
အနီရောင် နောက်ခံမှာ စာရေးဆရာရဲ့ ပုံတူကို မင်ခြစ်နဲ့ ရေးဆွဲထားပါတယ်။ အမှာစာကို စာရေးဆရာထက်မြက်က ရေးထားပါတယ်။
စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေက စာရေးသူရဲ့ ရဲဘော်တွေ မိတ်ဆွေတွေ အကြောင်း တွေထိခံစားမိတာကလေးတွေ ရေးသားထားတာပါ။
သူရဲ့ ရဲဘော်တွေမိတ်ဆွေတွေကတော့—
ကိုကျော်ဝင်း၊
ဆရာကြီးသခင်ကိုယ်တော်မှိုင်း
သခင်သန်းထွန်း
ဗိုလ်ကျော်ဇော
ခါးကြီးစိန်ဝင်း
ဗိုလ်မှူးချစ်ကောင်း
ကိုသက်
ကိုဗဆွေလေး
သခင်ချစ်
ကိုလှတင်အောင်
ကိုလှကြည်
ရဲဘော်စိုးသန်း
ဆရာဦးဗိုလ်နီ
စသူတွေအပြင် သူ ချစ်ခင်လေးစားတဲ့ ရဲဘော်များ မိတ်ဆွေများအကြောင်းနဲ့ သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုများအကြောင်း ရေးသားထားတာပါ။
ဒီစာအုပ်ကို ဖတ်မိတဲ့အခါ တချိန်က နိုင်ငံရေးလှုပ်ရှားခဲ့တဲ့သူတွေရဲ့ ရုပ်ပုံလွှာကို တရေးရေး တွေးမြင်မိပါတယ်။
သားကြီးမောင်ဇေယျ
၄/၃/၂၅
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar