ကွတ်ခိုင်မြို့က KIA ဆက်ဆံရေးရုံးကို TNLA သိမ်းယူရာမှာ ပစ်ခတ်မှုတွေ ရှိ
မြန်မာနွေဦးခရိုနီကယ် - မတ် ၇ မြင်ကွင်း
မိုးမခ၊ မတ် ၈၊ ၂၀၂၅
ကွတ်ခိုင်မြို့က KIA ဆက်ဆံရေးရုံးကို TNLA သိမ်းယူရာမှာ ပစ်ခတ်မှုတွေ ရှိ
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က စစ်ကောင်စီ တပ်တွေကိုတိုက်ခိုက်ပြီးသိမ်းယူခဲ့တဲ့ကွတ်ခိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ရဲ့ဆက်ဆံရေးရုံးကို TNLA တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ပြီး ဝင်သိမ်းခဲ့တဲ့ အဖြစ်အပျက် တရပ် မတ်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက် ဝန်းကျင်က ကွတ်ခိုင်မြို့နယ်ထဲက မုံးစီးကျေးရွာအုပ်စုမှာ ယန္တရားနဲ့ရွှေတူးဖော်မှုကိုကန့်ကွက်ကြတဲ့ရွာသားတွေကို MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေကပစ်ခတ်ခဲ့လို့ ကျေး ရွာသား ၆ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားပြီး ရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့ကို သိမ်းပိုက်ထားတဲ့ TNLA တပ်က KIA ဆက်ဆံရေးရုံးကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခုလို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်းအကြား၊ ဒေသခံတွေနဲ့ အဆိုပါနယ်မြေကို သိမ်းယူအုပ်ချုပ်နေတဲ့ အခြားတိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေအကြား ပဋိ ပက္ခ၊ အငြင်းအခုံဖြစ်တာ၊ သေနတ်နဲ့ပစ်ခတ်တာတွေအထိ ခပ်စိပ်စိပ်ဖြစ်လာနေတာကိုကြည့်ရင် နယ်မြေ စိုးမိုးမှု၊ အုပ်ချုပ်ခွင့်၊ သယံဇာတ စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်ပြီး ဖြေရှင်းရမယ့်အရေးက စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ပဋိပက္ခလျော့ပါးလာတာနဲ့အတူ အချင်းချင်းအကြားနားလည်မှု၊ သဘောတူညီမှု အရေးတကြီး လိုအပ်နေတယ်ဆိုတာကိုညွှန်းဆိုနေပါတယ်။
ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အနက်က ရှမ်းမြောက်ဒေသမှာလှုပ်ရှားတဲ့ SSPP နဲ့ TNLA အကြား၊ အချို့သော ရှမ်းမြောက်နယ်မြေမှာ သမိုင်းအရနေထိုင်လာကြတဲ့ ကချင်တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ မိုးမိတ် ဆင်းလီဒေသနဲ့ပတ်သက်လို့ KIA တပ်နဲ့ TNLA လက်နက်ကိုင်အကြား၊ တဖန် အဆိုပါဒေသမှာပဲ အချို့သောနယ်မြေတွေကိုသိမ်းယူထားတဲ့ MNDAA နဲ့ KIA အကြား၊ MNDAA နဲ့ TNLA အကြား အငြင်းအခုံဖြစ်မှု ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုတွေက ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း မကြာခဏဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် အောက်ခြေတပ်ဖွဲ့အချင်းချင်း အကြား နားလည်မှုလွဲမှားတာလို့ဆိုပေမယ့်လည်း နယ်မြေကို အုပ်ချုပ်စိုးမိုးခွင့်၊ သယံဇာတထုတ်ယူခွင့်နဲ့ ပတ်သက်တဲ့အကြောင်းရင်းခံက အဓိက အချက်ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ဘယ်နယ်မြေကို ဘယ်တိုင်းရင်းသားလက်နက်ကိုင်တပ်က သိမ်းမယ်ဆိုတဲ့အထိ ကြိုတင်တိုင်ပင်မှု၊ စီစဥ်မှုတွေမရှိခဲ့ဘဲ စစ်ကောင်စီတပ်တွေကိုအနိုင်ရဖို့ တိုက်ခိုက်သိမ်းယူရင်း လူမျိုးစုတွေရောနှောနေထိုင်ကြတဲ့ဒေသတွေသာမက အခြားသော လူမျိုးစုတွေနေထိုင်တဲ့ဒေသတွေကိုပါ လုံခြုံရေးအရ စစ်ရေးအရ သိမ်းယူခဲ့တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
၁၀၂၇ စစ်ဆင်ရေးအပြီး အုပ်ချုပ်တဲ့မြေပုံကို ဘယ်အချိန်ဘယ်ကာလအထိ ဆက်လက်ထိန်းချုပ်အုပ်ချုပ်မလဲ ဆိုတဲ့မေးခွန်းက ပေါ်ထွက်လာစရာရှိပါတယ်။ TNLA တပ်အနေနဲ့ အချို့သောနယ်မြေတွေရဲ့ မြို့အဝင် ဆိုင်း ဘုတ်လို၊ မြို့တွင်းမှာရှိတဲ့ အမှတ်အသားနေရာတွေလိုမျိုးက အခြားသောတိုင်းရင်းသားသင်္ကေတတွေ၊ အထူးသဖြင့် ရှမ်းနဲ့ပတ်သက်တဲ့အမှတ်အသားနဲ့စာတွေကိုဖယ်ရှားတာ အစားထိုးတာတွေလုပ်ဆောင်ခဲ့လို့ အငြင်း ပွားစရာတွေဖြစ်ပွားခဲ့တာလည်း တွေ့ကြရပါတယ်။ နမ့်ခမ်းမြို့နယ်ထဲက တရုတ်နိုင်ငံနဲ့ နယ်စပ် မန့်ဝိန်းကြီး ကျေးရွာအဝင် ဆိုင်းဘုတ် နဲ့ မကြာသေးခင်က သီပေါမြို့အဝင်ဆိုင်းဘုတ်တို့ကို ပြင်ဆင်လုပ်ဆောင်ခဲ့တဲ့ အဖြစ်အပျက်တွေက အငြင်းအခုံဖြစ်ပေါ်စေခဲ့ပြီး သီပေါမြို့အဝင် ဆိုင်းဘုတ်ကိုတော့ နဂိုအနေအထားမျိုး ပြန်ပြင်ဆင်ဖို့ TNLA က နောက်ပိုင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။
ကွတ်ခိုင်၊ နမ့်ဖတ်ကာ စတဲ့ ဒေသတွေမှာတော့ TNLA နဲ့ KIA တပ်ဖွဲ့ဝင်တွေအကြား မကြာခဏ ဂိတ်စခန်းဖျက်ဆီးတာ၊ အင်အားသုံး ဖယ်ရှားခိုင်းတာတွေ ဟိုနား သည်နားမှာ ဖြစ်ပွားခဲ့ရာက မကြာသေးတဲ့ သီတင်းပတ်ကတော့ KIA ဂိတ်စခန်းတခုကို အင်အားသုံး ဖယ်ရှားတာ KIA တပ်ဖွဲ့ဝင်တွေကို ရိုက်နှက်ပြီး လက်နက်သိမ်းယူခဲ့တဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီကို တိုက်ခိုက်နေကြတဲ့ တော်လှန်ရေး အင်အားစု လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြား ဒီလို အဖြစ်အပျက်တွေက မြန်မာနိုင်ငံရဲ့ အချို့သောဒေသတွေမှာလည်း ဖြစ်ပွားလေ့ရှိပေမယ့် ရှမ်းမြောက်ဒေသမှာ ပိုမိုဖြစ်ပွားနေတာပါ။ ချင်းပြည်နယ်မှာ ချင်းလက်နက်ကိုင်အဖွဲ့တချို့အကြား တိုက်ခိုက်မှုတွေအထိ ဖြစ် ပွားတာမျိုးလည်း ရှိနေတာ ဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသမှာတော့ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေထဲက အင်အားကြီးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ KIA,MNDAA, TNLA တို့အကြား ဖြစ်ပွားတာ ဖြစ်လို့ ဒီအဖြစ်အပျက်တွေရဲ့ နောက်ခံပြဿနာကိုအဖြေရှာဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသကလက်နက်ကိုင်အဖွဲ့တွေရဲ့အကြား ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့အစည်းတခုဖြစ်တဲ့FPNCC လို့ အတိုကောက်ခေါ်တဲ့ ဖက်ဒရယ် နိုင်ငံရေး ညှိနှိုင်းမှုနဲ့အတိုင်ပင်ခံ ကော်မတီအနေနဲ့ အခုလိုကိစ္စရပ်တွေမှာ ဒိုင်အနေနဲ့ ကြားဝင်ဖြေရှင်းဖို့ဆီလျော်ပါတယ်။ FPNCC ပေါ်ပေါက်လာခြင်းက ၂၀၁၇ ခုနှစ်ဝန်းကျင် ငြိမ်း ချမ်းရေး ညီလာခံတွေကျင်းပခဲ့စဥ် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွေမှာ အခြေစိုက်တဲ့ လက် နက်ကိုင်အဖွဲ့တွေအချင်းချင်း စုစည်းမှုတခု သဘောထားတစုတစည်းတည်းထုတ်ပြန်ဖို့ရည်ရွယ် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် FPNCC ရဲ့ လုပ်ငန်းတာဝန်တွေလည်းနည်းပါးပြီး အစုအဖွဲ့ကတိမ်မြုပ်နေခဲ့တဲ့သဘောလည်းဖြစ်ပါတယ်။ သို့ပေမဲ့ ယခင်နှစ်တွေက ဖြစ်ပွားတဲ့အငြင်းပွားမှုတချို့ကိုတော့ FPNCC ကိုတိုင်ကြားခဲ့အကူအညီတောင်းခံခဲ့တာတွေရှိပေမယ့် လတ်တလောဖြစ်ရပ်တွေနဲ့ပတ်သက်လို့ FPNCC ကို တိုင်ကြားတာမျိုး မကြားသိရပါဘူး။
အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း အရှေ့မြောက်ပိုင်းဒေသက လက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်း ကြားက အငြင်းပွားမှု၊ ပွတ်တိုက်မှုတွေကို ကြားဝင်ဖြေရှင်းပေးနိုင်တဲ့အနေအထားမှာ မရှိတာတွေ့ရပါလိမ့်မယ်။ အချို့သောလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုလုပ်တာမျိုးကို တရုတ်နိုင်ငံကသဘောမကျပါဘူး။
လက်တွေ့ အာဏာ သြဇာအရရော ပထဝီနိုင်ငံရေးအရပါ NUG အနေနဲ့ အရှေ့မြောက်ဒေသက အငြင်းပွားမှုတွေကို ကြားဝင်ဖြေရှင်းပေးနိုင်တဲ့အနေအထားမရှိဘူးလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ တဖက်မှာ စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ဖို့ တိုက်ခိုက်နေရင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအချင်းချင်းအကြား လူမျိုးရေး ပဋိပက္ခ၊ အမျိုးသားရေးဝါဒကို အခြေခံတဲ့ လက်နက်ကိုင် တိုက်ပွဲတွေအထိ ရောက်ရှိမသွားဖို့ လက်နက်ကိုင် အဖွဲ့တွေကို ခေါင်းဆောင်ကြတဲ့ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး အမြော်အမြင်ပေါ်မှာ မူတည်နေတယ်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar