Breaking News

NMDAA နဲ့ စစ်ကောင်စီတို့ရဲ့ ကူမင်းဆွေးနွေးပွဲ အကျိုးဆက်


မြန်မာနွေဦးခရိုနီကယ် - မတ် ၂၃ မြင်ကွင်း

မိုးမခ၊ မတ် ၂၄ ၂၁၂၅


NMDAA နဲ့ စစ်ကောင်စီတို့ရဲ့ ကူမင်းဆွေးနွေးပွဲ အကျိုးဆက်

စစ်ကောင်စီ နဲ့  MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အဆိုပါ ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲ တွေ့ဆုံဆွေးနွေးမှု အဖြစ် ယခုမတ်လ ၂၂ ရက်နေ့မှာ တရုတ်နိုင်ငံကူမင်းမြို့မှာပဲ သဘောတူညီထားတဲ့ အစီအစဥ်အတိုင်း နောက်တကြိမ် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ 

ဆွေးနွေးပွဲ ကျင်းပပြီးရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းအချို့ကတော့ MNDAA အနေနဲ့ လားရှိုးမြို့ကနေ လာမယ့် မေလကုန် သို့မဟုတ် ဇွန်လကုန်မှာ ဆုတ်ခွာပေးရမယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အခုလို ဆွေးနွေးပွဲရဲ့ ရလဒ်တွေကို ဘယ်အဖွဲ့အစည်းကမှ လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုလေ့ မရှိပေမယ့် ပေါက်ကြားစေချင်တဲ့ အချက်အလက်တချို့ းကိုတော့ နီးစပ်တဲ့ အသိုင်းအဝိုင်းက တဆင့် သတင်းမီဒီယာတွေဆီ ပြောဆိုခဲ့တယ်လို့ ယူဆရပါတယ်။ MNDAA နဲ့ စစ်ကောင်စီတို့ရဲ့ ဆွေးနွေးမှုတွေမှာ အခြားသော အကြောင်းအရာတွေလည်း ပါဝင်လိမ့်မယ်လို့ မှန်းဆနိုင်ပေမယ့် လားရှိုးမြို့က ဆုတ်ခွာမှု အကြောင်းအရာက ဆွေးနွေးမှုရဲ့ အဓိက အချက်တချက် ဖြစ်လိမ့်မယ်ဆိုတာတော့ မှန်းဆကြည့်ရင် သိနိုင်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ဘာကြောင့် လားရှိုးမြို့ကို ပြန်လိုချင်ရတာလဲ ဆိုတာ တွေးကြည့်ရင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်တဲ့မြို့၊ ရှမ်းမြောက်ကတဆင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ မြို့၊ ရှမ်းမြောက် ဒေသ ကိုးကန့်၊ ဝ၊ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ် စတဲ့ ဒေသတွေအတွက် လားရှိုးဟာ အချက်အချာကျတဲ့မြို့ တမြို့ဖြစ်သလို ရှမ်းမြောက်အုပ်ချုပ်ရေးအတွက် ရုံးစိုက်ရာမြို့ ဖြစ်တဲ့ အချက် စတာတွေက စစ်ကောင်စီ အဖို့ လားရှိုးမြို့ကို ပြန်ယူလိုရခြင်းရဲ့ အဓိက အချက်တွေ ဖြစ်ပါလိမ့်မယ်။ 

MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ ထိုးစစ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှာ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို လနဲ့ချီ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေခဲ့တာဖြစ်သလို ရှမ်းမြောက်တခွင်မှာ အကြီးဆုံးမြို့ စီးပွားရေး စစ်ရေးအရ အချက်အချာလည်း ဖြစ်လို့ ကြီးမားတဲ့ အောင်ပွဲကို ရခဲ့တာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ ဒီဂုဏ်သိက္ခာကို ရတဲ့နည်းနဲ့ ပြန်ဆယ်ဖို့ ကြိုးစားရာမှာ တရုတ်နိုင်ငံက အဓိကကျတဲ့အခန်းကဏ္ဍမှာရှိပြီး MNDAA ကို လားရှိုးမြို့ကို စွန့်လွှတ်ဖို့ ဖိအားပေးခဲ့တာ အများသိရှိပြီး ဖြစ်ပါတယ်။ မကြာသေးတဲ့ ရက်ပိုင်းတွေက MNDAA လက်နက်ကိုင်တပ်ရဲ့ အရေအတွက်ပမာဏ တချို့ လားရှိုးမြို့ကနေ သိန္နီဘက်ကို ထွက်ခွာသွားကြတဲ့ သတင်းလည်း လူမှုကွန်ရက်မီဒီယာမှာ ရေးသားနေကြတာ တွေ့ရပါတယ်။ အဆိုပါ အဖြစ်အပျက်တွေဟာ MNDAA လားရှိုးက ဆုတ်ခွာဖို့ ပြင်ဆင်မှုတွေရဲ့ တစိတ်တပိုင်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

လားရှိုးမြို့သိမ်းတိုက်ပွဲ မတိုင်ခင်နဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲတွေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းက၊ အရှေ့တောင်ပိုင်းက ပြည်သူ့ကာကွယ်ရေး PDF၊ BPLA, PLA, KNDF အစရှိတဲ့ လက်နက်ကိုင်တပ်တွေ  MNDAA ရဲ့ စစ်ရေးဦးဆောင်မှုအောက်မှာ ပူးပေါင်းပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အခုလို လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာရမယ်ဆိုရင် ဒီစစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အခြားသော လက်နက်ကိုင်တပ်တွေရဲ့ သဘောထား ဘယ်လိုရှိမလဲတော့ မသိနိုင်ပါဘူး။ အဆိုပါ တပ်တွေအနေနဲ့ MNDAA နဲ့ ဘယ်လို သဘောတူညီမှု ပေါ် အခြေခံပြီး ပူးပေါင်းတိုက်ခိုက်ခဲ့ကြသလဲ ဆိုတာ တိတိပပ မသိရှိကြရတာကြောင့် အခုလို အခြေအနေမှာ အထက်ပါ လက်နက်ကိုင်တပ်တွေရဲ့ သဘောထားကိုလည်း မေးမြန်းနိုင်တဲ့အနေအထား မရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီ အဖို့တော့ တရုတ်နိုင်ငံရဲ့ ဖိအား အကူအညီ နဲ့ လားရှိုးမြို့ကို ပြန်လည်ရရှိခဲ့ရင် နောက်နောင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF တပ်ဖွဲ့တွေအကြား ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် တစုံတရာ အနုတ်သဘော သက်ရောက်နိုင်ခြေလည်း ရှိနေတာဖြစ်ပါတယ်။ ဘုံအကျိုးစီးပွားနဲ့ တဖွဲ့ချင်း အကျိုးစီးပွား မတူညီကြတဲ့အခါ တဖွဲ့ချင်း အကျိုးစီးပွားကို ဦးစားပေး ရွေးချယ်လိုက်ကြတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

လားရှိုးမြို့ခံတွေအဖို့တော့ ယမန်နှစ် ဇူလိုင်နဲ့ သြဂုတ်လတွေမှာ မြို့ကနေ လူဦးရေ သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အဖြစ်တွေ၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးကြရတဲ့ မိသားစုဝင်တွေ၊ မြို့က နေအိမ်တွေ လုပ်ငန်းတွေကို စွန့်ခွာထားခဲ့စဥ်မှာ ဖောက်ထွင်း ခိုးယူခံရတဲ့ အဖြစ်တွေ၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည်၊ မီးရှို့မှုတွေကြောင့် ပျက်စီးခဲ့ကြရတဲ့ အိမ်တွေ၊ ပိုင်ဆိုင်မှုတွေကနေ ပြန်လည် နာလန်ထူ ရုန်းထဖို့ ကြိုးစားနေကြစဥ် ကာလမှာ အခုလို လားရှိုးမြို့က စစ်ကောင်စီ လက်ထဲ ပြန်လည်ရောက်ရှိမယ့် အခြေအနေက မရေရာမှုတွေကို ပေါ်ထွက်လာစေတာဖြစ်ပါတယ်။ 

MNDAA ရဲ့ အုပ်ချုပ်မှုအောက်မှာ ၈ လတာ နေထိုင်ခဲ့ရတဲ့ လားရှိုးမြို့က စစ်ကောင်စီ လက်အောက်ကို တဖန်ပြန်ရောက်တဲ့အခါ MNDAA အုပ်ချုပ်မှုကို ထောက်ခံခဲ့ကြတဲ့ မြို့ခံတွေအပေါ် လက်စားချေ အပြစ်ပေးမှုတွေ လုပ်ဆောင်မလား၊ မြို့မှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ စတဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဘယ်လိုဘယ်ပုံ ပြန်လည် လုပ်ဆောင်မှာလဲ စသဖြင့်မြို့ခံတွေ အနေနဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီ ကျဆုံးဖို့ မဟာဗျူဟာတခု၊ ရည်မှန်းချက် တခုအောက်မှာ စစ်ရေးနည်းလမ်းနဲ့ အကောင်အထည်ဖော်ကြတယ်လို့ အများက နားလည်နေကြရာက တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ ၄င်းတို့ရဲ့ နယ်မြေဒေသအလိုက် လွတ်မြောက်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကိုဦးစားပေး ရွေးချယ်ကြတယ်ဆိုတဲ့ ရွေးချယ်မှုဆီ ဦးတည်သွားတယ်လို့ ယူဆလာကြခြင်းဟာ အနာဂတ် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အပေါ် သက်ရောက်မှုရှိစေမှာ အသေအချာဖြစ်ပါတယ်။ 

နိုင်ငံရေးမှာ ရည်မှန်းချက်၊ စံနှုန်းတန်ဖိုး၊ နိုင်ငံရေး အယူဝါဒတွေထက်ကို မိမိအဖွဲ့၊ မိမိတို့ လူမျိုးစု အကျိုးစီးပွားတွေက အစဥ်အဆုံးအဖြတ်ပေးတယ် ဆိုတဲ့ လက်တွေ့နိုင်ငံရေးဝါဒ သို့မဟုတ် လုပ်နည်းလုပ်ဟန်က မှန်ကန်နေတယ်လို့ သက်သေပြလိုက်သလိုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar