TNLA နဲ့ ရှမ်းမြောက်ဒေသက နယ်မြေပိုင်ဆိုင်မှု ပြဿနာ
မြန်မာနွေဦးခရိုနီကယ် - မတ် ၂၆ မြင်ကွင်း
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ ခုနှစ် နှစ်လည်ပိုင်းကာလတွေမှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့လို့ အမည်ပေးထားတဲ့ MNDAA, TNLA နဲ့ AA တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ ရဲ့ စစ်ရေးအောင်မြင်မှု သတင်းတွေ တောက်လျှောက် ပေါ်ထွက်ခဲ့ပြီး နွေဦးတော်လှန်ရေး လှုပ်ရှားမှုကို ထောက်ခံသူတွေ အားလုံး စိတ်အားတက်ကြွကာ ရှမ်းမြောက်ဒေသရဲ့ စစ်ရေး အောင်မြင်မှုတွေက နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲပဲလို့ ထပ်တူပြုနားလည် ခဲ့ကြတာတွေ့ရပါတယ်။
MNDAA က ၄င်းတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ သိမ်းယူ နိုင်ခဲ့ပြီးနောက် သိန္နီမြို့ ကိုလည်း သိမ်းယူခဲ့သလို သိန္နီကနေ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က ကွတ်ခိုင်မြို့ကိုတော့ TNLA က သိမ်းယူခဲ့ပါတယ်။ နောက်ဒုတိယ အကျော့စစ်ဆင်ရေးကာလမှာတော့ MNDAA က ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမဟုတ်တဲ့ လားရှိုးမြို့ကို သိမ်းယူခဲ့သလို TNLA က မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့တွေကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးတွေမှာ AA အနေနဲ့လည်း ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ခဲ့တာ ရှိပေမယ့် နယ်မြေသိမ်းယူ အုပ်ချုပ်မှုတွေမှာတော့ ပါဝင်ခြင်းမရှိပါဘူး။ ဒီဒေသတွေမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေ ဖြစ်ကြတဲ့ တအာန်းပလောင်လူမျိုး၊ ရှမ်း၊ ကချင် နဲ့ ကိုးကန့်လူမျိုးစုတွေရဲ့ ဒေသတွေဖြစ်တာကြောင့် ဒီဒေသတွေကို သိမ်းယူအုပ်ချုပ်ရေးကိစ္စတွေမှာ AA အနေနဲ့ ပါဝင်ခြင်း မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေးဟာ မြောက်ပိုင်းညီနောင်လက်နက်ကိုင် ၃ ဖွဲ့ က လက်နက်ကိုင် အင်အားစုတွေ အပြင် မြန်မာနိုင်ငံ အခြားဒေသက လက်နက်ကိုင် အစုအဖွဲ့တွေပူးပေါင်းပါဝင်ကြတာလည်း ဖြစ်ပါတယ်။ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့၊ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့လို့ အချို့သော သတင်းဖေါ်ပြချက်တွေမှာ တွေ့ကြရပေမယ့် ဘယ်ဒေသက ဘယ်လက်နက်ကိုင် အဖွဲ့တွေ ဘယ်လောက် အရေအတွက်နဲ့ ပါဝင်ခဲ့ကြသလဲဆိုတာတော့ စစ်ရေး အရ လျှို့ဝှက်ချက် တရပ်လည်း ဖြစ်တာကြောင့် တိတိပပ ထုတ်ဖေါ်ပြောဆိုခြင်း မရှိခဲ့ကြပါဘူး။ BPLA၊ PLA၊ KNDF နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့က PDF အဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ ဒေသတွေရဲ့ ၁၀၂၇ စစ်ဆင်ရေးတွေမှာ ဦးဆောင်ကြတာကတော့ MNDAA, TNLA, AA တို့ဖြစ်ပြီး ကျန် လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အထက်က လက်နက်ကိုင် တပ်တွေရဲ့ အမိန့်အောက်မှာ ပူးပေါင်းတိုက်ခိုက်ကြတဲ့ အနေအထားလို့ အများစုက သိရှိထားကြပါတယ်။ ဘယ်လို သဘောတူညီမှုမျိုး ထားရှိခဲ့ကြသလဲ၊ မြို့တွေ၊ နယ်မြေတွေ တိုက်ခိုက်သိမ်းယူပြီးနောက် ဘယ်လိုခွဲဝေမှုမျိုးရှိမလဲ၊ ပူးပေါင်းတိုက်ခိုက်ပေးတဲ့ အခြားဒေသက PDF တွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်အာဏာရှင် ပြုတ်ကျဖို့ ဆိုတဲ့ ရည်မှန်းချက်ခြင်း တူညီမှုတခုထည်းနဲ့ တိုက်ခိုက်ပေးကြတာလား သို့မဟုတ် လက်နက် ခဲယမ်းပေးအပ်မယ့် သဘောတူညီမှုမျိုး ရှိခဲ့ကြတာလား ဆိုတာ ဘယ်အဖွဲ့ကမှ ရှင်းရှင်းလင်းလင်း ထုတ်ပြောခြင်း မရှိကြပါဘူး။ သတင်းမီဒီယာ ၂ ခုလောက်မှာတော့ ဒီစစ်ဆင်ရေးတွေမှာ အခြားဒေသက လက်နက်ကိုင် အဖွဲ့တွေ ပါဝင်နေတဲ့ အကြောင်း၊ “လူပေး လက်နက်ယူ” ဆိုတဲ့ သဘောတူညီမှုနဲ့ အချို့သော PDF လက်နက်ကိုင် အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ပေးခဲ့ကြတယ် ဆိုတဲ့ ရေးသား ဖော်ပြထားတာ တွေ့ရှိရတာက လွဲပြီး အခြားသော အသေးစိတ် အခြေအနေတွေ မသိရှိကြရပါဘူး။ အခြားရှုထောင့်တခုကတော့ PDF တပ်ဖွဲ့တွေ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခိုက်ပြီး စစ်ရေးအတွေ့အကြုံရယူကြတယ် ဆိုတဲ့ ဖော်ပြမှုတွေလည်း တွေ့ရပါတယ်။ အတွေ့အကြုံ ရယူဖို့ သက်သက်နဲ့ မိမိတို့ တပ်ဖွဲ့ဝင်တွေရဲ့ အသက်နဲ့ ရင်းနှီးရတဲ့ ပါဝင်မှုမျိုးကို လုပ်ဆောင်ကြမလားဆိုတဲ့ မေးခွန်းလည်း ရှိနိုင်ပြီးလက်တွေ့ အခြေအနေမှာ အတွေ့အကြုံရယူခြင်းထက် ပိုလိမ့်မယ်လို့လည်း အချို့က ယူဆကြပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယ အကျော့ကာလမှာ TNLA အနေနဲ့ MNDAA က လားရှိုးမြို့ကို သိမ်းယူနိုင်ခဲ့သလိုဘဲ ၄င်းတို့ တပ်ဖွဲ့တွေ အနေနဲ့လည်း နယ်မြေနဲ့ မြို့တွေအများအပြား သိမ်းယူနိုင်ခဲ့ပါတယ်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ သီပေါ စတဲ့မြို့တွေ သိမ်းယူပြီးနောက် အဆိုပါ မြို့တွေအပြင် သိမ်းယူခဲ့တဲ့ နယ်မြေတွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA လို အဖွဲ့တွေနဲ့ နယ်မြေစိုးမိုးမှု ပြဿနာတွေ ခပ်စိတ်စိတ် ပေါ်ထွက်လာပါတယ်။
ကချင်ပြည်နယ် အရှေ့ဘက်နဲ့ မြောက်ပိုင်းဒေသတွေမှာ စစ်ကောင်စီ တပ်စခန်းတွေ နဲ့ ထိန်းချုပ်ထားတဲ့ မြို့တွေ စစ်ဆင်ရေး ဆင်နွှဲနေပြီး အောင်မြင်မှုရနေတဲ့ KIA အဖို့ ဗြိတိသျှ ကိုလိုနီခေတ်က Kachin Sub-state လို့ သတ်မှတ်ခဲ့တဲ့ ကွတ်ခိုင်၊ မိုးမိတ် တို့လိုဒေသတွေမှာ TNLA တပ်ဖွဲ့တွေနဲ့ အောက်ခြေအဆင့် အငြင်းပွားမှု၊ လက်နက်ဖြုတ်သိမ်းကာ နယ်နှင်မှု၊ ဆက်ဆံရေးရုံး ပိတ်သိမ်းတာတွေ ဖြစ်ပွားလာနေပြီး ဒီဖြစ်ရပ်တွေက လူမျိုးစု လွတ်မြောက်ရေး၊ နယ်မြေစိုးမိုးရေး ဖော်ဆောင်ကြရာမှာ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်အဖြစ် ဘယ်လို ဆက်ဆံကြမလဲ၊ နယ်နိမိတ်တွေ စိုးမိုးထိန်းချုပ်တဲ့နယ်မြေတွေ ဘယ်လို သတ်မှတ်ကြမလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း ဖြစ်ပျက်နေတဲ့ ထိတွေ့မှု ပွတ်တိုက်မှုတွေက TNLA အနေနဲ့ နယ်မြေစိုးမိုးမှုအတွက် မဟာမိတ်တွေကို ဆုံးရှုံးခံမလား ဆိုတဲ့ မေးခွန်းမျိုးလည်း ပေါ်ထွက်လာ စေတာဖြစ်ပါတယ်။ စစ်အာဏာရှင်တပ်တွေ ပြီးခဲ့တဲ့နှစ်စကတည်းက တောက်လျှောက် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေကနေ လတ်တလော တောင်ခမ်းဒေသမှာ ဆုံးရှုံးထားတဲ့ စခန်းတွေ ပြန်လည်သိမ်းယူလာနိုင်ပြီး နောင်ချိုမြို့ကို ခြိမ်းခြောက်မယ့်အနေအထားမျိုး ရောက်လာနေချိန်မှာ TNLA အနေနဲ့ မဟာမိတ် ဖြစ်တဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ခိုင်မာတဲ့ မဟာမိတ်၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုမျိုး မရှိမဖြစ်လိုအပ်နေတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် TNLA အနေနဲ့ စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်စဲရတဲ့ အဖြစ်မျိုး မရောက်သည့်တိုင် တရုတ်နိုင်ငံ နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ ကုန်သွယ်မှု၊ ရိက္ခာ၊ လောင်စာဝယ်ယူမှုတွေ စတဲ့အခက်အခဲတွေကို ရင်ဆိုင်ရနိုင်တာ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေက TNLA အဖွဲ့ကို ထိခိုက်စေတာထက် ၄င်းထိန်းချုပ်ထားတဲ့ ဒေသမှာ နေထိုင်သူတွေကို ပိုမိုကြပ်တည်း ခက်ခဲစေပြီး TNLA ကို ဖိအားဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
TNLA အနေဲ့ အမှန်တကယ် စိုးရိမ်သင့်တဲ့ အခြေအနေကတော့ မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေအကြား ယုံကြည်မှု မဆုံးရှုံးသွားဖို့ ဖြစ်ပါတယ်။
ခုရက်ပိုင်း TNLA နဲ့ KIA၊ TNLA နဲ့ SSPP/SSA တို့အကြား ပွတ်တိုက်မှု အငြင်းပွားမှုတွေ နဲ့ ပတ်သက်တဲ့ ဆိုရှယ်မီဒီယာပေါ်က သတင်းတွေမှာ TNLA အပေါ် ထောက်ခံအားပေးမှု လျော့ကျလာတဲ့ မှတ်ချက်တွေ အများအပြား တွေ့လာကြရပါတယ်။ ဆိုရှယ်မီဒီယာပေါ်က မှတ်ချက်တွေ၊ ဝေဖန်ချက်တွေက လော်ဘီလုပ်သူတွေ၊ အကောင့်တွေ အများအပြား ဖန်တီးပြီး ဝါဒဖြန့်ချိမှု လုပ်နေကြတာကြောင့်လို့ ဆိုခဲ့ရင် တစိတ်တပိုင်း မှန်ကန်ပေမယ့် လူထုရဲ့ သဘောထားကိုလည်း တစိတ်တပိုင်း ထင်ဟပ်နေတယ် ဆိုတာကို ငြင်းပယ်လို့မရတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar