ပုဏ္ဏားကျွန်း ဇူးဝေ - ပြောပြချင်တယ် မခင်စိန် (၆)
ပြောပြချင်တယ် မခင်စိန်(၆)
ပုဏ္ဏားကျွန်း ဇူးဝေ
(မိုးမခ) မတ် ၂၇၊ ၂၀၂၅
ကြည့်စမ်းပါဦး မခင်စိန်
ဒီမှာပန်းတွေ တစ်ပွင့်ပြီး တစ်ပွင့်
ပွင့်နေတယ်
ဟိုမှာအနာဂတ်တွေ တစ်ဘဝပြီးတစ်ဘဝ
ကြွေလွင့်ပိတ်မှောင်သွားကြပေါ့
ရင်ဘတ်တွေလည်း နွမ်းလျကြေမွလို့
ခင်မင်သူတွေရဲ့ အနမ်းတွေကို
ပန်းကြွေကောက်သလို
ကောက်မရတဲ့အခါ
အခါကြီး နေ့ကြီးရက်တွေမှာ
တောင်းတဲ့ဆုတွေလည်း
ပြည့်မယ်မထင်ဘူး မခင်စိန် ...နော်။
တွေးကြည့်ရင်
ဖြစ်တည်မှုကိုနှမြောတယ်
ကံကြမ္မာကိုအပြစ်တင်ရင်လည်း
ကိုယ်တွေဟာ လူညံ့ပေါ့
ကြိုးစားခွင့်တောင်မရှိတဲ့ဘဝမှာ
စနစ်တကျတည်ဆောက်ခဲ့သလိုမျိုး
မလုပ်နိုင်ခဲ့ဘူး
မတရားအမိန့်အာဏာရဲ့လမ်းမှာ
ပန်းတိုင်ကို ကမ်းကပ်နိုင်ဖို့စိတ်ကူးနဲ့
အာဏာစင်ကို ဓားတင်ခဲ့သူပါ မခင်စိန်။
ကိုယ့်ဘာသာကိုယ်နားလည်တဲ့
စကားလုံးတွေနဲ့
တိုင်းပြည်ကို အတင်းစည်းလုံး
ဘူတာအိုဟာ ငိုကြွေးရုံကလွဲ၍
ဘယ်ရထားမှ ဆိုက်လာမှာမဟုတ်ဘူး
ဒီလိုနဲ့အဝေးရောက်တွေက
မိသားစုကိုလွမ်း၍တမ်းတတဲ့အခါ
ဒီရာစုမှာ အင်တာနက်မရှိပါ
ဖုန်းလိုင်းမရှိပါ
လူကြုံနဲ့သတင်းစကား
ပါးရအောင်လည်း
ပြန်စရာ ရွာမရှိတော့တဲ့အခါ
ဗုံးဒဏ်ထိသွားတဲ့ ရွာဟာလည်း
အဝေးရောက်တွေကို
မမျှော်တတ်တော့ဘူး မခင်စိန်။
နွေဦးမှာ ပွင့်နေကျ
ကံ့ကော်ပင်ကြီးဟာလည်း
ရိုးတံပြိုင်းပြိုင်းနဲ့ပါလား မခင်စိန်
ရွာဦးမှာတေးဆိုဖူးတဲ့ အချိန်တွေဟာ
သိပ်လွမ်းစရာပေါ့....။
ဘာပဲဖြစ်ဖြစ်
ကြွေလွင့်သွားတဲ့
သူရဲကောင်းတွေအတွက်
တေးကဗျာ တစ်ပုဒ်သီဆိုဖို့
ငါပြန်ရဦးမယ်
ဘာပဲဖြစ်ဖြစ်
သူရဲကောင်းတွေရဲ့နှလုံးသားကို
သေရှာစိုက်ကြည့်ပြီး
အလေးပြုဖို့ ငါပြန်ရဦးမယ်
ဘာပဲဖြစ်ဖြစ်
ဒဏ်ရာရ ရဲဘော်သူရဲကောင်းနဲ့
တညလုံး ထိုင်စကားပြောဖို့
ငါပြန်ရဦးမယ်
အဲဒီညဟာ
ကြယ်တွေ လတွေစုံတဲ့ညပေါ့ မခင်စိန်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar