Breaking News

မောင်ဘဦး - ငရင်(ငလျင်)မိတဲ့ ကြက်၊ ပါဏီထဲက ရေ

မောင်ဘဦး - ငရင်(ငလျင်)မိတဲ့ ကြက်၊ ပါဏီထဲက ရေ

မိုးမခ၊ ဧပြီ ၁၁ ၊ ၂၀၂၅


"သည်နှောင်းတန်ခူး၊ နှစ်ဟောင်းက မကောင်းဘူးဟူသမျှ နှစ်သစ်မှာ ပါမလာရအောင် ကုန်စင်တဲ့အထိ ဖြစ်ပလိုက်စမ်းကွာ"

မုံရွာမှ မန္တလေးသို့ ကားခ ကျသင့်ငွေ ၃ သောင်းခွဲကို ထုတ်ပေးရင်း စိတ်ထဲမှ ပြောဆိုလိုက်ခြင်းသာ ဖြစ်ပါ၏။ ခါတိုင်းဆို မုံရွာ-မန္တလေး၊ ဟွန်တာဖစ်လေးတွေနဲ့ တစ်သောင်းခွဲ။ ရှေ့ ၁ ယောက်၊ နောက်က ၂ ယောက်။ တခါတလေ ၃ ယောက်။ ရှေ့နဲ့နောက် ၃/၄ ယောက်ဆိုတော့ ခါတိုင်းဆိုရင် လေးသောင်းခွဲနှင့် ခြောက်သောင်းကြား။ အခု ရှေ့ ၁၊ နောက် ၂၊ တသိန်းကျော်။ ခရီးမသွားဖြစ်တဲ့ ၃-၄လ အတွင်း အတော်တက်သွားတာပါလား အောက်မေ့မိသည်။

ငလျင်ကြီးအပြီး အစစ ဈေးနှုန်းဟူသမျှ တဟုန်ထိုး ထိုးတက်သည်၊ တက်ပြီးရင်းတက်ရင်း၊ တလူလူတလွင့်လွင့်။ မော့ကြည့်ရလွန်း၍၊ မေးသိုင်းကြိုးတပ်ထားသည့် အရာတော် ငွေတွင်းထန်းဖူးခမောက်ပင်လျှင် ကျွတ်ကျသွားသည်အထိ မှုန်မှုန်လေးသာ မြင်ရလောက်အောင် တက်သည်။

မုံရွာအထွက်၊ စကစ၏မအူဂိတ်က ဈေး စ,တက်သည်။ ကားဆရာက ဂိတ်ရောက်ခါနီးတွင် အဆင်သင့် မိတ္တူဆွဲထားသော စာရွက်လေးနှင့် ဘောပင်ကို ပေးပြီး၊ ခရီးသည်နေရာတွင် မိမိတို့၏ မှတ်ပုံတင်နံပါတ်များ ရေးသွင်းခိုင်းသည်။ ပြီးလျှင် အဆိုပါစာရွက်နှင့် မှတ်ပုံတင်မူရင်းများကို ဂိတ်အဝင်ဝတွင် ပေးထားခဲ့ပြီး၊ အတွင်းထဲသို့ဝင်၍ ကားပတ်မောင်းပြရသည်။

"ဘာတွေပါလဲ?"

"ဘာမှ မပါပါဘူးဗျာ"

တစ်ညလုံး အမူးသောက်ပြီးသော အိပ်ယာထမျက်လုံးနှင့် ခရီးသည် တယောက်ချင်းစီကို ကြည့်ပြီး၊

"သွားတော့"

အတွင်းထဲက စစ်ဆေးသူတွေက သွားတော့သာဆိုသည်။ အတွင်းထဲ၌ ပတ်မောင်းပြပြီး ပြန်အထွက်၊ ဂိတ်ပေါက်ဝတွင် ထားခဲ့သော မှတ်ပုံတင်တွေ ပြန်ယူရာ၌ ရစ်တော့သည်။

"အရာတော်မြို့နယ်ထဲကဆိုရင် မှတ်ပုံတင်တစ်ခုထဲနဲ့ မလုံလောက်ဘူး။ ရဲစခန်းထောက်ခံစာပါ ပါမှ ခရီးသွားလို့ရမယ်။"

"ငလျင်ဘေးကြောင့် ဦးကြီး ဦးလေးတွေကို သွားခေါ်မလို့ပါဗျာ။ သူတို့လည်း မန္တလေးမှာ အရာတော်မှတ်ပုံတင်ကြီးနဲ့ ၄ နှစ်ကျော်ပါပြီ။ လုပ်ပေးပါဗျာ။"

 ပြောလည်းပြော။ လက်ကလည်း တစ်သောင်းတန်တစ်ရွက် ခုန်ကာပေါက်ကာ ပြေးထွက်လေမှ၊

"မန္တလေးအဝင်ဂိတ်ကလည်း ရှိသေးတယ်၊ နှစ်သောင်းတော့ လုပ်ဗျာ။"

ပြောပြောဆိုဆို ငလျင်ကြောင့် ပြိုကျခဲ့လေသော မန္တလေး နန်းမြို့ရိုးနှင့် ကျုံးကြီးပုံပါ တစ်သောင်းတန် ၂ ရွက် ကုန်သွားသည်။ လူဆင်းမနေရစ်ရတာကိုက တော်လှပြီ။ လူခေါ်ထားလျှင်တော့ လူပြန်ပေးက သိန်း ၅၀၀-၁၀၀၀ နဲ့ ပြန်ရွေးမှ။ ခေါ်ထားစဉ်ကာလ ထမင်းဖိုးက ရှိသေး။

နောက်ကဒ် ၂ ခုကတော့ အသက် ၃၀ ပြည့် ကဒ်သစ် မလဲရသေးလို့ တဲ့။ အသက်၃၀၊ ၁လ-စွန်း၊ ဇနီးမောင်နှံအတွက် ၅ထောင်စီ။ တစ်သောင်း။ ပေါင်း ၃ သောင်း။ အညာမှာ တောလုပ် ကြက်သွန်ဖော်၊ ကြက်သွန်ဖြတ်၊ ကြက်သွန်အိတ်ထဲထည့်၊ နေ့တွက် ၃ ရက်စာ။ တခဏလေးအတွင်း ရယူသွားပါ‌လေတော့သည်။

မအူဂိတ်ကျော်သည်နှင့် ကားဆရာက လီဗာကို အသကုန် နင်းတော့သည်။ ချောင်းဦးမြင်းမူ မြောင်လမ်းခွဲ၊ ပီဒက်တို့ စိုးမိုးနယ်မြေထဲ ရောက်ပြီကိုး။ ခွေးသူခိုးစခ,ရခ,ပခတို့မှာ မြို့ထဲလောက်သာ ကုပ်နေရရှာပုံရသည်။ ပီဒက်ဂိတ်တွေကိုတော့ ကားဆရာက အသာအယာပဲ ကျော်ဖြတ်ခဲ့ပြီး၊ မြို့ရှောင်လမ်းကိုကျော်၊ မြို့ထဲကို‌ကွေ့ဝိုက်ကာဖြင့် မြင်းမူတိုးဂိတ်သို့ ရောက်သည်။ ချောင်းဦး-မြင်းမူ လမ်းရှင်းသလောက်၊ မြင်းမူမြို့ထဲတွင် ကားတွေရှုပ် လမ်းပိတ်တော့သည်။ မြင်းမူဈေးရှေ့တွင် ငလျင်ကူညီရေး အလှူခံ ၂ ဖွဲ့ကြီးများတောင် တွေ့ရသည်။ ငွေဖလားကြီးတွေကို တဂျောက်ဂျောက်လှူပ်ကာ အသံချဲ့စက်‌ ဆောင်းဘောက်သီချင်းများ ဖွင့်ကာဖြင့် လူမှုကူညီရေးအသင်းက တစ်ဖွဲ့၊ ငလျင်ကူညီကယ်ဆယ်ရေး မိတ္တူလေးတွေ ကပ်ထားသည့် ဂျပ်စက္ကူပုံးလေးတွေဖြင့် သီချင်းဆိုရင်း အလှူခံနေသည့် ကာရာအိုကေအဖွဲ့က တစ်ဖွဲ့၊ ၂ ဖွဲ့ တွေ့ရသည်။

မြင်းမူတိုးဂိတ်ကိုကျော်၊ ညောင်ပင်ဝန်းသို့ ရောက်၏။ သည်တွင်လည်း ငလျင် အလှူခံအဖွဲ့တွေ တွေ့ပြန်ပါ၏။ ညောင်ပင်ဝန်းတွင် ကားခဏနား၊ အပေါ့အပါး သွားရ၏။ ၂၅၀၀ တန် လက်ဖက်ရည်တော့ မသောက်တော့ပြီ။

မြောင်လမ်းခွဲထိပ်။ တွေ့ပြန်ပါ၏၊ ငလျင် အလှူခံ။ သည်ကနောက် ထီးဆောင်းစက္ခုပါလ၊ အုန်းတော၊ ကောင်းမှူတော်အထိ ငလျင်အလှူခံများကို တွေ့ရ၏။ ငလျင်ဒေသများဆီ သွားရောက်ကူညီလှူကြသည့် အဖွဲ့များစွာကိုလည်း တွေ့ရ၏။ အချို့ သောက်ရေသန့်ဘူးတွေ၊ တချို့ ထမင်းဘူးတွေနှင့်။

ထမင်းထုပ် ထမင်းဘူးတွေကတော့ ငလျင်အပြီး တပတ် ဆယ်ရက်အကြာ၊ ယခုလိုအခါတွင် လိုအပ်တော့မည် မထင်။ စောစောချက်ယူလာတော့ လမ်းပိတ်တာနဲ့ နေမြင့်သည်နှင့် သိုးမှာကြောက်လို့ တွေ့တဲ့သူတွေကို အတင်းထိုးပေး။ တချို့သော လမ်းဘေးတွင် ထမင်းဖော့ဘူးလေးတွေက အစီအရီ။ ခွေးလေးတွေပင် မချီချင် မစားချင်ကြတော့။ ပတ်ဝန်းကျင် သန့်ရှင်းရေး ဆိုသည်ကို သဘောမပေါက်။ မသိရှိကြသေးသည့် နိုင်ငံ။

အို...။ သိသင့်သလောက်တော့ သိကြပါမည်ပဲလေ။ မြန်မာတွေ မခေ။ သမုဒ္ဒရာဝမ်းတစ်ထွာ ဆန်ပြုတ်ကိုသာ အမိအရ ‌ရှာဖွေသောက်နေရသည် ဆိုတော့...။

တခြားအရေးကိစ္စတွေဘက် လှည့်လို့မရအောင် ဆန်ပြုတ်ကိုသာ အလျင်မီအောင် ရှာဖွေသောက်နေကြစေရန် နှစ်ပေါင်း ၆၀ကျော် ပလန်ချပေးထားသူတွေကိုလည်း အံ့ဩ စိတ်နာမိပါ၏။

   "××× ရှာပေဦးတော့ ထ္မင်းထုပ်ကြီးနဲ့×

   ×လူသာ မသိုးရိုးဖြင့်× မှာလိုက်ချင်သည်×"

   ×မဟာပထဝီမြေကြီး××(အီးဟီးဟီ)×

   ×လှန်လှောကာ×ကုန်းလို့ရှာတောင်×

   ×‌တွေ့လိမ့်နိုးနိုး ထင်သည်×××

မြို့မငြိမ်းရဲ့ မန်ဒါလီသီချင်းထဲက မဟာပထဝီမြေကြီးကတော့ဖြင့် လှုပ်ခါပြီးခဲ့ပြီ။ လှန်လှောကာ ကုန်း၍ ရှာကြပါလေ။ ငွေရှာကြသလို အဆောက်အဦ ပြိုပိကြသူတွေကိုလည်း ကုန်းရုန်း၍ ရှာကြပါလေ။ ပြီးလျှင် အဆောက်အဦပျက်တွေကို အမြန်ရှင်းလင်းကြပါလေ။ မပြိုပျက်သေးသော အဆောက်အဦများကိုလည်း မည်၍မည်မျှ ကွဲအက်သည်၊ အဝါ၊ အနီ၊ အစိမ်း မည်သည့်အဆင့်များရှိသည်ကို သတ်မှတ်ပေးနိုင်ရန် အင်ဂျင်နီယာများထံ အမြန်တုံကင်ယူကြပါလေ။ အမှတ်စဉ် တုံကင်သာ လုပ်ပေမင့်၊ လက်လှည့်သင့်ရာ အရင် စစ်ပေးပါမည်လေ။

စစ်ကိုင်းအဝင် ကောင်းမှူတော်ကစ၊ ငလျင်လက်ချက် အုတ်ကျိုးအုတ်ပုံပျက်များကို စတင် တွေ့လာရပြီ။ ကားတွေကလည်း ရပ်တန့်နေရလောက်အောင်အထိ လမ်းပိတ်ဆို့နေ၏။ ငလျင် အလှူရှင် ကားတွေနှင့် ပိတ်သည်။ အလှူရှင်က မင်းသား၊ မင်းသမီး ဆိုပါလျှင် လာကြည့်သူတွေနှင့် ပိတ်သည်။ သည်ကြားထဲ လှူသူယူသူ ဆယ်ဖီဆွဲကြ လိုက်ဖ်လွှင့်နေကြလို့ ပိတ်သည်။

ထူးထူးခြားခြား လမ်းပိတ်ပုံ တခုမှာ၊ ယနေ့ မိမိတို့စီးလာသော ဟွန်ဒါဖစ်ကားလိုမျိုး လိုင်းတခုက ငလျင်အတွက် လိုင်းကား အစီးရေ အစိတ် သုံးဆယ်လောက်၊ တန်းစီပြီး သွားနေကြခြင်း ဖြစ်၏။

"ကျနော်တို့အသင်းက တနေ့က သွားလှူပြီးပြီ။"

ကားဆရာက ‌မရရအောင် ကျော်တက်ရင်းက ပြောပြပါ၏။

"အဲဒီလိုလှူဖို့ ခရီးမသွားမဖြစ် သွားကြရရှာတဲ့ ခရီးသည်တွေဆီ ကားခတွေ ပိုတင်လိုက်တာပေါ့ကွာ။"

သည်စကားကိုတော့ ရင်ထဲကသာ ပြောလိုက်ပါ၏။

"ဒို့အညာမှာ ကြော်ငြာချင်တာက တယ်များလှကွာ။ တကယ်ဆို လှူစရာတွေကို ကားခပ်ကြီးကြီးငှား၊ တင်။ လူ ၄-၅ ယောက်လောက် လိုက်လာပြီးလှူရင် ပြီးနေတဲ့ဥစ္စာ။ ကားအသင်းပါအောင် ကြေညာချင်ကြသကိုးကွ။ ပြီးတော့၊ တစ်တော့ကလည်း တယ်ဆော့ချင်သကိုးကွ။ ငလျင်အလှူခံရရှိငွေထဲကနေ ကားတစီးစီကို ဆီထည့်ပေးတဲ့ စာရင်း၊ လက်ဖက်ရည်ဖိုးစာရင်းက တက်လာဦးမှာ။"

ဆယ်စုနှစ် တစ်ခုကျော်ကြာ လူမှုကူညီရေးတွေကို နောကျေနေအောင် လုပ်လာခဲ့သူမို့ အရွေ့တွေကို တန်းသိနေသည်လေ။

စစ်ကိုင်းမြို့တွင်း ကားပိတ်ဆို့မှုမှ လွတ်မြောက်သည်နှင့် တံတားအသစ်ကြီးပေါ် တက်ရန် ရှေ့ကပိတ်တန်းနေသော ကားတန်းကြီးနောက် ဝင်ရောက်ရပ်လိုက်သည်။ ဂိတ်မရောက်ခင် ခါးပတ်အပတ်ခိုင်းသည်။ မိမိတို့ကလည်း ဂိတ်ကျော်သည်နှင့် ပြန်ဖြုတ်ကြဦးမည်။ ကျောင်းသားဘဝ ဝါးတားဂိတ် မရောက်ခင် ကားခေါင်မိုးပေါ်က ဆင်းရ၊ ဂိတ်ကျော်သည်နှင့် ပြန်တက်ရသည်ကို သတိရမိ၏။

တံတားအသစ်ကြီး ဆောက်ပြီးသည်မှာ မကြာသေး။ ငလျင်ဒဏ်ကြောင့် ချဉ်းကပ်လမ်းတွေ အက်ကုန်သည်။ ပြီးခဲ့သည့် ဒီမမို့တမို အန်အယ်လ်ဒီအစိုးရခေတ်၊ ကျေးလက်အဖွဲ့၏ ရွာချင်းဆက်လမ်း ဖောက်ပေးသည်ကို သွားသတိရမိသည်။ ထိုစဉ်က လမ်းကြိတ်စက်မောင်းသမားလေးက ရေတောင်းသောက်သဖြင့် ရေခပ်ပေးရင်း စပ်စုမိရာ၊ ပါမင့်နင့်ဝန်ထမ်း မဟုတ်ကြောင်း၊ နေ့စားလည်း မဟုတ်ကြောင်း၊ ဆီစားသာ ဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်ကို၊ မဆီမဆိုင်လား ဆီဆီဆိုင်ဆိုင်လား၊ သွားအမှတ်ရမိသည်။

"မင်းတို့ ဗုဒ္ဓဘာသာအမည်ခံတွေအကြား နှစ်ပေါင်း ၁၀၀ နီးပါး နေလာခဲ့တဲ့ 'အဗ'-ငါ။ နှစ်၁၀၀-တိတိ၊ မင်းတို့ကိုကြည့်ပြီး ရင်တွေပူလာလို့၊ ရင်တွေ မလွန်းလို့၊ ရေသောက်ရင်းက၊ အခု မထနိုင်တော့ဘူးကွာ။ 'သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာရ၊ သင်္ကန်းဆီးဆီးချင်း ရွတ်ဆိုခဲ့ကြတဲ့ အာစရိယဆရာ ဆိုတဲ့သူတွေကလည်း၊ လာဘ်လာဘ နည်းမှာ အခြွေရံ နည်းမှာ ကြောက်ရှာကြတော့ မပြောရဲမဆိုရဲ၊ မဆုံးမရဲကြရှာတော့ဘူး။ အလှူခံစားပြီး သနားစရာဘဝ။ မင်းတို့ ပြောတဲ့ သာသနာ့နယ်မြေ စစ်ကိုင်းတောင်တန်းကြီးကို ကြည့်ပြီး ငါ့ရင်တွေ ပူလွန်းလှသကွာ။"

 တံတားအသစ်ကြီးပေါ်အရောက်၊ ဟိုးအနောက်ဆီမှာ ဧရာဝတီမြစ်ရေထဲသို့ ခေါင်းစိုက်နေသည့် အာဗာဘရစ်ခ်ျကြီးက လှမ်းအော် ပြောနေသံကို ကြားလိုက်ရသလိုလို။ ခုလောက်ဆို သံတိုသံစ ကံထရိုက်တွေက သူခိုးဈေးနဲ့ ရှေးဟောင်းတံတားတစင်းစာ ရပြီးသွားလောက်ပြီ။ ရွှေမန္တလေး၏ ဟိုးယခင် ၂၆-ဘီ လမ်းပေါ်က ဓာတ်ရထားသံလမ်းတွေ သွားရာနောက် မလွဲမသွေ လိုက်ရချေတော့မည် လေ။

စစ်ကိုင်း နှာပေါက်က အထွက် အမရပူရဘက်ကို မဝင်ဘဲ ရွှေကြက်ယက် အလွန်၊ ကုန်းပေါ်ကို ဖြတ်တက်၏။ အလယ်လမ်းကို လိုက်၏။ ကုန်းပေါ်သို့ ဖြတ်တက်စဉ် အဆင်းကားတွေကို၊ တက်ရင်းရပ်၍ ရှောင်ပေးရသည်ကလည်း တဒုက္ခ။ အတက်ကားကို ဦးစား မပေးနိုင်ကြတော့လေပြီ တကား။

"ရှေ့ကားတစီးကတော့ ရေတွေ ဖိတ်ကျကုန်ပြီ ထင်တယ်။"

"ရေမဟုတ်ဘူး အဘ။ ငလျင်ကြောင့် ကတ္တရာလမ်း အရှည်လိုက် ထက်ခြမ်းကြီး အက်ကွဲကြောင်း ထင်သွားတာ။"

အညာမှာ စခ,ရခ,ပခတွေ မီးရှို့လို့၊ ပဲ‌လှော်သလို ပြေးရလွှားရ၊ အသတ်ခံကြရတော့၊ ရွှေမန္တလာမှာက သာသာယာယာ။ ည ၁၀ နာရီအထိ သွားကြလာကြ။ ဒါနဲ့ ရွာက ဦးကြီးဦးမင်းတွေကို သွားပို့ထားခဲ့သည်။ ဟော...။ အခုတော့ ငလျင်တွေ ဆက်တိုက်လှူပ်နေလို့ အညာကို ပြန်ခေါ် ရမည်။ ငလျင်တွေက နေ့စဉ်ရက်ဆက် လှုပ်နေသည်မှာ ၁၀ ရက်ကျော် ကြာပြီ။ တော်ကြာ တိုက်ပြို တိုက်ပိ၊ ငလျင်မိသည့်ကြက် ဖြစ်နေကြဦးမည်။

ငလျင်လှုပ်ခါနေစဉ် ကြက်ပေါက်စလေးမှာ ဟိုဟိုသည်သည် သွားလာရင်း ခဏခဏချော်ကာလဲ တော့သည်။ ၎င်းကို အမှီပြု၍ အညာစကားပုံ တခုမှာ၊ ကလေးတွေ အထူးသဖြင့် အရွယ်ငယ် ကလေးမလေးတွေ ပျာယီးပျာယာ သွားရင်းလာရင်း ချော်လဲလျှင်၊ "ဟဲ့...။ ငလျင်မိတဲ့ ကြက်"ဟု၊ နောက်နောင် ဣန္ဒြေရစွာ သွားတတ်အောင် အပြစ်တင်ဆုံးမလေ့ ရှိသည်။

မိမိငယ်စဥ် အလယ်တန်းကျောင်းသားဘဝ၊ အညာမှ မန္တလေးသို့ ကျောင်းသွားနေမည့်ရက် မတိုင်မီ အရင်နေ့ညနေပိုင်းတွင် ပုဂံငလျင်ကြီး လှုပ်ခတ်သဖြင့် ဘုရားတွေ တော်တော်ပြိုခဲ့သည်။ ၁၉၇၅ -၆ တန်းနှစ်။ ယခု ၂၀၂၅၊ နှစ် ၅၀ အကြာ၊ စစ်ကိုင်းငလျင်လား၊ မန္တလေးငလျင်လား။ အကြီးအကျယ် လှုပ်ခပ်ပြန်သည်။ ပညာရှင်တွေကတော့ စစ်ကိုင်း-ဖေါ့လ်စ်၊ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ခတ်သဖြင့် စစ်ကိုင်းငလျင်ဟု ခေါ်ကြသည်။ မALo လဒကတော့ မန္တလေးငလျင်ဟု အတွင်တွင် သုံးစွဲနေလေပြီ။ နန်းမြို့ရိုး ကျုံးပြကွက်တွေကြောင့် ကမ္ဘာ၏အသနားစာလေး နည်းနည်းမှရရ၊ မန္တလေးငလျင်ဟုသာ အမည်သညာ တွင်စေချင်ပုံရသည်။ ပေးစာကမ်းစာ သနားစာလေးများ ရလာလျှင်ဖြင့် ၂၀၀၈ နာဂစ်တုန်းကလို သူတို့ အိတ်ကပ်တွေထဲ ထည့်ဦးမည်မှာ လှုပ်ခါနေသော မဟာပထဝီမြေကြီးကို လက်နှင့်ပုတ်ကြည့်သလို၊ အသေအချာမှ သေသေချာချာ။

ပြီးတော့၊ မည်သည့်နည်းနှင့်ဖြစ်စေ မတရားရယူထားသော ငွေအသပြာတို့သည်လည်း၊ ပါဏီထဲကရေ ပါဏီထဲ ပါသွားဦးမည်မှာ မဟာပထဝီမြေကြီးကို လက်နှင့်ပုတ်ကြည့်သလို၊ အသေအချာမှ သေသေချာချာ။

ဘာပဲဖြစ်ဖြစ်၊ သည်နှောင်းတန်ကူး နှစ်ဟောင်းက မကောင်းဘူးဟူသမျှ နှစ်သစ်မှာ ပါမလာရအောင် ကုန်စင်တဲ့အထိ ဖြစ်ပလိုက်စမ်းကွာ ဟူ၍ ဆုတောင်းရုံမျှသာ။

သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။

(မောင်ဘဦး၊ ၈၆၊ နှောင်းတန်ကူးလဆန်း ၁၂)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar