လေးစမ်းဝင်း - စစ်ကိုင်းငလျင် မြေပြင် မြင်ကြားသမျှ
လေးစမ်းဝင်း - စစ်ကိုင်းငလျင် မြေပြင် မြင်ကြားသမျှ
မိုးမခ ၊ ဧပြီ ၁၁ ၊ ၂၀၂၅
"ငလျင်လှုပ်တယ်ဆိုတာ စက္ကန့်ပိုင်းပဲ ဆိုပေမယ့် နောက်ဆက်တွဲ အကျိုးဆက်ကိုတော့ နှစ်ပေါင်းများစွာ ခံစားကြရပါတယ်၊နဂိုကတည်းက ဘာမှ မရှိပါဘူးဆိုတဲ့သူတွေကိုမှ အထိခိုက်ဆုံးဖြစ်ခဲ့ရတယ်၊ ဒီဆိုးရွားလွန်းတဲ့ ငလျင်ကြောင့် လူဦးရေ ၁၇ သန်းလောက် တိုက်ရိုက်ထိခိုက်မှုရှိမယ်လို့ ကျနော်တို့ တွက်ချက် ခန့်မှန်းထားပါတယ်။
နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်မှုကြောင့်လည်း စိတ်သောကရောက်ကြရတယ်၊ ကျနော် ရှိနေတုန်းမှာကိုပဲ ၄-၅ ခါလောက် ကြုံခဲ့ရတယ်။ တခါ လှုပ်ပြီဆိုတာနဲ့ လူတွေဟာ သူတို့မိသားစုတွေ၊ ချစ်ရသူတွေကို ပြေးဖက်ထားကြရတယ်။ ခေါင်မိုး ပြိုလာဦးမလားလို့ တွေးကြောက်ကြရတယ်၊ တချို့တွေက ဟင်းလင်းပြင်မှာ အိပ်နေကြရတာ၊ သူတို့အပူဒဏ်လည်း ခံနိုင်တယ်၊ ကွင်းပြင်ထဲလည်း အိပ်နိုင်ပါတယ်လို့ ကျနော့်ကို ပြောပြကြတယ်။ ဒါပေမဲ့ သစ်ပင်တွေအောက်မှာ အိပ်ရတာတော့ ကြောက်တယ်တဲ့၊ အပင်တွေကျိုးကျလာမှာ ကြောက်သလို မုတ်သုံ ဝင်လာမှာကိုလည်း ကြောက်နေကြရတယ်တဲ့။
အခုဆို မန္တလေးမှာ မိုး စရွာနေပြီ။ ငလျင်ဘေးထိတဲ့ တခြား နေရာတွေမှာလည်း မိုးရွာလာပြီ။ ဒီအဖြစ်အပျက်ဟာ ဆိုးရွားလွန်းပါတယ်၊ ရင်နင့်စရာလည်း ကောင်းတယ်၊ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher ငလျင်ဒဏ်ခံဒေသကို သွားခဲ့အပြီး Al Jazeera သတင်းဌာနကို ပြောခဲ့တာပါ။ မြေပြင်အခြေအနေအမှန်တွေပေါ့။
စစ်ကိုင်း ငလျင်ကြီးလှုပ်အပြီး ဆယ်ရက်ခန့်အကြာမှာ ပျဥ်းမနားမြို့ကို ကယ်ဆယ်ရေးသွားခဲ့တဲ့ အလှူရှင်၊ ဝိုင်းကူ ပေးတဲ့ ဒေသခံပရဟိတသမားနဲ့ အလှူခံပုဂ္ဂိုလ်တို့ကို မေးထားတဲ့ ဗီဒီယိုဖိုင်တခုလည်း အွန်လိုင်းမှာ ကြည့်လိုက်ရတယ်။ အလှူရှင်က ပျဥ်းမနားက ဒေသခံ ပရဟိတသမားတွေနဲ့ ဦးဆုံးဆက်သွယ်ပြီး အိမ်ပြိုသွားတဲ့သူတွေဆီ အရောက်သွားပြီး လက်ရောက်ပေးလှူခဲ့တယ်။ သူ လှူပေးခဲ့တဲ့ထဲမှာ ဆရာမတယောက် ပါတယ်၊ ဆရာမတို့ နေတဲ့ လေးထပ်တိုက်အောက်ခြေ မြေကြီးထဲ စိုက်သွားတော့ တိုက်ပေါ် မနေရဲတော့လို့ လမ်းဘေး ပလက်ဖောင်းပေါ်မှာ နေထိုင်စားသောက်နေရတယ်၊ ဆရာမနဲ့အတူနေ ဖခင်ဖြစ်သူက အသက် ၈၀ကျော်၊ ပလက်ဖောင်းပေါ် အိပ်စားနေနေရတာ ၈ ရက်ရှိပြီ၊ ဒီလို ကြားတော့ မြို့ထဲမှာပဲ အိမ်ခန်းတခန်းကို ၆ လစာပေးပြီး သူ ငှားပေးခဲ့တဲ့အကြောင်း မှတ်မှတ်ရရ ပြောပြတယ်။
မြို့ခံပရဟိတအမျိုးသမီးလေးက အခုအချိန်မှာ ငလျင်ဘေး ကြုံနေရသူတွေအတွက် သောက်စရာ ရေသန့်၊ချက်ပြုတ်စားသောက်ဖို့ ဆန်၊ ဆီ စတာတွေဟာ လာလှုကြတဲ့ ပုဂ္ဂလိကအလှူရှင်တွေအလှူနဲ့ ဖူလုံသင့်သလောက် ဖူလုံနေပြီ။ တိုက်တွေပြို၊ အိမ်တွေ ပြိုကျသွားပြီး ချက်ပြုတ်စားသောက်စရာ မီးဖို၊ပန်းကန်ခွက်ယောက်တွေပါ ပါသွားကြတော့ မီးဖိုချောင်သုံးပစ္စည်းတွေ လိုကြတယ်၊ တကိုယ်ရေသုံးပစ္စည်းလေးတွေ လိုကြတယ်လို့ ပြောပြတယ်။ဒီနေရာမှာ သွားလှူကြတဲ့ အလှူရှင်တွေ အထူးသတိပြု လုပ်ဆောင်ရမှာတခုက နယ်ခံ ပရဟိတအဖွဲ့တွေနဲ့ ကြိုချိတ်ပြီး သွားကူကြမှ လိုအပ်တဲ့ပစ္စည်းကို လိုသူလက်ထဲ ထည့်ပေးနိုင်မယ်ဆိုတဲ့ အချက်ပါ။
နောက်ဆုံး အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာမနဲ့ မေးတော့ ဆရာမက လှူတဲ့သူတွေ လာလှူကြတာများပေမယ့် ဒေသခံတချို့က ဆိုင်ကယ်တွေနဲ့ အလှူစုရပ်တွေဆီ ရောက်လာပြီး ဦးဆုံးအလှူခံသွားကြတာ များတယ်။ လူစုလူဝေးနဲ့ ဒီလိုမျိုး အလှူလိုက်ခံနေတဲ့သူတွေ များတော့ လာလှူတိုင်း သူတို့ မရပါဘူး၊ အဲဒီလူစုပဲ ရကြတာများ တယ်၊တိုက်ပြိုထဲက ပစ္စည်းတွေ ထုတ်ဖို့လုပ်တော့ ထုတ်ပေးမယ့်သူတွေက တတိုက်ကို ကျပ် တသိန်း၊ ကျပ်နှစ်သိန်း အထပ်အမြင့်ကြည့်ပြီး တောင်းကြတာ၊ သူတော့ မတတ်နိုင်လို့ ဧရာဝတီတိုင်းမှာနေတဲ့ သူ့သမက်လေးက လာကူချပေးသွားတယ်။ အခုတော့ အလှူရှင်သူဌေးက သူ့ကို အိမ်ခန်း ၆ လစာပေးပြီး ငှားပေးသွားလို့ အသက် ၈၀ ကျော် အဖေကြီးနေဖို့ အဆင်ပြေသွားပြီ၊ လာလှူတဲ့ သူဌေးကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့ အသံတုန်တုန်နဲ့ ပြောပြသွားတယ်။ ဆရာမ ပြောသွားတဲ့ထဲ စိတ်မကောင်းစရာ နှစ်ချက် ပါတယ်။တခုက လူစုလူဝေး၊ ဆိုင်ကယ်အစုအဝေးနဲ့ လိုက်ပြီး အလှူယူတဲ့သူတွေ ရှိနေတယ်ဆိုတာ။ လုပ်စားကြတာပေါ့လေ။ နောက်တခုက တိုက်ပြိုထဲကပစ္စည်း အောက်ချပေးဖို့ သိန်းနဲ့ချီ တောင်းတယ်ဆိုတဲ့ ကိစ္စ၊ရေနစ်တဲ့သူ ဝါးကူထိုးကြတာပါ။ အပြစ်မပြောချင်လို့ တကယ်ဖြစ်ခဲ့တဲ့ အတွေ့အကြုံလေး ဖောက်သည်ချပါမယ်။
ကျနော် နေနေတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလဆန်းက ရေကြီးတယ်။ နှစ်ထပ်တိုက်ခန်းတွဲတွေ များတဲ့ ရပ်ကွက်ထဲ ရေကြီးတော့ အောက်ထပ်တွေ ရေဝင်ပါတယ်။ အပေါ်ထပ်မှာပဲ နေကြရကြီး ထမင်းထုပ်လာဝေတာ စားရတယ်။ ရေကျသွားတော့ အိမ်အောက်ထပ်က ရေဝင်တဲ့ နေရာတွေကို မိမိဘာသာ သန့်ရှင်းရေးလုပ်ပြီး၊ ရေကြောင့် ပျက်စီးသွားတဲ့ ပရိဘောဂပစ္စည်းတွေကို အိမ်ရှေ့လမ်းပေါ် ဆွဲထုတ်ရတယ်။ ဒါ အိမ်တိုင်းလိုလိုပါပဲ၊ ရေကျပြီး နောက်တရက်ကျတော့ မြို့နယ်စည်ပင်က လူအင်အား၊ အမှိုက်ကားအင်အားနဲ့ လမ်းပေါ်ကအမှိုက်တွေ လာသိမ်းသွားတယ်။ နောက်တရက်ကျတော့ မြေကော်စက်၊ မြေတူးစက်တွေ၊ ရေကားတွေပါ သုံးပြီး လမ်းသန့်ရှင်းရေး လုပ်ပေးတယ်။ ကိုယ့်အိမ်သန့်ရှင်းရေးလုပ်ဖို့ သန့်ရှင်ရေးသုံးပစ္စည်းတွေ သွားဝယ်တော့ အနားက ကုန်တိုက်တွေမှာ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ဈေးလျှော့ပြီးရောင်းပေးတယ်။ ပရိဘောဂပစ္စည်းတွေချည်း သီးသန့်ရောင်းပေးတဲ့ ကုန်တိုက်အသီးသီးက ပရိဘောဂပစ္စည်းတွေကို အဲဒီရက်ပိုင်းမှာ အထူးလျှော့ဈေးတွေချပြီး ရောင်းချပေးတယ်။ ထိုင်း အစိုးရက ရေကြီးတဲ့ဒဏ်ခံလိုက်ရတဲ့ အိမ်တိုင်းကို ပြင်ဆင်စရိတ် ဘတ် ကိုးထောင်စီ ပေးတယ်။ ရေကြီးပြီး လေး ငါးရက် ကြာတော့ မြို့နယ်စည်ပင်က သူ့ရုံးဘေးမှာ ရွက်ဖျင်တဲတွေ ထိုးပြီး ရေနစ်သွားတဲ့ ဆိုင်ကယ်တွေ အခမဲ့ ပြင်ပေးတယ်။ ရေကြောင့်ပျက်စီးသွားတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အားလုံးကို အခမဲ့ ပြင်ပေးတယ်။ နောက်ရက် နောက်ရက်တွေမှာတော့ ရပ်ကွက်ထဲ ပိုးသတ်ဆေးဖျန်းတာတွေ၊ ရေမြောင်းတူးဖော်တာတွေ သူ့အစီအစဉ်အတိုင်း လုပ်ပေးသွားကြတယ်။
ချင်းမိုင်မှာ မြို့က ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရနဲ့စည်ပင်တို့ ရှိပြီး၊ အဲဒီအစိုးရနဲ့ စည်ပင်က သူတို့ လုပ်ပေးရမယ့် အလုပ်တွေကို စီစဉ်တကျ လုပ်ပေးခဲ့တယ်။
မြန်မာပြည်မှာက ရွေးကောက်ခံအစိုးရနဲ့ စည်ပင် မရှိဘူး။ ဒီတော့ သဘာဝဘေးကျရင် ပြည်သူကပဲ ပြည်သူကို ကယ်ဆယ်ကူညီနေရတယ်။
ပြည်သူ ကြည်ဖြူတဲ့ အစိုးရနဲ့ စည်ပင် ဖြစ်ထွန်း ပေါ်ပေါက်လာဖို့က စစ်အာဏာရှင် ကျဆုံးပျောက်ကွယ်သွားမှပဲ ဖြစ်မယ်။ စစ်ကိုင်းငလျင် မြေပြင် မြင်ကြားသမျှက အတွေးတစ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar