ကိုသန်းလွင် - ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (၁၉၃၆-၂၀၂၅)
ကိုသန်းလွင် - ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (၁၉၃၆-၂၀၂၅)
မိုးမခ ၊ ဧပြီ ၂၈ ၊ ၂၀၂၅
(၁)
ပုပ်ဖရန်စစ်သည် အာဂျင်တီးနားနိုင်ငံတွင် မထင်မရှား ကြီးပြင်းလာခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖြစ်လာသောသူ၊ ဘုရားကျောင်းအတွင်းမှ သမားရိုးကျ နေလိုကြသည့် ဘုန်းတော်ကြီးများအကြားတွင် အားလုံးပါဝင်နိုင်သည့် ဘုရားကျောင်းဖြစ်ရန် ကြိုးစားခဲ့သူသည် တနင်္လာနေ့ (ဧပြီလ ၂၀) က (Casa Santa Marth) စံအိမ်တော်တွင် အေသက် ၈၈ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပါသည်။ သူသည် နှစ်ပေါင်း ၁၂၀၀ အတွင်း ဥရောပ တိုက်သားမဟုတ်သူထဲမှ ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး သူ့လို ပုပ်ရဟန်းမျိုး နောက်ထပ်မပေါ်နိုင်တော့ဘူးဟုလည်း ပြောကြပါသည်။
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ကြောင်းကို X တွင် ကြေညာခဲ့ပါသည်။ စိန့်ပီတာရင်ပြင်၌ Easter Sunday က ဝှီးချဲယားနှင့် ပေါ်လာခဲ့ပြီးတစ်ရက်အကြာတွင် ကြေညာခြင်းဖြစ်သည်။ သူ၏ ၁၂ နှစ်ကြာ ပုပ်ရဟန်းမင်းဖြစ်ခြင်းသည် ၂၀၁၃ ခုနှစ်တွင် သူ့အရင် ပုပ်ရဟန်းမင်းကြီး ဘာနာဒစ် (Benedict XVI) နုတ်ထွက်ရာမှ စတင်ခဲ့သည် ပုပ်ဖရန်စစ် က ဘုရားကျောင်းကို ဦးတည်ချက် ပြောင်းခဲ့ပြီး သူနှင့် သဘောတူညီမှုရှိသည့် ဘုန်းတော်ကြီးများနှင့် အတူဘုရားကျောင်းကို အပြင်လူထုကြီးသို့ ပွင့်သွားစေရန် ဖွင့်လှစ်ပေးခဲ့သည်။ ဘုရားကျောင်းများသည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခါ ရိုးရိုးသာမန်လူများနှင့် ကင်းကွာနေခဲ့ရာမှ ပြန်လည်ပေါင်းစည်းမိပြီဟု ယူဆခဲ့ကြ သည်။
သူသည် ရပ်ရွာပြောင်းရွှေ့နေထိုင်သူများ၊ ဆင်းရဲသားများ၊ အပယ်ခံလူတန်းစား၊ ကက်သလစ် ဘုန်းတော်ကြီးများ၏ ဖဲကြဉ်ခြင်းကို ခံရသူများ၊ လိင်တူဆက်ဆံသူများကိုလည်း လက်ခံခဲ့သည်။ လူတို့ မေ့နေပြီ ဖြစ်သော ဝေးလံခေါင်ဖျား နေရာများသို့ အကြိမ်ကြိမ် သွားရောက်ကာ၊ တရုတ်အစိုးရနှင့် ပြေလည်ရေး၊ မွတ်စလင် ဘာသာရေးဆရာ၊ ကွဲပြားနေသည့် ခရစ်ယာန်ဘာသာဝင်များ အားလုံးနှင့် သင့်တင့်အောင် နေနိုင်ခဲ့သည်။
စဦးပိုင်းတွင်အနည်းငယ်အခက်အခဲရှိခဲ့သော်လည်း ဘုရားကျောင်းအတွင်း လိင်ကိစ္စပြဿနာများကို ပြေလည်အောင်ဖြေရှင်းခဲ့သည်။ ဘုန်းတော်ကြီးများကို မိမိလုပ်ရပ်များအတွက် တာဝန်ယူစေသည်။ လိင်ကိစ္စ ကျူးလွန်ပါက ထင်သာမြင်သာရှိအောင် အရေးမယူခဲ့သော်လည်း ဌာနအတွင်းဝယ် ပြတ်ပြတ်သားသား လုပ်ခဲ့သည်။
သူ၏ေနာက်ဆုံးနှစ်များတွင် ဒူးခွဲထားခြင်း၊ အူလမ်းကြောင်းကို ခွဲစိတ်ရခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာများ၊ အသံနှင့် ကျန်းမာရေးကို ထိခိုက်စေသောကိစ္စများ ရှိနေသည့်ကြားမှ တောင်ဝှေးကို ကိုင်၊ ဝှီးချဲယားကိုအသုံးပြုပြီး လူတွေကြားသို့ ရောက်အောင်သွားခဲ့သည်။ ထို့ကြောင့် ကျန်းမာရေးမှာ သိသိသာ သာကြီး ချို့တဲ့သွားခဲ့သည်။ စစ်ဖြစ်နေသော အာဖရိကနိုင်ငံများ၊ တောင်ပိုင်းဆူဒန်ပြည်တို့သို့ အရောက်သွားခဲ့သည်။
သူ၏ ထုံးစံအတိုင်း မဟုတ်သော နည်းလမ်းများက ရန်သူများစွာ ဖန်တီးခဲ့သည်။ ရုံးများတွင် ထုံးစံ အတိုင်း နေလိုသည့် အလေ့အထကို လျှော့ချပစ်ခြင်း၊ ဘုန်းတော်ကြီးများ အစည်းအဝေးများတွင် လက်တင်ဘာသာ သုံးစွဲမှုကို လျော့ချခြင်း၊ ဘုန်းတော်ကြီးများ၏ အစည်းအဝေးကို လူသိရှင်ကြားလုပ်ခြင်း၊ အရေးကိစ္စများတွင် မိန်းမများ ပါဝင်စေခြင်း၊ လိင်တူချင်း မင်္ဂလာဆောင်ခြင်းကိစ္စကို ခွင့်ပြုခြင်း၊ လိင်ပြောင်းလာသူ၏ ကလေးများကို ဘာသာတွင်းသို့ အဝင်ခံခြင်းတို့ ဖြစ်ပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်ပြုသည့် ဂျိုးဘိုင်ဒန် ကို ပုပ်ရဟန်းမင်းကြီးက ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ “သင်ဟာ ကောင်းတဲ့ ကက်သလစ်ပါ” ဟု ပြောခဲ့သည်။ ဦးလေး တစ်ယောက်က ခင်မင်စွာ ပြုံးသော မျက်နှာနှင့် ပုပ်ရဟန်းမင်းကြီးကို စိတ်ဓာတ်ခိုင်မာသူဟု လူသိများသည်။ မလိုမုန်းထားသူတို့က သူ့ကိုရက်စက်သည် ဟုပြောကြသည်။ ဘုရားကျောင်းများကို မြင်သာမှု၊ ဘဏ္ဍာရေး အခြေအနေ ပွင့်လင်းမှုနှင့် အုပ်ချုပ်ရေး ဗျူရိုကရေစီတစ်ခုလုံးကို ပြောင်းလဲစေခဲ့သည်။
ယခင်ကအတိုင်း နေလိုကြသော ကက်သလစ်များက ဘုရားသခင်၏ သင်ပြချက်များကို ပျော့ညံ့စေသည်ဟုဆိုကာ ပုပ်ရဟန်းမင်းကြီးကို အပြစ်တင်လိုကြသည်။ သူသည် မိန်းမများနှင့် အိမ်ထောင်ကွဲလာသူများ နောက် အိမ်ထောင်ပြုသူများကို ချန်၍မထားဘဲ ဘုရားကျောင်းလုပ်ငန်းများတွင် ပါဝင်ဖို့ဆော်သြသည်။ ၂၀၂၂ ခုနှစ် မြို့တော်ဘုရားကျောင်းတွင် ကျွန်တော်တို့အားလုံးဟာ တုတ်နှောင်းထားတဲ့ နှောင်ကြိုးများဖြင့် ချည်နှောင်ကာ မလွတ်မလပ် ဖြစ်နေကြပါသည်ဟု ထုတ်ဖော်ပြောကြားသည်။
ပုပ်ရဟန်းမင်းကြီး ဘာနာဒစ် နုတ်ထွက်သွားခြင်းမှာ နှစ်ပေါင်း ၆ ရာစုအတွင်း နုတ်ထွက်ခြင်းဖြစ်သည်။ ဘဏ္ဍာရေးအရှုပ်အရှင်းများကြောင့်ဟု ဆိုသည်။ ပုပ်ရဟန်းမင်းကြီးအသစ်ကို ရှာဖွေကြရာတွင် ပြုပြင်ရေး၊ တော်လှန်ရေးလုပ်သူနှင့် အုပ်ချုပ်ရေးတွင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်မည့်သူကို ရှာဖွေခဲ့ကြသည်။ ထိုအချိန်က ဖရန်စစ်သည် အသက် ၇၆ နှစ်ရှိပြီ။ အာဂျင်တီးနားနိုင်ငံ ဗွာနာအေးရီမြို့တွင် နေထိုင်နေပြီး သူက အိမ်ကို သန့်ရှင်းအောင်လုပ်ပြီး ဘုရားကျောင်းကိုပြောင်းလဲအောင်လုပ်မည်ဟု လူအနည်းငယ်ကသာ မျှော် လင့်ခဲ့ကြပါသည်။
ဖရန်စစ်သည် သူ၏ နှိမ့်ချသောသဘောကို စဦးကတည်းက ပြသခဲ့သည်။ သူ့ကို ရွေးချယ်တင်မြှောက်ကြမည့်ကာလအတွင်း ဘုရားကျောင်းပိုင် ဟိုတယ်ရှိ တည်းခိုနေခဲ့ရာ ကုန်ကျသမျှ စရိတ်ကို သူ့ဘာသာရှင်းသည်။ မြို့ထဲသို့သွားစရာရှိလျှင် ဖို့ဒ် ကားကလေးနှင့်သွားသည်။ နောက်ပိုင်းတွင် ဧည့်ရိပ်သာသို့ ပြောင်းနေကာ အချုပ်ထောင်သို့သွား၍ မွတ်စလင်မိန်းကလေး၏ခြေထောက်ကို ရေဆေးပေးသည်။ သူ့ကို ဂေး (Gay) ဘုန်းကြီးတစ်ယောက်၏အကြောင်းကို မှတ်ချက်ပေးရန်ပြောရာ “မှတ်ချက်ပေးရအောင် ငါက ဘယ်သူလဲ” ဟု မေးသူ ဖြစ်သည်။ သူ့မှတ်ချက်မှာ ကမ္ဘာကျော်သွားခံဲ့ပြီး ပုပ်ရဟန်းမင်းကြီးအဖို့ ရာဇဝင်တွင်သွားခဲ့သည်။
သူသည် ဘုရားကျောင်းများ အခက်အခဲဖြစ်နေချိန်တွင် တာဝန်ယူခဲ့ရခြင်း ဖြစ်သည်။ စက်မှုထွန်းကားလာချိန်တွင် ကျောင်းသို့လာသူ နည်းပါးခဲ့သည်။ လိင်ကိစ္စဆိုင်ရာကိစ္စများကြောင့်နာမည်ပျက်သည်။ မိန်းမများ ၏ပါဝင်မှု များပြားရန် တောင်းဆိုကြပြီး ဘုန်းတော်ကြီးအရေအတွက်မှာ နည်းပါးခဲ့သည်။ လက်တင်အမေရိကား၊ အာရှနှင့် အာဖရိကတိုက်တို့တွင် အဖွဲ့ဝင်များတိုးပွားလာချိန်မှာ အခြားဘာသာဝင်များ၏တိုက်ခိုက်မှုကို ကြုံရသည်။
သူသည် လူအများကို စိတ်ဝမ်းကွဲစေသော ကိုယ်ဝန်ဖျက်ချခြင်းကိစ္စ၊ Homosexuality ကိစ္စများမှဝေးရာသို့ ဆွဲဆောင်ခဲ့ပြီး၊ ရာသီဥတု ဖောက်ပြန်ခြင်း၊ ဆင်းရဲမွဲတေမှုနှင့် ရပ်ရွာမှ ခွဲခွာနေထိုင်ရမှု စသော ပြဿနာများသို့သာ ဆွဲဆောင်ခဲ့သည်။ ထိုအချိန်၌ အာဖရိကမှ လူများသည် မြေထဲပင်လယ်ကို ဖြတ်ပြီး ကူးလာနေကြရာအီ တလီနိုင်ငံ (Lampendusa) ကျွန်းသို့ သွားရောက်၍ ရွှေ့ပြောင်းလာသူများကို တွေ့ဆုံခဲ့သည်။
ခရစ္စယာန်ဘာသာဝင်များကို အဖိနှိပ်ခံနေရသော အာရပ်နိုင်ငံများသို့ သွားရောက်ခဲ့သည်။ အစ္စလန် ဘာသာဝင်များနှင့် ငြိမ်းချမ်းစွာ နေနိုင်ရေးအတွက် ဆွေးနွေးသည်။ လူအများက လျစ်လျူရှုထားရာ နေရာများသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည်။
(၂)
ပုပ်ရဟန်းမင်းကြီးဖြစ်လာမည့် (Jorge Mario Dergoglio) ကို ၁၉၃၆ ခုနှစ်ဒီဇင်ဘာ ၁၃ ရက်တွင် Mario နှင့် Regina Bergoglio ဇနီးမောင်နှံက ဗွာနှာအေးရီးမြို့တွင် မွေးဖွားခဲ့သည်။ သူတို့သည်အီတလီနိုင်ငံမှ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။ သူတို့ ပထမစီးရန် ကြံရွယ်သော သင်္ဘောနှင့် မလိုက်ဖြစ်။ အီတလီနိုင်ငံ တူရင်မြို့ က ကော်ဖီဆိုင်ကို ရောင်းချရေးမှာ နှောင့်နှေးနေသောကြောင့်ဖြစ်သည်။ ထိုသင်္ဘောက လမ်းခရီးတွင် ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။ နောင်လအနည်းငယ်ကြာမှ အခြားသင်္ဘောတစ်စီးဖြင့် အာဂျင်တီးနားနိုင်ငံသို့ ရောက်လာကြသည်။
ဂျော့ မှာ မွေးချင်းငါးဦးအနက်မှ အကြီးဆုံးသား ဖြစ်သည်။ ယခု ညီမအငယ်ဆုံး ကျန်ရစ်သည်။ သူ့အမေကြီး ၏ထိန်းကျောင်းမှုအောက်တွင် ကြီးပြင်းခဲ့သည်။ အီတလီမှာ နေစဉ်ကတည်းက ကက်သလစ်ဘာသာဝင် ဖြစ် သည်။ မွတ်ဆိုလီနီ၏ ဖက်ဆစ်အစိုးရက နှောင့်ယှက်မှုကြောင့် အီတလီတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ဘဲ တစ်ရပ်တစ်ရွာသို့ သွားရန် ဆုံးဖြတ်ခဲ့ရသည်။
အာဂျင်တီးနားနိုင်ငံ ဖလိုး( Flores) မြို့တွင်သူ့အမေကြီးက သူ့ကို အိတလီဘာသာသင်ကြားပေးသည်။ အဖေကြီးက မြေးကို စပိန်စာ သင်စေချင်သည်။ အသက် ၁၂ နှစ်တွင် ဘုန်းတော်ကြီးတစ်ပါးထံ စာသင်ဖို့ အပ်နှံခံရသည်။ ဂျော့သည် စာဖတ်ဝါသနာပါသည်။ ဉာဏ်ကောင်းပြီး ဘာသာတရားကို ကိုင်းရှိုင်းကာ ဘတ်စကက်ဘော ကစားပြီး တန်ဂို (Tango) အကကို နှစ်သက်သည်။ ငယ်စဉ်ကတည်းက တာဝန်သိတတ်ပြီး ဆင်းရဲသူများကို ညှာတာကာ မိမိတာဝန်သိသောစိတ်ကို ငယ်ရွယ်စဉ်ကတည်းက ဘုန်းတော်ကြီးကျောင်းမှာ သိခဲ့သည်။ ဘုန်းတော်ကြီးအဖြစ် ၁၉၆၉ ခုနှစ်တွင် တင်မြှောက်ခံရသည်။ ခရစ်ယာန်ဝါဒသည် ၁၅၄၀ ပြည့်နှစ်ကတည်းက တောင်အမေရိကသို့ရောက်ခဲ့ပါသည်။ စပိန်နှင့် ပေါ်တူဂီ ကိုလိုနီစနစ်နှင့်အတူတူရောက်လာကြောင်းကို ကောင်းကောင်းနား လည်ခဲ့သည်။ အသက် ၃၆ နှစ်တွင် အာဂျင်တီးနားဘုရားကျောင်း၏ တာဝန် ခံဖြစ်လာခဲ့သည်။ သူ၏ခေါင်းမာမှု အာဏာရှင်ဆန်မှုများကို မနှစ်သက်သော အခြားဘုန်းကြီးများက သူ့ကို ဂျာမနီသို့ပြည်နှင်ဒဏ်ပေးခဲ့သည်။ ထို့နောက် အာဂျင်တီးနားနိုင်ငံ ကော်ဒိုဗာ (Cordoba) မြို့သို့ ပြန်ရောက် လာခဲ့သည်။ ထိုနှစ်နှစ်သည် သူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့သည်။ စိတ်ထားပျော့ပျောင်းပြီး လူများနှင့် ဆက်ဆံရေးပြေပြစ်သူ ဖြစ်လာခဲ့သည်။ ဘစ်ရှော့များ အနား ယူချိန်အသက် ၇၅ နှစ်အရွယ်တွင် ရိုးရှင်းသော အိမ်ခန်းတစ်ခုထဲ၌ ဘဝကို မြှုပ်နှံဖို့ အသင့် ဖြစ်နေပေပြီ။
(၃)
ထိုအချိန် ဖေဖော်ဝါရီလ ၁၁ ရက် ၂၀၁၃ ခုနှစ်တွင် ပုပ်ဘာနာဒစ် က ရုတ်တရက် ပုပ်ရဟန်းမင်းကြီး အဖြစ်မှ နုတ်ထွက်သွားခဲ့ပါသည်။ ဤသည်မှာ ၁၄၁၅ ခုနှစ်မှ ဂရီဂေါ်ရီ (Gregory XII) နုတ်ထွက်သွားသည့်နောက် ပထမဆုံး နုတ်ထွက်ခြင်း ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီး ဂျော့ (Cerdinal Bergoglio) သည် ရောမမြို့သို့ ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ရန် သွားရပါသည်။ ထိုအချိန်ကစ၍သူသည် အာဂျင်တီးနားနိုင်ငံသို့ ပြန်မလာတော့ပါ။
ကိုသန်းလွင်
Ref: Pope who reset course of Catholic Church By Jim Yardly NY Times April 22, 2025
-
t.me@moemakaPlease show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar