မိုးမြင့်ယံ - သွေးနဲ့ ရေးတဲ့ သက္ကရာဇ်
မိုးမြင့်ယံ
(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၅
ကျနော် ဓမ္မသီချင်းတွေ ဆိုညည်းဖို့အတွက်
အဓ္ဓမညှင်းပန်းခံ စစ်တလင်းထဲက
ငိုသံတွေနဲ့ ထုဆစ်ထားတဲ့
မျက်ရည်တယော တလက်လောက်
ဝယ်ပေးပါလားမေမေ
ကျနော့်လွယ်အိတ်ထဲ
ထည့်လွယ်သွားရမဲ့သင်ခန်းစာတွေဟာ
ပြာမှုန်ပျပျနဲ့အပူရောင်တွေဖြစ်ကြောင်း
ဂုဏ်ထူးထွက်အောင်
စားလုံးပေါင်းဖြေဆိုခဲ့ပါ့မယ်မေမေ
မေမေက ကျနော်စာမေးပွဲအောင်ခဲ့ရင်
တခုပဲ ပြန်ဂုဏ်ပြုပေးပါ
ကျနော့်သူငယ်ချင်းတွေအတွက်
လက်အသစ်လေးတွေ ခြေထောက်အသစ်လေးတွေ
ကျနော်တို့ငယ်ငယ်က ကစားခဲ့သလို
ပြန်တပ်ဆင်ခွင်ပြုဖို့
ရှာဖွေပေးပါလား မေမေရယ်
ဖေဖေရော ဘယ်မှာလဲလို့မေးဖို့
ကျနော်မပူဆာတော့ပါဘူးမေမေရယ် နော်
ဖေဖေ သေသွားပြီဆိုတာ
ညီမလေးတွေမသိအောင်
ကျနော်ဟန်ဆောင်ခဲ့ရတာပါ
ငိုသံတွေနဲ့ရောပြွန်းနေတိုင်း
ကျနော်တို့အလျော့ပေးခေါင်းငုံ့နေရင်
သမိုင်းမှာ
နယ်ချဲ့စနစ်ဆိုတာ ဘယ်ပျောက်ပျက်တော့မှာလဲ
မေမေ
တကယ်တော့ လင်းယုန်တွေဟာ
အတောင်မစုံခင်ဘဝကတည်းက
မျက်ရည်တွေနဲ့ ပျံသန်းခဲ့ရတာပါမေမေ
အားတင်းရုန်းကန် ထုဆစ်ပုံဖော်ခြင်းမှာ
ကျနော်တို့ရဲ့သက္ကရာဇ်တွေကို
လှပစွာသွေးနဲ့ရေးခဲ့မိရုံပါမေမေ ။
၂၇ ရက်နေ့ည
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar