Breaking News

ကယ်ဆယ်ရေး၊ ကူညီရေးနဲ့ မယုံကြည်မှု

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁၁ မြင်ကွင်း

မိုးမခ၊ ဧပြီ ၁၂ ၊ ၂၀၂၅


ကယ်ဆယ်ရေး၊ ကူညီရေးနဲ့ မယုံကြည်မှု 

မြန်မာနိုင်ငံမှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက် ကယ်ဆယ်ရေးကူညီရေးတွေကို  နိုင်ငံရေး အမြတ်ထုတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့အခါ အကူအညီတွေကိုအစိုးရကတဆင့် ကူညီဖို့ မလိုလားကြတာ မဆန်းပါဘူး။ ခေတ်အဆက်ဆက်မှာ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဒဏ်၊ ငလျင်ဒဏ်ခံစားကြရတဲ့ အခါ ပြည်တွင်းက အကူအညီတွေ ဖြစ်စေ နိုင်ငံတကာက အကူအညီတွေ ဖြစ်စေ အစိုးရတွေက ဘေးဒဏ်ခံစားရသူတွေထံ ပြန်လည်ပေးအပ်ကြရာမှာ အလွဲသုံးစားပြုမှုတွေ၊ နိုင်ငံရေးအရ အမြတ်ထုတ်မှုတွေ ရှိခဲ့ကြတာ၊ စစ်တပ်အတွက် အသုံးချကြတာတွေ ရှိခဲ့ကြတာကြောင့် လူထုအနေနဲ့ လက်တွေ့ အတွေ့အကြုံတွေကနေ သံသယစိတ်တွေ ခိုအောင်းနေကြတာ ဖြစ်ပါတယ်။ 

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရစဥ်က နိုင်ငံတကာ အကူအညီတွေကို အဲဒီကာလက အုပ်ချုပ်တဲ့ သန်းရွှေဦးဆောင်တဲ့ စစ်အစိုးရလက်ကတဆင့်သာ ပေးဝေရမယ်လို့ ကန့်သတ်ခဲ့တာ ဖြစ်ပြီး နိုင်ငံကတာ အကူအညီတွေရဲ့ ရာနှုန်းတချို့ကို အာဏာ လုပ်ပိုင်ခွင့် သုံးပြီး အလွဲသုံးစားလုပ်ခဲ့ကြတဲ့ အတွေ့အကြုံတွေရှိခဲ့ကြတာဖြစ်ပါတယ်။ 

နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေက ကူညီတဲ့ အရေးပေါ်အကူအညီတွေဖြစ်တဲ့ စောင်တွေ၊ ယာယီချက်ပြုတ်စားသောက်ဖို့ မီးဖိုတွေ စတာတွေကို နာဂစ်ဒဏ်ခံစားရတဲ့ ဒေသတွေမှာ တာဝန်ကျတဲ့ စစ်တပ်၊ အုပ်ချုပ်ရေးမှူးတွေက ရယူခဲ့ကြပြီး ပြန်လည်ရောင်းချကြတဲ့ အဖြစ်တွေ ကြုံခဲ့ကြရဖူးတာဖြစ်လို့ အခုလို ၂၀၂၅ ခုနှစ် မန္တလေး၊ စစ်ကိုင်းဒေသက ငလျင်ဘေး ကျရောက်ချိန်မှာလည်း အတိတ်က အတွေ့အကြုံနဲ့ စစ်ကောင်စီကို မယုံကြည်ကြတာလည်း ဖြစ်ပါတယ်။ 

နိုင်ငံတကာ အစိုးရတွေ ကူညီမယ်ဆိုတဲ့ အကူအညီငွေတွေနဲ့ အကူအညီပစ္စည်းတွေကို စစ်ကောင်စီက ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတဲ့ သံသယတွေလည်း မြန်မာနိုင်ငံက လူထုတွေဆီမှာ ရှိနေကြတာဖြစ်ပါတယ်။ နိုင်ငံအသီးသီးက ကူညီတဲ့ငွေကြေးတွေ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ရိက္ခာတွေက စစ်ကောင်စီတပ်ရဲ့ အသုံးချမှုခံရမယ့် အရေးစိုးရိမ်နေကြတာ ဖြစ်ပါတယ်။ 

နိုင်ငံတကာ အကူအညီတွေ ဘယ်လို ပေးဝေသလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့ သာမန် ပြည်သူလူထုအနေနဲ့ သိပ်မသိရှိကြတာလည်း စိုးရိမ်စေတဲ့ အချက်တချက်ဖြစ်ပါတယ်။ တရုတ်၊ အိန္ဒိယ နဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေကလည်း ငလျင်ဘေးအတွက် အကူအညီ ပစ္စည်း၊ ငွေကြေးတွေကို စစ်ကောင်စီထံ အားလုံး ပေးအပ်ပြီး ကူညီတာမျိုးမဟုတ်သလို အနောက်နိုင်ငံ အစိုးရတွေရဲ့ အကူအညီတွေလိုမျိုးကို ကုလသမဂ္ဂ အဖွဲ့အစည်း၊ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ နိုင်ငံတကာ အန်ဂျီအိုတွေက တဆင့် ပေးအပ်တာမျိုးဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းတွေနဲ့ ပတ်သက်လို့ အမေရိကန်သံရုံးကလည်း မကြာသေးခင်က ကြေညာချက်ထဲ ဖေါ်ပြထားသလို ဥရောပ သမဂ္ဂကလည်း ၄င်းတို့ပေးအပ်မယ့် အကူအညီနဲ့ ပတ်သက်လို့ နိုင်ငံကာအန်ဂျီအို အဖွဲ့အစည်းက တဆင့်ပေးအပ်သွားမယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ 

အခု ၂၀၂၅ ခုနှစ် အနေအထားဟာ ၂၀၀၈ ခုနှစ်ထက်စာရင် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေ ပိုများပြားစွာ ရှိတဲ့အနေအထားကြောင့် အကူအညီအလွဲသုံးမှုတွေကို အတိုင်းအတာတခုထိ လျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တဖက်မှာလည်း လူမှုကွန်ရက်မီဒီယာတွေ၊ အင်တာနက် အသုံးပြုနိုင်မှုတွေက ၂၀၀၈ ခုနှစ်နဲ့ မတူဘဲ စောင့်ကြည့်မှတ်တမ်းတင်မှုတွေ ရှိနေသလို အချိန်နဲ့အမျှ အများကို အသိပေးဖြန့်ဝေနိုင်တဲ့ အားသာချက်လည်း ရှိနေတာ ဖြစ်ပါတယ်။ 

ဒါကတော့ ပြည်ပ အကူအညီတွေနဲ့ ပတ်သက်ပြီး အလွဲသုံးမှု၊ နိုင်ငံရေးအမြတ်ထုတ်မှုတွေနဲ့ ပတ်သက်လို့ ၂၀၀၈ ခုနှစ် အတွေ့အကြုံနဲ့ လက်ရှိ အနေအထားဖြစ်ပါတယ်။ 

ပြည်ပ အကူအညီမဟုတ်တဲ့ ပြည်တွင်းက အကူအညီတွေနဲ့ ပတ်သက်ပြီး ဘယ်လိုစီမံခန့်ခွဲကြသလဲ သို့မဟုတ် ဘယ်လိုလမ်းကြောင်းတွေနဲ့ ကူညီနေကြသလဲဆိုတာ ဆန်းစစ်ကြည့်ရင် စစ်ကောင်စီက ကမကထလုပ်ပြီး အလှူခံပြီး စီမံခန့်ခွဲတဲ့ လမ်းကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းလို အစိုးရရဲ့ သြဇာလွှမ်းမိုးမှု  အတိုင်းအတာတခုထိ ခံရတဲ့ အဖွဲ့အစည်းက တဆင့်လှူတာ၊ ဒေသအလိုက် ဖွဲ့စည်းထားကြတဲ့ ပရဟိတ ကယ်ဆယ်ရေး ကူညီရေး အဖွဲ့တွေက တဆင့် ကူညီတာနဲ့ ကိုယ်တိုင်ကိုယ်ကျ မြေပြင်ထိသွားရောက်ပြီး ကူညီတဲ့ လမ်းကြောင်းတွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အစိုးရက သဘာဝဘေးအန္တရာယ် ကျရောက်တိုင်း ပြည်တွင်းက လုပ်ငန်းရှင်ကြီးတွေကို အလှူငွေထည့်ဝင်ကြဖို့ ဖိတ်ခေါ်လေ့ရှိပါတယ်။ ခရိုနီတွေလို့ အများက ခေါ်ဆိုကြတဲ့ ဘဏ်လုပ်ငန်းရှင်တွေ၊ သွင်းကုန် ပို့ကုန် လုပ်ငန်းရှင်တွေ အဓိကအားဖြင့် ထည့်ဝင်ကြရလေ့ရှိပါတယ်။ ကျပ်ငွေ ဘီလျံ ဆယ် နဲ့ သို့မဟုတ် ရာနဲ့ ချီရရှိလေ့ရှိတာလည်း ဖြစ်ပါတယ်။ ဒီအလှူငွေတွေကို ဘယ်လို စီမံခန့်ခွဲသလဲ အသေးစိတ် စာရင်းနဲ့ လူထုကို အစီရင်ခံလေ့ မရှိတာတွေ့ရပါတယ်။ နောက်နည်းလမ်း တသွယ်ဖြစ်တဲ့ ကြက်ခြေနီအသင်းလို ဘာသာရေး အသင်းအဖွဲ့တွေ၊ နာမည်ကြီး ထင်ရှားကျော်ကြားသူတွေ တည်ထောင်ထားတဲ့ ပရဟိတ ကူညီရေး အသင်းတွေက တဆင့်လှူဒါန်းကြတာဖြစ်ပါတယ်။ ခိုင်းနှင်းဝေ၊ ဝေဠုကျော်တို့လို တကိုယ်တော် ပရဟိတအဖွဲ့တွေ ရှိသလို နာရေးကူညီမှု အသင်းလို ပရဟိတ အဖွဲ့တွေလည်း ရှိနေကြပြီး အချို့ကတော့ အဲဒီလို ပရဟိတ ကူညီရေး အသင်းတွေကနေ ကူညီကြတာ တွေ့ရပါလိမ့်မယ်။ 

အခု ငလျင်ဘေးမှာ ခိုင်နှင်းဝေ ရဲ့ အဖွဲ့က အများကူညီငွေတွေကို ၄င်း သဘောကျ စီမံဆုံးဖြတ်ပြီး ကူညီတာတွေနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ မြင့်တက်နေတာလည်း တွေ့ရမှာဖြစ်ပါတယ်။ 

နောက်ဆုံးနည်းလမ်းတခုကတော့ မိမိတို့ ကိုယ်တိုင် တဦးချင်းဖြစ်စေ အစုအဖွဲ့ငယ်လေးတွေ စုပြီး ပစ္စည်းဝယ် ကိုယ်တိုင် လှည့်လည်ပြီး ဝေငှပေးတာမျိုး ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကြားခံ အဆင့်တွေမရှိ လှူသူနဲ့ အလှူခံသူ တိုက်ရိုက်ထိတွေ့ရတဲ့ နည်းလမ်းဖြစ်လို့ ဘာလိုအပ်သလဲ၊ ဘယ်လောက်လိုအပ်သလဲ၊ ဘယ်လိုပစ္စည်းတွေက အရေးကြီးသလဲ၊ ဘယ်သူတွေ ရပြီး ဘယ်သူတွေ မရသေးသလဲဆိုတဲ့ ကြိုတင်လေ့လာမှုတွေ အားနည်းတာ၊ တဦး လှူပြီးတဲ့ နေရာတွေကို နောက်တဖွဲ့က မသိနိုင်တာ၊ လှူပေးတဲ့ ပစ္စည်းနဲ့ လိုအပ်နေတဲ့ ပစ္စည်း စပ်အပ်ခြင်းမရှိတဲ့ အဖြစ်တွေ ကြုံရနိုင်တာလည်း ဖြစ်ပါတယ်။ 

ငလျင်လှုပ်ခတ်ပြီး ရက်အနည်းငယ် အကြာမှာတော့ စစ်ကောင်စီဘက်က အကူအညီပေးတဲ့ အဖွဲ့တွေ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှာ စာရင်းပေးသွင်းဖို့ ခွင့်ပြုချက်ယူဖို့ စတင်လုပ်ဆောင်လာပါတယ်။ ဒီလိုကန့်သတ်ချက်တွေ စည်းကမ်းထုတ်ပြန်ချက်တွေက စစ်ကောင်စီကို မယုံကြည်တဲ့ လူထုအနေနဲ့ သံသယတွေ ပိုမိုအားကောင်းစေသလို လူထုအချင်းချင်း အကူအညီပေးခြင်း ကို ဟန့်တားတဲ့ လုပ်ရပ် အဖြစ် မြင်ကြပါတယ်။ 

အကူအညီတွေ ထိရောက်မှုရှိဖို့ ပိုမိုလိုအပ်တဲ့နေရာတွေကို ဦးစားပေးဖို့ လိုအပ်တဲ့ အကူအညီပစ္စည်း ရိက္ခာတွေက အချိန်နဲ့အမျှ ပြောင်းလဲသွားတဲ့ အနေအထား စတာတွေကြောင့် အကူအညီပေးတဲ့ အဖွဲ့တွေအကြား သတင်းအချက်အလက် ဖလှယ်မှု နဲ့ ညှိနှိုင်းမှုတွေရှိရင် အကူအညီ လက်ခံရယူသူတွေအဖို့လည်း အကျိုးများပြီး ကူညီသူတွေ အနေနဲ့လည်း ကူညီရကျိုးနပ်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ကတော့ ၄င်းတို့ စည်းမျဥ်းထုတ်ပြန်တာ လုပ်ဆောင်တာရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း အများပြည်သူကို ရှင်းလင်းစွာ အသိမပေးသလို လူထုကလည်း ၄င်းတို့ကို မယုံကြည်တာကြောင့် အကူအညီပေးမှုတွေ အနည်းငယ် တန့်သွားတာ နှေးကွေးသွားတဲ့ အကျိုးဆက်သာ သက်ရောက်စေတာလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေးအရ စိတ်ဝမ်းကွဲပြီးသား မြန်မာနိုင်ငံမှာ နိုင်ငံရေး ကိစ္စရပ်မှာတင်မကပဲ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာလည်း စိတ်ဝမ်းကွဲမှုက နက်နက်ရှိုင်းရှိုင်း တည်ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar