လှကျော်ဇော - ညီအစ်ကိုမောင်နှမ အချင်းချင်းကြား ဆက်ဆံရေး
လှကျော်ဇော - ညီအစ်ကိုမောင်နှမ အချင်းချင်းကြား ဆက်ဆံရေး
မိုးမခ ၊ ဧပြီ ၁၂ ၊ ၂၀၂၅
မဆလခေတ်၊ ၁၉၇၄ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ဦးသန့် အရေးအခင်းကို ၁၁ ရက်နေ့မှာအရေးပေါ်အမိန့် ကြေညာပြီး စစ်တပ်က ပစ်ခတ်ဖြိုခွဲပြီးနောက် ဒီလိုသတင်းတပုဒ်ကို မဆလအစိုးရက ဖြန့်လာပါတယ်။
"ရှေ့တန်းမှာ တာ၀န်ကျနေတဲ့ ချင်းတပ်ရင်းတွေကို ခေါ်လာပြီး ပစ်ခိုင်းတာ"တဲ့။
(မဟုတ်ပါဘူး။ ဗမာသံ ပီပီသသနဲ့ အမိန့်ပေးသံတွေ၊ စကားပြောသံတွေကို နားနဲ့ဆတ်ဆတ် ကြားခဲ့ရဖူးပါတယ်။)
န၀တ-နအဖ ခေတ်များက လုပ်ဟန်များကိုလည်း ကြည့်ပါဦး။
၂၀၀၀ ပြည့်နှစ်များအတွင်းက ဘီဘီစီက လွှင့်တဲ့ အမေ့ခံပုံရိပ်များ အစီအစဉ်တခုမှာ ချင်းတက္ကသိုလ် ကျောင်းသားလေးတယောက်က ဒီလို ပြောသွားပါတယ်။
"ကျွန်တော်တို့ကလေ ငယ်ငယ်လေးထဲက ဗမာစကားပြောသံကြားရင်၊ တို့ရွာကိုတော့ ဗမာစစ်တပ်တွေ ၀င်လာပြီ။ တို့ရွာတွေ မီးရှို့ခံရတော့မယ်။ ပေါ်တာ အဆွဲခံရတော့မယ်။ အသတ်ခံရတော့မယ် ဆိုပြီး တုန်နေအောင် ကြောက်ရတာ။ အဲဒီ အရွံ့စိတ်က ကြီးလာတဲ့အထိ ပါလာတာ"တဲ့။
(ဗမာ့တပ်မတော်ရဲ့ နယ်စွန်နယ်ဖျား တိုင်းရင်းသားဒေသများက ရမ်းကားမှုများ)
ဒါတွေကတော့ စစ်အစိုးရအဆက်ဆက်က တောင်တန်းဒေသများက တိုင်းရင်းသားများနဲ့ ပြည်မကြီးက မြန်မာလူမျိုးများအကြား သွေးကွဲနေကြ၊ မုန်းတီးရွံရှာနေကြ၊ မယုံမကြည် ဖြစ်နေကြအောင် အစီအစဉ်ရှိရှိ ဖန်တီးလုပ်ဆောင်ထားချက်တချို့ကို ဥပမာအဖြစ် တင်ပြတာပါ။
လူမျိုးများအကြားသာမက တခြားပဋိပက္ခ (ဘာသာရေး၊ နေရာဒေသ) အမျိုးမျိုးကိုလည်း မီးမွှေးလှုံ့ဆော်ပေးတတ်ပါသေးတယ်။
ဒီလိုနည်းနဲ့ စစ်အာဏာရှင်စနစ်ဟာ အနှစ် ၆၀ ကျော် သက်ဆိုးရှည်ခဲ့တာပါ။
ထို့အတူ ဗမာပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲများကို ဇွဲလုံ့လကြီးစွာ၊ စွန့်လွှတ်မှုကြီးစွာ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ စဉ်ဆက်မပြတ်၊ နည်းလမ်းပေါင်းစုံနဲ့ ဆင်နွှဲခဲ့ကြပါတယ်။
ဒီလိုနဲ့ ၂၀၂၁ မှာ တော်လှန်ရေးဒီရေမြင့်အဖြစ် ပေါ်လာခဲ့တဲ့ နွေဦးတော်လှန်ရေးအတွင်းမှာတော့ တော်လှန်ရေးသမားများအကြား အလွန်လက်တွေ့ကျတဲ့ သင်ခန်းစာများ ရရှိလာပါတော့တယ်။
စစ်တပ်ကို တော်လှန်နေတဲ့ အဖွဲ့ဟောင်း၊ အဖွဲ့သစ်များအားလုံး (လူမျိုး၊ ဘာသာ၊ ဒေသမရွေး) ညီညွတ်စည်းလုံးပြီး ဟန်ချက်ညီညီ လုပ်ဆောင်ကြရမယ်။
မိမိတို့အချင်းချင်းကြားက ပြဿနာများကိုလည်း ညီအစ်ကို မောင်နှမအချင်းချင်းကြားလိုသဘောထားပြီး အပြန်အလှန် ဆွေးနွေးဖြေရှင်းကြရမယ်။
"စစ်တပ်ရဲ့ သပ်လျှိုသွေးခွဲမှုများကို သတိထားရမယ်"ဆိုတာပါပဲ။
"အခုအထက်ပါ (ကေ-အိုင်အေ-အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ရဲ့) စာတိုလေးလို လုပ်ဟန်မျိုးတွေ ပေါ်လာတာတွေဟာ အလွန်အားတက်ဖွယ်ပါ။
"စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး တိုက်ပွဲစဉ်ကြီးမှာ ဒီလို လုပ်ဟန်မျိုးတွေ တခြား တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ညီညွတ်စေဖို့ တီထွင်ဖန်တီးမှု လုပ်ဟန်သစ်တွေနဲ့ အဆင့်သစ်တရပ်ကို တက်သွားနိုင်ဖို့ အားလုံး ဝိုင်းဝန်း ကြိုးစားသွားကြရမှာပါ။
အခုတလော တိုင်းရင်းသားအဖွဲ့အသီးသီးက ခေါင်းဆောင်များရဲ့ မိမိတိုင်းရင်းသားများအတွက်သာမက တတိုင်းပြည်လုံးက ပြည်သူများအတွက်ပါ ထည့်သွင်းစဉ်းစား ပြောဆိုလာတာတွေကလည်းအလွန်အားရဖွယ် ကျေးဇူးတင်စရာပါ။
ဒီလိုဆိုရင်ဖြင့် ရွှေပြည်ကြီး နီးလာနေပါပြီ။ စစ်အာဏာရှင်စနစ် မုချကျဆုံးရမယ်။
လှကျော်ဇော
၁၀-၄-၂၀၂၅
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar