Breaking News

နိုင်ငံတကာသာဂိ - မြန်မာပြည်နောက်က အမီလိုက်နေတဲ့ အမေရိကန်တွေ

နိုင်ငံတကာသာဂိ - မြန်မာပြည်နောက်က အမီလိုက်နေတဲ့ အမေရိကန်တွေ

(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၅

မြန်မာပြည်က ၂၀၂၁ နောက်ပိုင်း စစ်အာဏာရှင်တွေ အာဏာသိမ်းလို့ တွန်းလှန်တိုက်ပွဲတွေ ဆင်နေကြရတာက ထားပါတော့။ စစ်ကောင်စီ အာဏာရူးတွေ ဥစ္စာရူးတွေ မြန်မာပြည်မှာ ရှိနေတာ၊ သူတို့နောက်လိုက်တွေ တပြုံတမကြီးက ပြည်သူတွေကိုချနင်းနကြတာ။ မြန်မာပြည်၏ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်အရေးတော်ပုံဟာ လွတ် လပ်ရေးရပြီးကတည်းက ဆက်တိုက် မျိုးဆက်တဆက်ပြီး တဆက် ဆင်နွှဲနေကြရတာ။ 

အခုကျတော့ မြန်မာပြည်လိုပဲ အမေရိကားက ဒီမိုကရေစီဘိုးတော်ကြီးဆီမှာကလည်း အာဏာရူးတွေ ဥစ္စာရူးတွေ သူတို့နောက်လိုက် တပြုံတမကြီးက ပြညိသူတွေကို ချနင်းနေကြတာ ၂၀၂၅ ဇန်နဝါရီ ၂၀ ဒေါ်နယ်ထရန့် အာဏာရလာကတည်းက မျက်ဝါးထင်ထင် မြင်တွေ့ခံစားနေကြရပြီ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ အမေရိကန်က အာဏာရှင်တွေ အရင်းရှင်ကြီးတွေက နိုင်ငံတကာကိုပါပတ်ပြီး လှည့်ဒုက္ခပေးနေကြတော့တာပဲ။ ကုန်သွယ်ရေးစစ်ပွဲကိုဆင်နွှဲတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ သတင်းစာလွတ်လပ် ခွင့်၊ လူသားများကာကွယ်စောင့်ရှောက်ရေးဦးတည်ချက်တွေ ရပ်တည်ချက်တွေကနေ နောက်ပြန်လှည့် ကျော ခိုင်းလိုက်တယ်။

သည်တော့ မြန်မာပြည်နောက်က အမီလိုက်နေတဲ့ အမေရိကန်တွေလို့ ပြောတာ မဆန်းဘူးပေါ့။ မြန်မာပြည်မှာ အာဏာရှင်လက်အောက်က လူသားတွေဟာ လူ့တန်ဖိုးရယ်လို့ လေးစားမှုမရှိသလိုမျိုး အမေရိကားမှာလည်း အာဏာရှင်နဲ့တပါတီအုပ်ချုပ်ရေးအောက်က လူသားတွေမှာ လူဂုဏ်သိက္ခာရယ်လို့ မရှိသလောက် ဖြစ်ရပါတယ်။ စိတ်မထင်ရင် မထင်သလို နိုင်ငံသားတွေကို တိုင်းပြည်ကနှင်ထုတ်ပြီး ပြည်ပတိုင်းပြည်က အကျဉ်း ထောင်ထဲ ဖမ်းဆီး ထောင်ချပစ်နေတာကို ကျူးလွန်တာ ခြိမ်းခြောက်တာတွေကို အမေရိကန်တွေ ခေါင်းငုံ့ ခံနေကြရပုံဟာ ငါတို့ မြန်မာတွေနဲ့ ဆင်တူလိုက်တာလို့တော့ ထင်မိပါရဲ့။

တကယ်တမ်းကတော့ ကမ္ဘာကြီးတခုလုံးဟာ အာဏာရှင်တွေ လက်နက်ကိုင်တွေ လက်အောက်မှာ ရုန်းကန် ရင်ဆိုင်နေကြရတာ ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။ တောင်အမေရိကက နိုင်ငံတိုင်းမှာ အကျင့်ပျက် ခြစားမှုနဲ့ အာဏာအလွဲသုံးစားမှုတွေ၊ ရွေးကောက်ပွဲရလဒ်တွေအပေါ် မထီမဲ့မြင်ပြုမှုတွေ တင်းကြမ်းနေတာပါ။ ရုရှား၊ တရုတ်၊ အီရန်၊ အစ္စရေး၊ မြောက်ကိုရီးယားတို့လို လက်နက်နိုင်ငံတွေကလည်း အိမ်နီးချင်းတွေ အိမ်ဝေးချင်းတွေအပေါ် အနိုင်ကျင့် ဗ်ိုလ်ကျ၊ အကျိုးစီးပွားအတွက် တဖက်သတ် အမြတ်ထုတ်နေကြတာတွေချည်း မြင်နေကြရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်ကတော့ ဥပဒေဘောင်အတွင်း ရွေးကောက်ပွဲဘောင်အတွင်းကတောင် တွန်းလှန်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီမိုကရေစီကျင့်စဉ်တွေကို လက်စွဲပြုဖို့ ကြိုးစားကြပါတယ်။ ထရန့်တို့လို အာ ဏာရှင်တွေက ဥပဒေကိုလက်တလုံးခြားလုပ်လိုက်၊ မှောက်ချီလှန်ချီလုပ်လိုက်နဲ့ အလွဲသုံးစားလုပ်နေ မထီမဲ့မြင့်လုပ်နေတာကိုလည်း ပြည်သူတွေ၊ မီဒီယာတွေ၊ စာသင်ကျောင်းတွေ၊ ပညာရှင်တွေ၊ တရားရုံးတွေ အလူးအလဲဲခံစားနေကြရပါတယ်။ ပြည်သူအချို့ကတော့ ခွေးရူးကောင်းစား ဒီ ၄ နှစ်ပေါ့လို့ အားတင်းပြီး ကြိမ်း ဝါးကြပါတယ်။

သို့သော် - သည် ၄ နှစ်အတွင်း ထရန့်သက်တမ်းအတွင်းမှာ အမေရိကန်၏ဒီမိုကရေစီနဲ့ ဖယ်ဒရယ်တန်ဖိုးတွေ စံနှုန်းတွေဟာ ပြိုကွဲပျက်စီး ယုတ်လျော့လို့ ခါးကျိုးသွားခဲ့မယ်ဆိုရင် အများပြည်သူတွေ မော့ကြည့်ရတဲ့ အမေရိကန်ဆိုတာ ရှိပါဦးတော့မလားဆိုတာက သံသယမေးခွန်းဖြစ်လာပါတယ်။ နောက်ဆို အမေရိကန်ကို သူများ တွံတွေးခွက်၊ သူများ ခြေနင်းဖတ်မှာ ငုံကြည့်ရတဲ့ အဖြစ်မျိုးကိုတော့ ဘယ်သူမှ မြင်တွေ့လိုမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အနာဂတ်မြန်မာပြည်ကြီး ဆိုတာကလည်း အမေရိကန်တို့လို့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်တန်ဖိုးတွေနဲ့ထူထောင်ကြမယ့် အားလုံးမော့ကြည့်ရတဲ့ တိုင်း ပြည်ဖြစ်အောင် ပေးဆပ်စွန့်လွှတ်နေကြတာမို့ အမေရိကန်ပြည်ကြီးကိုလည်း လက်ရှီအခြေအနေကနေ တွန်းလှန်ရုန်းထလာတာမျိုးကို မြင်တွေ့လိုကြတာ ဖြစ်ပါတယ်။

အမေရိကန်တွေက မြန်မာပြည်နောက်က အမီလိုက်နေတယ်ဆိုတာ အာဏာရှင်စနစ်ကိုဦးတည်နေတဲ့တိုင်း ပြည်မျိုးဖြစ်နေပြီလို့ အရွဲ့တိုက်ပြီး ရေးတာပါ။ နောက်တမျိုး အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ မြန်မာပြည်က ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလမ်းပေါ် ပြန်တည့်မတ်နေချိန်မှာ အမေရိကန်ကလည်း နောက်ကနေ ပြန်အရှိန်ယူ လိုက်နေရတယ်လို့ ရယ်သွမ်းသွေးချင်တဲ့ သ ေဘာလည်း ဖြစ်နေပါတယ်။

နိဂုံးအနေနဲ့ ပြောချင်တာက - မဲပေးတဲ့သူတွေထဲမှာ ပုံမှန် သမားရိုးကျ မဲပေးသူတွေက သတင်းတွေ ရုပ်သံတွေ ဟောပြောပွဲတွေ ဖတ်တယ် နားထောင်တယ်၊  နိုင်ငံအရေးကို စိတ်ဝင်တစား လိုက်စားပြီး မဲပေးကြတဲ့ အမျိုးအစားက တမျိုး။ နောက်တမျိုးကတော့ ဘာကိုမှ စိတ်မဝင်စားတော့ပဲ မိမိအရေး မိမိအကျိုးစီးပွားသက်သက်ကိုသာ ဦးထိပ်တင်ပြီး သူတပါးအရေးတွေကို မလိုက်စားတော့တဲ့ ကျောခိုင်းပြီး မဲပေးကြတဲ့ အမျိုးအစားက တမျိုး ဖြစ်ပါတယ်။ ကမ္ဘာမီးလောင် သားတောင်ချနင်းမယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ ငါ့မထိရင် ပြီးရော သူများတွေ ကမ္ဘာပျက်နေတာကို ဝမ်းသာအားရ ခံစားတတ်တဲ့ မျက်ကန်းမဲဆန္ဒရှင်တွေ တိုးပွားလာတာကိုတော့ သတိပြု ကြရမှာ ဖြစ်ပါတယ်။ သူတို့လိုလူမျိုးတွေကို မွေးမြူ အားပေး မြေတောင်မြှောက်ပြီးတော့ အာဏာရူးတွေ ဥစ္စာ ရူးတွေက အဲသည်လို အတ္တရူးနေသူတွေကို နောက်လိုက်အဖြစ် မွေးမြူပြီး အားလုံးကို ချနင်းတော့တာပါပဲ။

မြန်မာပြည်နဲ့ အမေရိကန်ပြည်က ပြည်သူတွေအားလုံးမှာ နှလုံးသားလည်း လှကြပါစေ၊ ဦးနှောက်လည်း ပြည့်ကြပါစေလို့ ဆုတောင်းပေးလိုက်ချင်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar