MNDAA လက်ထဲက လားရှိုးမြို့ပြန်ရပြီးနောက် TNLA ရင်ဆိုင်ရမယ့် ဖိအား
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၈ မြင်ကွင်း
မိုးမခ၊ ဧပြီ ၂၉၊ ၂၀၂၅
MNDAA လက်ထဲက လားရှိုးမြို့ပြန်ရပြီးနောက် TNLA ရင်ဆိုင်ရမယ့် ဖိအား
ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က စစ်ကောင်စီနဲ့ ဇန်နဝါရီလမှာ အပစ်ရပ်ပြီး ဧပြီလမှာ လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်းပေးလိုက်ခြင်းရဲ့အကျိုးသက်ရောက်မှုဟာ ရှမ်းမြောက်ဒေသက အခြားသော လက် နက်ကိုင်အဖွဲ့တွေ ယင်းဒေသနဲ့ဆက်စပ်နေတဲ့နယ်မြေတွေမှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာမယ်ဆိုတဲ့ အချက်က သံသယဖြစ်စရာ မလိုပါဘူး။
၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ နှစ်လယ်ပိုင်းတွေမှာ ရှမ်းမြောက်ဒေသက စစ်ကောင်စီထိန်းချုပ်နယ်မြေတွေက စစ်စခန်းတွေ နဲ့ မြို့တွေ လျင်မြန်စွာ လက်လွတ်ဆုံးရှုံးသွားခဲ့တဲ့အဖြစ်က မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေ အဖို့ အံ့အားသင့်ရလောက်အောင် မြန်ဆန်းလွန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်စစ်မျက်နှာမှာ ရှုံးနိမ့်မှုတွေ ဆက်တိုက်ရင်ဆိုင်ရသလို ရှမ်းမြောက်ဒေသမှာလည်း အရှုံးနဲ့ ဆုတ်ခွာရတာတွေ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတွေ၊ စစ်စခန်း၊ စစ်ဌာနချုပ်နဲ့ မြို့တွေ လက်လွတ်ဆုံးရှုံးခဲ့ရတာတွေက စစ်ကောင်စီအဖို့ နောက်ထပ် ဘယ်မြို့ ဘယ်စခန်းတွေ ထပ်ပြီးဆုံးရှုံးဦးမလဲ ဆိုတဲ့ စိုးရိမ်မှုတွေဖြစ်စေခဲ့ပြီး တော်လှန်ရေး အင်အားစုတွေဘက်ကို စိတ်အားတက်ကြွမှုတွေလည်း ဖြစ်ပေါ်စေခဲ့တာပါ။
သို့ပေမယ့် MNDAA နဲ့ စစ်ကောင်စီတို့ ဇန်နဝါရီလဆန်း ကူမင်းဆွေးနွေးပွဲမှာ အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တဲ့ အဖြစ်က ရှမ်းမြောက် နောက်ထပ်နယ်မြေသိမ်းယူမှုတွေရဲ့ အလားအလာကို မှေးမှိန်သွားစေခဲ့ပြီး ဧပြီလမှာ လားရှိုးမြို့ကို ပြန်လည်လွှဲပေးလိုက်ရခြင်းက ရထားပြီးသား အကျိုးအမြတ်တွေပါ ပြန်ပါသွားတဲ့ အဖြစ်နဲ့ မဟာမိတ် အဖြစ်ပူးပေါင်းစစ်ဆင်ရေး လုပ်ကြတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြားမှာက ဆက်ဆံရေး၊ အနာ ဂတ်ပူးပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်စေမယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။
MNDAA အနေနဲ့ အနာဂတ်မှာ နယ်မြေသိမ်း စစ်ဆင်ရေး မလုပ်တော့ဘူးဆိုတဲ့ သဘောသက်ရောက်စေသလို စစ်ကောင်စီအနေနဲ့ MNDAA နဲ့ တိုက်ခိုက်ဖို့ မလိုတော့တဲ့ အဖြစ်က ရှမ်းမြောက်မှာ ရင်ဆိုင်နေရတဲ့ TNLA အဖို့ ဖိအားဖြစ်စေလိမ့်မှာ အသေအချာဖြစ်ပါတယ်။
TNLA အဖို့ အဆိုပါ ဖိအားတွေကို ယခုသီတင်းပတ်တွေမှာ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ယမန်နှစ်နှစ်လယ် ဝန်းကျင်ကတည်းက ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရှေ့တန်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်ဖြစ်ပွားနေခဲ့တဲ့ နောင်ချိုမြို့ရဲ့ တောင်ဘက်မှာတည်ရှိတဲ့ တောင်းခမ်းဒေသ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်က ခံစစ်ဆင်ခဲ့ရာကနေ ထိုးစစ်အဖြစ်ပြောင်းလဲပြီး နောင်ချိုမြို့ဘက်ကို တဖြည်းဖြည်း ချဥ်းကပ်လာနေတဲ့ အနေအထားဖြစ်ပါတယ်။
ခုရက်ပိုင်းသတင်းတွေထဲ တောင်းခမ်းရဲ့ မြောက်ဘက် မဲပုတ်ရွာကနေ နောင်လင်ရွာကို စစ်ကောင်စီတပ်တွေ သိမ်းယူနိုင်ခဲ့တယ်ဆိုပြီး ဖေါ်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေ နောင်ချိုမြို့ကို ရောက်ဖို့က ၁၅ မိုင် ၁၆ မိုင်အကွာအဝေးရှိနေသေးတာ ဖြစ်ပေမယ့် လားရှိုးမြို့ကို မတိုက်ခိုက်ရဘဲ ပြန်ရခဲ့တဲ့ စစ်ကောင်စီ အနေနဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို တခုပြီးတခု ပြန်လည်သိမ်းယူဖို့ ရည်မှန်းချက်ထားရှိပြီး ကြိုးပမ်းလိမ့်မှာ သေချာတဲ့ အနေအထားဖြစ်ပါတယ်။
စစ်ကောင်စီအဖို့ အနောက်ဘက် စစ်မျက်နှာ ရခိုင်တောင်ပိုင်း ဧရာဝတီတိုင်း အနောက်ဘက်ခြမ်းစစ်မျက်နှာနဲ့ မြောက်ဘက် ကချင်ပြည်နယ် အရှေ့တောင် ဗန်းမော် စစ်မျက်နှာတွေမှာ ခံစစ်နဲ့ ဆုတ်ခွာပေးရတဲ့ အနေအထားရှိနေပေမယ့် ရှမ်းမြောက်ဒေသမှာတော့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ စစ်ရေး သံတမန်ရေး (တရုတ်နိုင်ငံဖိအားကို ရယူထားတဲ့) နည်းလမ်းတွေနဲ့ ဆုံးရှုံးထားတဲ့ သိက္ခာကို ဆယ်ဖို့ ကြိုးစားနေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။
TNLA အဖို့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း အစကာလတွေလို လူအင်အား၊ လက်နက်အင်အား ပြည့်စုံစွာရှိ မရှိတော့ အတိအကျ မပြောနိုင်ပေမယ့် မဟာမိတ်အင်အားမှာ မတူတော့တဲ့ အခြေအနေကို သတိပြုရမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်မှာ နယ်မြေအများအပြားသိမ်းယူနိုင်ခဲ့ပြီး တအာန်းပလောင်လူမျိုး အများစုနေထိုင်တဲ့ ဒေသတွေသာမက အခြားတိုင်းရင်းသားလူမျိုးစုတွေနဲ့ ရောနှောနေထိုင်ကြတဲ့ ကွတ်ခိုင်၊ နောင်ချို၊ မိုးကုတ်တို့လိုဒေသတွေကို သိမ်းယူနိုင်ခဲ့ပြီးနောက်မှာ နယ်မြေစိုးမိုးအုပ်ချုပ်မှုနဲ့ပတ်သက်ပြီး အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပွတ်တိုက်မှု၊ အောက်ခြေအဆင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေရှိနေခဲ့တာက ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်နဲ့ အစပိုင်းကလို စည်းလုံးတဲ့ ဆက်ဆံရေးမျိုး မဟုတ်တော့တဲ့ အနေအထားလို့ ဆိုရင် မှားမယ်မထင်ပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အပြင် ၁၀၂၇ အစပိုင်းမှာ PDF တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ အခြေ အနေမျိုး အခုနေအခါ ရှိနေသေးသလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းကာလတွေမှာ ရှမ်းတောင်ပိုင်း၊ ကရင်နီ၊ စစ်ကိုင်း၊ မန္တလေးတိုင်း နဲ့ အညာဒေသက PDF လက်နက်ကိုင် အဖွဲ့တွေရဲ့ လူအင်အားနဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတာ အများသိရှိပြီး ဖြစ်ကြပါတယ်။ ကွမ်းလုံ၊ လောက်ကိုင်တိုက်ပွဲတွေက အစ လားရှိုး၊ ကျောက်မဲ၊ နောင်ချိုတိုက်ပွဲတွေမှာ PDF တပ်ဖွဲ့တွေ အများအပြား ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ အခြေအနေက အခု ဆက်လက်ရှိနေသေးသလား ဆိုတဲ့အချက်လည်း ထည့်သွင်းတွက်ချက်ရမယ့် အချက်တချက်ဖြစ်ပါတယ်။ တောင်းခမ်း တိုက်ပွဲလိုမျိုးမှာ ရှမ်းတောင်က DPLF လို ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ပါဝင်နေတဲ့အကြောင်း သတင်းတွေမှာ ပါရှိပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ အစ၊ အလယ်နဲ့ လက်ရှိပစ္စုပ္ပန်အနေအထားမှာ ရည်ရွယ်ချက်နဲ့အကျိုးစီးပွားတွေ ပြောင်း လဲလာသလားဆိုတဲ့ အချက်အပေါ် မူတည်ပြီး တပ်ပေါင်းစု ဖွဲ့စည်းနိုင်ခြင်း ရလဒ်ပေါ်ထွက်လာမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
ဒီအခြေအနေတွေက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ မြို့တွေနယ်မြေတွေကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားမယ့် စစ်ကောင်စီနဲ့ သံတမန်ရေးအရ နဲ့ ရုပ်ဝတ္ထုဆိုင်ရာတွေ ထောက်ခံအားပေးမယ့် အိမ်နီးချင်း တရုတ်နိုင်ငံတို့ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ တရုတ်နိုင်ငံရဲ့ ထောက်ခံမှု သံတမန်ရေးအရ ဖိအားတွေကို အစွမ်းကုန် အသုံးပြုပြီး ရှမ်းမြောက်ကို ယခုထက် ပိုမိုမဆုံးရှုံးရအောင် ကြိုးစားမှာ ဖြစ်သလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန် လည်ထိန်းချုပ်နိုင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်မယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။
ရှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ မိမိတို့ အဖွဲ့အနေနဲ့ နယ်မြေများများ ထိန်း ချုပ်နိုင်ရေးနဲ့ မဟာမိတ်ဖွဲ့စည်းရေးတို့အကြား အချို့သောအခြေအနေမှာ ၂ ခုလုံးတပြိုင်နက်တည်း မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကို လက်ခံကြရမှာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar