ရိုးရာသင်္ကြန်နဲ့ မတူညီတဲ့ ဘဝတွေ
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁၅ မြင်ကွင်း
မိုးမခ၊ ဧပြီ ၁၆၊ ၂၀၂၅
ရိုးရာသင်္ကြန်နဲ့ မတူညီတဲ့ ဘဝတွေ
နှစ်စဥ် ဧပြီလ ၁၃ ရက် သို့မဟုတ် ၁၂ ရက်နေ့ကနေ ၄ ရက်တာ ရေကစားကြတဲ့ မြန်မာ့ရိုးရာ သင်္ကြန်က ယခုနှစ်မှာတော့ ပြည်တွင်းစစ်က တဖက် အခြားတဖက်မှာ ငလျင်ဘေးဒဏ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခံစားကြရတဲ့ ဒုက္ခက တဖက်နဲ့ ဘယ်လိုဖြတ်သန်းရမလဲဆိုတာ အမျိုးမျိုး အမြင်တွေ ကွဲပြားနေကြတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခဲ့တဲ့ မန္တလေး၊ စစ်ကိုင်း၊ ပျဥ်းမနား၊ နေပြည်တော်နဲ့ အခြားသောမြို့တွေ ဒေသတွေမှာ လူ ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ ထိခိုက်ဒဏ်ရာရသူ နဲ့ ပျောက်ဆုံးသူ ရာဂဏန်းမျှရှိတယ်လို့ တရားဝင် ထုတ်ပြန်ချက်တွေရဲ့ ကိန်းဂဏန်းတွေက ဆိုကြပါတယ်။
မြန်မာ့ရိုးရာ ယဥ်ကျေးမှုသင်္ကြန်ရဲ့ မြန်မာမှု ဗဟိုအချက်အချာမြို့ဖြစ်တဲ့ မန္တလေးမြို့ဟာ ယခုငလျင်မှာ ပျက်စီးမှုနဲ့ ထိခိုက်သေဆုံးမှု အများဆုံးခံစားခဲ့ရတဲ့ မြို့ဖြစ်တာကြောင့် ယခင်ခေတ်ကောင်းစဥ် ကာလတွေကလို မြို့ခံလူထုက သင်္ကြန်နဲ့ ပတ်သက်တဲ့ အစီအစဥ်တွေ မလုပ်ကြဘဲ တိတ်ဆိတ်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ယခု ၂၀၂၅ ခုနှစ်မတိုင်မီ ကိုဗစ်ကူးစက်ရောဂါကြောင့် ၂၀၂၀ ခုနှစ် သင်္ကြန်ကို စည်ကားစွာမကျင်းပနိုင်ခဲ့ကြသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ဧပြီလမှာကျရောက်တဲ့သင်္ကြန်အခါမှာလည်း အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေကို လက်နက်နဲ့ပစ်ခတ်နှိမ်နှင်းခဲ့ရာမှာ ဆန္ဒပြသူအများအပြား ထိခိုက်သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ သင်္ကြန်ကို တိတ်ဆိတ်စွာကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ထိ သင်္ကြန်ကိုစည်ကားအောင်ကျင်းပဖို့ အာဏာသိမ်းစစ်တပ်က ကြိုးစားခဲ့တာတွေ့ရမှာပါ။ စစ်တပ်ထောက်ခံသူတွေက သင်္ကြန်ပွဲကျင်းပဖို့ လှုံ့ဆော်စည်းရုံးခဲ့ကြပြီး နွေဦးတော်လှန်ရေး ထောက်ခံသူတွေ အနေနဲ့ သင်္ကြန်မှာ ပါဝင်ဆင်နွှဲခြင်း မပြုဖို့ စည်းရုံးမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးကာလမှာ ကိုဗစ်ကူးစက်ကပ်ဘေးပြီးဆုံးသွားပေမယ့် သင်္ကြန်ဟာ ကိုဗစ်နဲ့ စစ်အာဏာ သိမ်းမှုမတိုင်ခင် ကာလတွေလို မြို့ကြီးတွေမှာ စည်စည်ကားကား ကျင်းပကြတာ မတွေ့ကြရတော့ပါဘူး။ အဲဒီနှစ်ကာလတွေမှာ ရန်ကုန်မြို့တို့လိုမှာ အများအတွက် ဖွင့်ထားပေးတာမဟုတ်တဲ့ သီးသန့် သင်္ကြန်လိုမျိုးတွေကျင်းပလာကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ သင်္ကြန်မဏ္ဍပ်တွေနဲ့ လူသိရှင်ကြားကျင်းပကြတဲ့အခါ လူမှုရေးအရ ဒဏ်ခတ်မှုခံရမယ့် အရေးကို ရှောင်လွှဲဖို့ အတွက် စားသောက်ဆိုင်တွေ၊ ခြံဝင်းတွေလိုမျိုးမှာ ဝင်ကြေးပေးပြီး ဆင်နွှဲရတဲ့သင်္ကြန်တွေအဖြစ်ကို အသွင်ပြောင်းလာကြတာတွေ့ရပါတယ်။ ယခုနှစ် ရန်ကုန်သင်္ကြန်က အကြိုအကျနေ့တွေအထိ မြို့ထဲက အများနဲ့ဆိုင်တဲ့နေရာအများစုမှာ မဏ္ဍပ်လည်းမရှိသလို တိတ်ဆိတ်တဲ့သင်္ကြန်အနေနဲ့ပဲ ကျင်းပခဲ့ကြတာတွေ့ ရပါတယ်။ ရန်ကုန်မြို့ တရုတ်တန်းက စားသောက်ဆိုင်တွေ တန်းစီနေတဲ့ ၁၉ လမ်းမှာတော့ သင်္ကြန်ပွဲဆင်နွှဲနေတာ ရှားရှားပါးပါးတွေ့ကြရပါတယ်။ မြို့တော်ခမ်းမ၊ ပြည်လမ်းမ၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းလို့ လမ်းမတွေမှာ မဏ္ဍပ်တွေ မရှိတာတွေ့ကြရပါတယ်။
သို့ပေမဲ့ သင်္ကြန်ကျပြီး ၂ ရက်အကြာမှာ လမ်းလျှောက်သင်္ကြန် ကျင်းပဖို့ ရန်ကုန်မြို့ မြို့တော်ဝန် နဲ့ စည်ပင်သာယာကော်မတီက ဆုံးဖြတ်ပြီး မြို့လယ်ခေါင်မှာ လမ်းလျှောက် သင်္ကြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သင်္ကြန်ကာလဟာ တနှစ်တကြိမ်မှာ ပျော်ရွှင်ရတဲ့ အခွင့်အရေး၊ စစ်ပွဲတွေ၊ စီးပွားရေး ကြပ်တည်းမှုတွေကြောင့် စိတ်ခံစားမှုတွေ ပိတ်လှောင်မိနေတဲ့ လူထုအဖို့ အခုလို သင်္ကြန်ကာလမှာ စိတ်ထွက်ပေါက် အနေနဲ့ ရေကစားတာ ပျော်ရွှင်ကြတာကို အပြစ်မတင်သင့် နားလည်သင့်တယ်လို့ ယူဆသူတွေလည်း ရှိကြပြီး သာမန်လူထုအနေနဲ့ တနှစ်မှာ တကြိမ်သာ အခွင့်အရေးရတဲ့ ပွဲတော်လိုမျိုးမှာ စိတ်ထွက်ပေါက် ရသင့်တယ်လို့ ယူဆကြတာပါ။
စစ်ဖြစ်နေတဲ့ ဒေသတွေမှာတော့ သင်္ကြန်ကာလမှာလည်း ရပ်နားခြင်း မရှိကြပါဘူး။ လေကြောင်းတိုက်ခိုက်မှုတွေ ပစ်ခတ်မှုတွေနဲ့ ကျေးရွာမီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ပျက်နေဆဲ ဖြစ်ပါတယ်။ ငလျင်ဒဏ် ခံစားရသူတွေအဖို့ နေစရာအိမ်ပျက်စီးပြီး လဟာပြင်တွေမှာ အဆင်ပြေသလို အိပ်စက်နေကြရတာလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းယူဖို့ တိုက်ခိုက်နေတဲ့ တိုက်ပွဲလည်း ရပ်နားခြင်း မရှိသလို၊ စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲလည်း သင်္ကြန်ရက်တွေ မတိုင်ခင်လေး အပြီးတိုင် သိမ်းယူခဲ့တာဖြစ်ပြီး လက်တုံ့ပြန် လေကြောင်းတိုက်ခိုက်မှုတွေ ခံခဲ့ရပြီး အရပ်သား အများအပြား အသက်ဆုံးရှုံးခဲ့ကြရပါတယ်။
နောင်ချိုမြို့အနီးက လရှည်ကြာတိုက်ခိုက်နေတဲ့ တောင်ခမ်းဘက်ကဒေသတွေမှာလည်း နှစ်ဖက်တိုက်ခိုက်မှုတွေဖြစ်နေဆဲ ဖြစ်သလို မန္တလေးတိုင်း သပိတ်ကျဥ်းမြို့နယ်တွေဘက်မှာလည်း တိုက်ခိုက်မှုတွေဖြစ်ပွားနေဆဲ၊ မြင်းခြံခရိုင် နွားထိုးကြီး တောင်သာဘက်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်သလို ကရင်ပြည်နယ် ဒေသအချို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ခံနေကြရတာ ဖြစ်ပါတယ်။
အထက်က အဖြစ်အပျက်တွေက မြန်မာနိုင်ငံတွင်းက ဒေသအသီးသီး မြို့အသီးသီးမှာ သင်္ကြန်ကာလအတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေဖြစ်ပါတယ်။ ငလျင်ဘေးဒဏ်၊ စီးပွားရေး အကြပ်အတည်း၊ ပြည်တွင်းစစ်မီးကနေ လွတ်ကင်းရာတိမ်းရှောင်နေကြရတဲ့ အခြေအနေတွေအောက်မှာ ဘဝတွေရဲ့ အခြေအနေတွေက မတူညီကြတာတွေ့ကြရမှာ ဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာပြည်ဖွားတွေလည်း နိုင်ငံအသီးသီးမှာ သင်္ကြန်ပွဲကိုပုံစံအမျိုးမျိုးနဲ့ ကျင်းပနေကြတာ သတင်းတွေ၊ လူမှုကွန်ရက်မီဒီယာတွေမှာ တွေ့ကြရပါလိမ့်မယ်။ ရန်ပုံငွေ ရှာတဲ့ သင်္ကြန်၊ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်း အချင်းချင်း တွေ့ဆုံကြတဲ့ သင်္ကြန်ပွဲတွေရဲ့ အငွေ့အသက်နဲ့ ပြည်တွင်းက ပြည်တွင်းစစ် အရိပ်မိုးနေတဲ့ အောက်က သင်္ကြန်အငွေ့အသက်ကတော့ လုံးဝကွာခြားနေမှာ အသေအချာပင် ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar