Breaking News

အမေရိကန်ပညာရေးစနစ်အကျပိုင်းကို ရောက်ပြီလား

အမေရိကန်ပညာရေးစနစ်အကျပိုင်းကို ရောက်ပြီလား

နိုင်ငံတကာသာဂိ (မိုးမခ) ဧပြီ ၁၅၊ ၂၀၂၅

ထရန့်မတက်ခင်၊ ကိုဗစ်၁၉ နောက်ပိုင်းမှာ လူငယ်တွေက အခြေခံပညာရေး ပြီးနောက် ကောလိပ်ပညာရေးကို သိပ်စိတ်မဝင်စားကြဘူးလို့ ဆိုရမယ်။ အလုပ်သွားစရာမလိုဘဲ အိမ်ကနေ အလုပ်ဝင်လို့ရတဲ့ - work from home တွေ ခေတ်စားလာတာထက် ပညာသင်တဲ့ဆီမှာ အိမ်ကနေ ပညာသင်ကြတာ - online learning တွေ ဖြစ်လာတာက အဓိကဖြစ်မယ် ထင်ပါတယ်။ BA, BSc ဘွဲ့ကို ၃ နှစ် ၄ နှစ်အတွင်း အွန်လိုင်းကနေ စာသင်၊ အွန်လိုင်းကနေ စာမေးပွဲ ဖြေတာက ရာခိုင်နှုန်းများများနဲ့ပြီးမြောက်လာကြတယ်။ စာသင်ကျောင်းမှာ ကျောင်းသားနဲ့ဆရာနဲ့ စာသင်ကြားတာ ဆွေးနွေးပြောဆိုကြတာ၊ စာသင် ခန်းအတွင်းနဲ့ ပြင်ပလှုပ်ရှားမှုတွေ အားနည်းလာတယ်ဆိုရမယ်။ သည်တော့ သာမန်အခြေခံလူတန်းစားတွေနဲ့ အလယ် အလတ်ပိုင်းက ပရိုဖက်ရှင်နယ်ပညာရေးလို သူနာပြု ဆရာဝန် အင်ဂျင်နီယာ ကွန်ပြူတာ သိပ္ပွံအထူးပြုတွေကလွဲရင် ကျောင်းပညာရေးကို ပျော်စရာလို့ မစဉ်းစားကြတော့ဘူး။ သည်တော့ ကောလိပ်တက်သူတွေ ကောလိပ်လျောက်လွှာ သွင်းတဲ့သူတွေ ကျဆင်းလာတယ်။

အခု ပညာရေးစနစ်ကို Hybrid Education လို့ ခေါ်ပါတယ်။ အွန်လိုင်းနဲ့ ကျောင်းဝင်း ၂နံစပ် ပညာရေးပေါ့။ သု့ကြောင့် ကောလိပ်ကျောင်းတက်သူတွေ ကျဆင်းတာက တပိုင်း၊ နောက်တပိုင်းက အမေရိကားမှာ လူငယ်တွေ၏ လူဦးရေ ကျဆင်းလာတယ်။ ကလေးမွေးနှုန်းကျဆင်းရခြင်းက တချက်။ ကျောင်းတွေ ရှိသလောက် ကျောင်းသားမရှိဘူး။ ကောလိပ်မပြောပါနဲ့ အခြေခံပညာက မူလတန်းကျောင်းတွေတောင် စာရင်းအပ်နှုန်းကျလာတယ်။ ကလေးတွေ မွေးတာ နည်းလို့။

နောက်တချက်ကတော့ လူနေမှုစရိတ်မြင့်လာတယ်။ ကောလိပ်ပညာရေးက စျေးကြီးတယ်။ ငွေချေးတက်ရတာရယ်၊ အစိုးရဆီက ပညာသင်ကြေးယူပြီး တက်ရတာရယ်က ကလေးတွေအတွက် အတားအဆီးဖြစ်လာတယ်။ နောက်တော့ ပြင်ပ သက်မွေးပညာသင်ကျောင်းတွေ နည်းပညာသင်တန်းတွေက အပြင်ကနေ သင်လို့ရတယ်၊ ဒါနဲ့ အပြင်မှာ အလုပ်အကိုင်ရှာလို့ရတယ်။ ဘွဲ့တွေ ဘာတွေ မလိုဘူး။ သိချင် တတ်ချင်တာကို အွန်လိုင်းကနေတ ရှာလို့ရလာတယ်။ စနစ်တကျ ပညာရေးကို လူငယ်တွေက စိတ်မဝင်စားတော့တဲ့သဘော။

သည်တော့ ပြည်နယ်အလိုက် ကျောင်းတွေ တက္ကသိုလ်တွေမှာ ကျောင်းသားတွေ နဲလာတော့ ပြည်နယ်အစိုးရတွေကလည်း ဘတ်ဂျက်တွေ လျော့ချလာတယ်။ ကျောင်းတွေ လျော့ချတာ၊ ဝန်လျော့တာတွေ လုပ်လာတယ်။ ပရိုဂရမ်တွေကို ဖြုတ်ပစ်တယ်။ ဆရာတွေ ဆရာမတွေ ဝန်ထမ်းတွေကိုလည် ထပ်မခန့်တော့ဘူး၊ လျော့ပစ်တာအပြင် အလုပ်ဖြုတ်ဖို့လည်း ကြိုးစားလာကြတယ်။ သည်တော့ အမေရိကန် ပညာရေးဟာ အကျဘက်ကို ရောက်လာတယ် လို့ ဆိုနိုင်ပါတယ်။

အမေရိကန်ပညာရေးဟာ အကုန်အကျများလွန်းပြီး ဖောင်းပွလွန်းတယ်လို့ ဝေဖန်ကြသူတွေ ရှိတယ်။ ပြီးတော့ ပညာသင်ကြားရာမှာ လစ်ဘရယ်ဖြစ်အောင်၊ တိုးတက်တဲ့အမြင်ရှိအောင် သင်တယ်လို့ ရှေးရိုးစွဲတွေက မြင်ကြတယ်။ ကလေးတွေကို ကောလိပ်ပို့လိုက်ရင် လူကြီးတွေကို ပုန်ကန်ဖို့ အားပေးလိုက်သလိုပဲလို့ တချို့က ပြောကြတယ်။ ဥပမာ - လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်၊ အားလုံးအတူတူ အခွင့်အရေးရပိုင်ခွင့်တွေမျိုးတွေ ကို လူငယ်တွေခေါင်းထဲ အတင်းသွင်းထားတော့ စည်းကမ်း နည်းလမ်းနဲ့ တင်းကြပ်ရမယ့်ဟာတွေကို လူငယ်တွေက နားမထောင်ချင်ကြဘူးလို့ ဝေဖန်ရေးတွေ ထွက်လာတယ်။ ဒါက တပိုင်း ထားပါတော့။

အခု ဒေါ်နယ်ထရန့်လက်ထက်မှာ အမေရိကန်၏ ဖယ်ဒရယ်အေဂျင်စီ - ပြည်ထောင်စုအဆင့် ပညာရေးဌာနကို ကန့်သတ် လျော့ချတာတွေ လုပ်လိုက်တယ်။ အကြောင်းပြချက်ကတော့ - ပညာရေးစာရိတ်က ဖောင်းပွတယ်။ ကြိုးနီတွေ များတယ်။ လူကြီးတွေ ကောင်းမယ်ထင်တာ လုပ်ခွင့်မရဘူး။ (ဥပမာ - နိုင်ငံရေးအရ ထိန်းချုပ် ကြပ်မတ်တာမျိုး)။ သူပြောတာကတော့ ပြည်နယ်တွေအလိုက် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးမယ်လို့ ပြောလိုက်တာလည်း ပါတယ်။

တကယ်ကတော့ သူပြောတာမှာ လွဲချော်နေတာအများကြီးပါတယ်။ ဆင်းရဲ ချမ်းသာ ပြည်နယ်တွေ ကွဲပြားတဲ့အတွက် လူတိုင်း ပညာသင်ကြားခွင့်နဲ့ ပညာသင်စာရိတ် တန်းတူ ရအောင် ဖယ်ဒရယ်ပညာရေးဌာနက စီမံခန့်ခွဲပေးတာ ဖြစ်တယ်။ ပြည်နယ်တိုင်းက ကျောင်းတိုင်းမှာ ခေတ်မီတဲ့ စနစ်တွေနဲ့ တိုးတက် ပြုပြင် ပြင်ဆင်မှုတွေ ရအောင် အာမခံချက်ပေးတာ ဖြစ်ပါတယ်။ ကျောင်းဆရာ ဆရာမ တွေ မိဘတွေကိုယ်တိုင်လည်း ပညာရေးနဲ့ ချိတ်ဆက်မိအောင် ပိုပြီး ပါဝင်ပတ်သက်နိုင်အောင် အစီအစဉ်တွေအတွက် ထောက်ပံ့ပေးတာမျိုးတွေ လုပ်နိုင်တာ ဖြစ်ပါတယ်။ သည်အချက်အလက်တွေ ကန့်သတ်လိုက်ရင် ပြည်နယ်တွေကြားထဲမှာ မညီမျှမှုတွေ ဖြစ်ပြီး ပညာသင်ကြားမှုတွေ ကွာဟချက်တွေ ဖြစ်လာမှာကို စိုးရိမ်လို့ သည်လို ဖယ်ဒရယ်ပညာရေးဌာနကို လုပ်ပေးထားပြီး ဝန်ထမ်းတွေ ခန့်အပ်ထား၊ ဘတ်ဂျက်တွေ စီမံခွင့် ပေးထားတာ ဖြစ်ပါတယ်။

သို့သော ၂၀၂၅ ထရန့်ဒုတိယသက်တမ်း သမ္မတ ဖြစ်လာပြီးနောက်မှာတော့ ပညာရေးဌာနကို လျော့ချဖို့ကနေ ပိတ်သိမ်းဖို့အထိ လုပ်လာတဲ့အတွက် နဂိုကတည်းက ကျောင်းတက်သူတွေ နည်းလာလို့ ကျောင်းတွေမှာ အခက်အခဲဖြစ်နေချိန် ပညာရေးကို အားပေးဖို့ မြေတောင်မြှောက်ဖို့ကို ပြည်ထောင်စုအဆင့်ကတောင် စိတ်မဝင်စားတော့ဘူး ဆိုရင် အမေရိကန်၏ အနာဂတ်မျိုးဆက်နဲ့ ပညာရေးအတွက် စိုးရိမ်စရာ ကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပညာရေးဆိုတာ ကလေးတွေကို ဘာကိုပဲ စဉ်းစားရမယ်လို့ ဘောင်ခတ်တာ မဟုတ်ပါဘူး။ ဘယ်လိုမျိုး တွေးခေါ်စဉ်းစားတတ်အောင် သင်ပေးတာ ဖြစ်ပါတယ်။

"We don't teach students what to think. We teach them how to think."

မြန်မာပြည်က နွေဦးတော်လှန်ရေးကာလ ပညာရေးဟာ ယခုလိုပဲ စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ အမေရိကန်က ကလေးတွေက စာသင်ခန်းကို မသွားချင်ကြဘူးလို့ ဆိုကြတယ်။ မြန်မာပြည်က ကလေးတွေကတော့ အွန်လိုင်းဖြစ်ဖြစ် စာသင်ခန်းဖြစ်ဖြစ် ပညာရေးကို ငတ်မွတ်ပြီး သင်ကြားနေကြတုန်းပါပဲ။ မိဘတွေ ဆရာတွေကိုယ်တိုင်ကလည်း အထူးအားထုတ်ပြီး ပညာရေးကိုအားပေးနေကြသေးတယ်လို့ဆိုနိုင်ပါတယ်။ အဆင့်မြင့်ပညာရေးကို မလှမ်းနိုင်ရင် နေပါစေ၊ မြန်မာပြည်တွင်းနဲ့ရွှေ့ပြောင်းမိသားစုတွေမှာ အခြေခံပညာရေးကိုတော့ အနည်းဆုံး ၅ တန်း ဖြစ်ဖြစ် ၈ တန်းဖြစ်ဖြစ် ပြီးအောာင်သင်ပေးနေကြတယ်လို့ ခန့်မှန်းကြတယ် ဆိုကြပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar