ကိုအောင်မှိုင်း - တော်လှန် သံခိပ်ကျမ်း
ကိုအောင်မှိုင်း - တော်လှန် သံခိပ်ကျမ်း
မိုးမခ ၊ ဧပြီ ၂၈ ၊ ၂၀၂၅
တော်လှန်ရေးဆိုတာ
သေခြင်းနဲ့ရှင်ခြင်းကြားက
လှုပ်ရှားမှု ဖြစ်တယ်။
ခေတ်ဆိုတာ
အမြစ်က နုတ်ပစ်ရမဲ့
လူတန်းစားတွေအတွက်
ကြိုးမိန့်ချရာ တရားရုံးဘဲ။
မျိုးဆက်ကို
ပစ်ပယ်ခြင်းဟာ
ကိုယ့်သေတွင်း ကိုယ်တူးတာဘဲ။
ညီညွတ်ရေး ဆိုတာ
မညီညွတ်ချင်သူတွေအတွက်
လမ်းဆုံးဖြစ်ပေမဲ့
ညီညွတ်ချင်သူတွေအတွက်
လမ်းစဖြစ်တယ်။
တခါခံရတာ
လုပ်သူ အပြစ်ဖြစ်ပေမဲ့
အကြိမ်ကြိမ် ခံရရင်တော့
ခံရသူအပြစ် ဖြစ်လာလိမ့်မယ်။
ခေါက်ရိုးကျိုးနေတဲ့
အတွေးအခေါ်ဟောင်းတွေနဲ့
တော်လှန်ရေးကို ဦးမဆောင်နိုင်ဘူး
တော်လှန်တဲ့ အတွေးအခေါ်စိုက်ထူကြ။
ငါ ငါ ငါ ဆိုတာ
တော်လှန်ရေးရဲ့ အကြီးဆုံးရန်သူဖြစ်သလို
သမိုင်းတရားခံလည်း ဖြစ်တယ်။
တော်လှန်ရေးမှာ
လမ်းပျောက်ရင် လူထုကို ပြန်ကြည့်
လူထုမှာ မကုန်ခန်းနိုင်တဲ့အားတွေရှိတယ်။
ညီညွတ်ရေးလို့ ပါးစပ်ကအော်ပြီး
မညီညွတ်တာတွေ လုပ်နေတာ
ခေါင်းဆောင်ဆိုသူတွေနဲ့
ခေါင်းဆောင်လုပ်ချင်သူတွေရဲ့ လုပ်ရပ်ဘဲ။
ပန်းပွင့်ကို ကြည့်ပြီး
ရေအတိမ်အနက် ဆုံးဖြတ်တာဟာ
ခါးတောင်းကျိုက် တခြား
ဖင်တခြား လုပ်ရပ်ဖြစ်လိမ့်မယ်။
ငါ ပြောသလိုလုပ်
ငါ လုပ်သလို မလုပ်နဲ့ ဆိုတာ
ဖိနပ်နဲ့ ခြေထောက် မတော်လို့
ခြေဖနောင့်ကို လှီးခိုင်းတာမျိုးပဲ။
တော်လှန်သူတိုင်းမှာ
တော်လှန်ဖို့ အကြောင်းတရားရှိတာ
အသိအမှတ်ပြုနိုင်မှ ညီညွတ်ရေးရမယ်။
တော်လှန်ရေးမှာ
ပညာတတ်ဆိုသူတွေ ဖေါက်ပြန်ရင်
တော်လှန်ရေးဟာ ကြောက်စရာကောင်းအောင်
အဖျက်အဆီးခံရလေ့ရှိတယ်။
နွေဦးတော်လှန်ရေး
ဘယ်အဆင့်ထိ ရောက်နေပြီလဲ
အမှန်အတိုင်း သဘောပေါက်ကြ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar