Breaking News

လေးစမ်းဝင်း - ဘီစကွတ်မုန့်တွေ ချာချာလည်

လေးစမ်းဝင်း - ဘီစကွတ်မုန့်တွေ ချာချာလည်

မိုးမခ ၊ ဧပြီ ၂၈ ၊ ၂၀၂၅

ကျနော်တို့ငယ်ငယ် ၁၉၇၀ ကျော်ကာလတုန်းက “သံသေတ္တာကြီးချာချာလည်”ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်တကားပြဖူးတယ်။ ဟာသကားလို့ပဲ မှတ်မိတော့တယ်၊ ဇာတ်လမ်းဇာတ်ကွက်နဲ့ ဘယ်သူတွေ သရုပ်ဆောင်ထား ဆိုတာတောင် မမှတ်မိတော့ပါဘူး။ အခုတော့ ကုလစားနပ်ရိက္ခာအဖွဲ့ကလှူတဲ့ ဘီစကွတ်မုန့်ထုပ်တွေ ဈေး ကွက်ထဲရောက်လာ ဆိုပြီး ဘီစကွတ်မုန့်ထုပ်တွေ ငလျင်ဘေးမှာ ချာချာလည်ပြန်တယ်။ ပထမဆုံး ဖေ့စ်ဘွတ်ပေါ် တက်လာတာက ငလျင်ဘေးအတွက် ကုလကလှူထားတဲ့ ဟောဒီဘီစကွတ်မုန့်ထုပ်တွေ တထုပ် ကျပ် ၅၀၀ နဲ့ဝယ်လို့ရတယ်။

ဘီစကွတ်မုန့်ထုပ် အပြာရောင်လေးနဲ့တင်ထားတာ တွေ့လိုက်ရပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို သက် ဆိုင်ရာ ကုလစားရေရိက္ခာအဖွဲ့က ငလျင်ဘေးအတွက် သူတို့လှူထားတဲ့ ဘီစကွတ်မုန့်တွေ ရောင်းလို့မရပါဘူး၊ ရောင်းတာ တွေ့ရင် အရေးယူမယ်လို့ကြေညာချက်ထုတ်လာတယ်။ ဒီကြောညာချက်အပေါ် အမှီပြုပြီး သတင်းဌာနတွေက သတင်းထပ်ဆင့်ထုတ်ပြန်လိုက်ကြတာ ဘီစကွတ်မုန့်ထုပ်တွေ ချာချာလည်ပါတော့တယ်။

UN Myanamr ရဲ့ထုတ်ပြန်ချက်တခုမှာ ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန် အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်း စားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးပါ။ ကမ္ဘာ့ စားနပ် ရိက္ခာအစီအစဉ်(WFP) ဟာ ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်းမှာ ငလျင်ဘေးသင့် ပြည်သူတွေအတွက် အာဟာရဖြည့်ဘီစကွတ်တွေ စတင်ဖြန့်ဝေခဲ့ပါတယ်။ ဒီဘီစကွတ်တွေက ရောင်းရန်မဟုတ်ပါဘူး။  အခု ပုံမှန်ထမင်းဟင်းစားသောက်နိုင်ပြီဆိုရင် ပိုလျှံနေတဲ့ဘီစကွတ်တွေကို မိမိထက် ပိုလိုအပ်နေသူတွေဆီကို မျှဝေပေးလိုက်ပါ။”လို့ ဖော်ပြတယ်။

“နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးနေကြတာ WFP က သိရှိထားပြီးဖြစ်ပါတယ်။ အဲဒီလိုရေးသားချက်တွေမှာ သက်သေအထောက်အထား တစ်စုံ တစ်ရာ မတွေ့ရပါဘူး။ နေပြည်တော်မှာ အာဟာရဖြည့်ဘီစကွတ်တွေကို ဧပြီလ ၁ ရက်နေ့က နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပါတယ်။”လို့လည်း ဆိုထားတယ်။ ဘာတွေဘယ်လိုဖြစ်ဆိုတာ တစွန်းတစ သိရမလားဆိုပြီး သတင်းဌာနတချို့က ဘီစကွတ်သတင်းတွေအောက်က ကောမန့်တွေ လိုက်ဖတ်ကြည့်တယ်။ 

စစ်ကိုင်းငလျင်ဒဏ်အကြီးအကျယ်ခံခဲ့ရတဲ့ စစ်ကိုင်း၊ မန္တလေးနဲ့နေပြည်တော်ကပြည်သူတချို့က အဲဒီဘီစ ကွတ်ဝေတာ ရလိုက်တယ်၊ စားလိုက်ရတယ်လို့ဝင်ရေးကြသလို တချို့ကတော့ အဲ့ဒီဘီစကွတ်ထုပ်ကို မြင်တောင်မမြင်ဖူးလိုက်ဘူးလို့လည်း ရေးကြတယ်။ တချို့က နေပြည်တော်မှာဝယ်လို့ရတယ်လို့ ဝင်ရေးကြသလို တချို့ကတော့ သူတို့ကိုယ်တိုင် တထုပ် ငါးရာကျပ်နဲ့ရောင်းပြီး ဟင်းစား ဝယ်ချက်စားလိုက်တယ်လို့ ရေးထားတာလည်း တွေ့ရတယ်။ ကောမန့်အများစုကတော့ နာဂစ်တုန်းကလိုပဲ ကယ်ဆယ်ရေးပစ္စည်းတွေက မြို့ နယ်ဈေးတွေဆီ ရောက်ကုန်ပြီ၊UN က စစ်တပ်ကိုသွားပေးလို့ ကယ်ဆယ်ရေးပစ္စည်းတွေ ဈေးထဲရောက်ကုန်တာလို့ ဝင်ရေးထားကြတာတွေ့ရတယ်။

စိုးရိမ်ဖို့ပဲ တတ်တဲ့ UN နဲ့ အယုံအကြည်မရှိတဲ့ စစ်တပ်ကို နှစ်ပြားမတန်အောင် ချိုးချိုးဖဲ့ဖဲ့ရေးထား ကြတဲ့ ကောမန့်တွေလည်း များတယ်။ ကျနော် စဉ်းစားကြည့်တယ်။ ဘီစကွတ်မုန့်ဆိုတာကို မြန်မာပြည်သားတွေ သိပ်ကြိုက်ကြတာ မဟုတ်ဘူး။ တထုပ် ကျပ် ငါးရာဆိုတဲ့ ဈေးကလည်း ပဲပြုတ်ငါးကျပ်သားဖိုးပဲရှိတယ်။ ဒီတော့ UN ဘီစကွတ်ထုပ်တွေ တထုပ် ကျပ်ငါးရာနဲ့ ရောင်းတယ်ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်။ဒါဖြင့် ဘာလို့ ဘီစကွတ်သတင်းက ဒီလောက် ညံနေတာလဲ…။

UN အပါအဝင် နိုင်ငံတကာက ငလျင်ဘေးအတွက်  ပေးပို့လှူဒါန်းထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ တန်ချိန်ထောင်နဲ့ချီပြီး မြန်မာပြည်ထဲရောက်နေတာကို စစ်တပ်က ရောင်းစားပစ်မှာစိုးလို့ ဘီစကွတ်မုန့် ဥပမာပြု ပြီး သတင်းလုပ်နေတာဖြစ်နိုင်ကြောင်း တွေ့လိုက်ရတယ်။ ဇ”ရှိတဲ့ စစ်တပ်မို့ UN အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ၊ နိုင်ငံတွေက ဒီလိုဒီလိုသတင်းတွေထွက်လာတာရှိတယ်နော် ဆိုပြီး စစ်တပ်ကို အယုံအကြည်မရှိကြောင်း တနည်းတလမ်းက ဖော်ထုတ်ပြသတာလည်း ဖြစ်နိုင်တယ်။ မြန်မာလူထုကတော့ UN ကိုရော စစ်တပ်ကိုပါ နဂိုကတည်း သိပ်ပြီးအားကိုးအားထားမပြုသလို အယုံအကြည်လည်း နည်းတယ်။

UN ဘက်ကတော့ WFP ရဲ့ အထောက်အပံ့တွေက အမြဲတမ်း အခမဲ့ဖြစ်ပါတယ်။ WFP ရဲ့ အထောက်အပံ့တွေနဲ့ပတ်သတ်ပြီး မေးမြန်းချင်တာ၊ သတင်းပို့ချင်တာတွေရှိခဲ့ရင်myanmar.cem@wfp.org ကို အီးမေးလ် ပေးပို့နိုင်သလို ၊WFP ရဲ့ အကူအညီပေးရေးဖုန်းတွေဖြစ်တဲ့ ၀၉ ၈၈၃ ၀၀၅၆၆၇၊ ၀၉ ၂၆၄ ၈၁၉ ၁၉၇ နဲ့ ၀၉ ၂၆၄ ၈၁၉ ၀၉၄ တို့ကိုလည်း တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

အများပြည်သူက ပေးပို့လာတဲ့ အကြံပြုချက်တွေနဲ့ စိုးရိမ်စကားတွေကို တန်ဖိုးထားပြီး ကျေးဇူးလည်း တင်ရှိပါတယ်။”လို့ သတင်းစကားပါးထားပါတယ်။ ဒီတခါ စိုးရိမ်တာတော့ UN ရော အများပြည်သူရောပဲ။

UN ရဲ့ စစ်ကိုင်းငလျင် လေးပတ်ပြည့်ထုတ်ပြန်ချက်အရ ငလျင်ဘေးသင့်ပြည်သူတွေဟာ ဘေးကင်းသော အမိုးအကာ၊ ရေသန့်နဲ့ သန့်ရှင်းရေး၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှု၊ ပြည့်စုံသော အကာအကွယ်ပေးရေး ဝန်ဆောင်မှုများနဲ့ ငွေသားအကူအညီများ အရေးတကြီး လိုနေတုန်းပါ။ စစ်တပ်ကတော့ ငလျင်ကယ်ဆယ်ရေးပစ္စည်းတွေကို နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည် နယ်တွေဆီ ဖြန့်ဝေပေးထားပြီလို့ ဧပြီ ၂၃ ရက်မှာ သတင်းထုတ်တယ်။ အောက်ခြေပြည်သူတွေက သူတို့ဆီမရောက်သေးဘူးလို့ ပြောတယ်။ 

စစ်ကိုင်းငလျင်မှာ ပျောက်ချက်သားကောင်းနေတဲ့လူကယ်ပြန်ဌာနက “ဘယ်သူက ဘယ်လောက်ပျက်စီးတယ်၊ ပျက်စီးမှုပမာဏကို အချိုးချပြီးတော့မှ အစိုးရအဖွဲ့ဆီ တင်ပေးရပါတယ်။ အစိုးရအဖွဲ့က နေပြီးတော့ အဲဒါကို သူ့ဟာသူ ဖြန့်ခွဲတာပါ။ အကူအညီတွေ မရကြသေးဘူးဆိုတာက သူတို့တွေက သက်ဆိုင်ရာ ထွေအုပ်တွေနဲ့ ချိတ်ဆက်ရပါမယ်။ သက်ဆိုင်ရာ ထွေအုပ်တွေနဲ့ ချိတ်ဆက်ပြီးတော့မှ ညှိနှိုင်းပါမယ်။ မဟုတ်ဘူးဆိုလို့ရှိရင်တော့ အလှမ်းဝေးနေမှာ။ တစ်ချို့အချက်အလက်တွေမရတာက အဲဒါတွေပေါ့နော်။ သူတို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် နေနေကြတာတွေရှိတယ်လေ။ အထောက်အပံ့မရတဲ့ သူတွေက သက်ဆိုင်ရာထွေအုပ်တွေနဲ့ ချိတ်ဆက်ရပါမယ်”လို့ အာအက်ဖ်အေမြန်မာပိုင်းကို ပြောတာ တွေ့ရတယ်။

ထွေအုပ်နဲ့ချိတ်ဆက်မှဆိုကတည်း UN ဘီစကွတ်ထုပ်ချာချာလည်တာထက်ဆိုးတော့မှာ ပါ။အဆင့်ဆင့်သော Non ဝန်ထမ်းတွေ ငလျင်ကယ်ဆယ်ရေးပစ္စည်းတွေကို  ခွဲဝေစားကြပေတော့လို့ ပါမစ်ပေးလိုက်သလို ဖြစ်တော့မှာပါ။ လူကယ်ပြန်ပြောတဲ့ အစိုးရအဖွဲ့ ဆိုတာကိုက အခုအခါ သူခိုးဓားပြအဖွဲ့ဖြစ်နေတာပါ။ ပြောစရာစကားတောင် မရှိတော့ပါဘူး။ တကယ်တော့ ဘီစကွတ်မုန့်ထုပ်တွေရော၊ ငလျင်ဘေးသင့်ပြည်သူတွေရော၊ စစ်ဘေးသင့်ပြည်သူတွေအားလုံးဟာ စစ်တပ်ကပေးတဲ့ ဒုက္ခပေါင်းစုံတောထဲမှာ ချာချာလည်နေကြတာပါပဲ။

-

t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar