Breaking News

နယ်မြေ အများအပြား လက်လွှတ်ဆုံးရှုံးရာကနေ စစ်ရေးအရ ထိုးစစ်ပြန်ဆင်လာနိုင်တဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းနိုင်မယ့် အလားအလာ

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၇ မြင်ကွင်း

မိုးမခ၊ ဧပြီ ၂၈၊ ၂၀၂၅

နယ်မြေ အများအပြား လက်လွှတ်ဆုံးရှုံးရာကနေ စစ်ရေးအရ ထိုးစစ်ပြန်ဆင်လာနိုင်တဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းနိုင်မယ့် အလားအလာ

၂၀၂၁ ခုနှစ်ဧပြီလမှာ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခဲ့ပြီးနောက် တစ်လဝန်းကျင်အကြာ ပြည်သူ့ကာ ကွယ်ရေးတပ် PDF ကိုဖွဲ့စည်းခဲ့ပါတယ်။ ဒါက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ အစိုးရဖွဲ့ဖို့ ရက်ပိုင်းအလိုမှာ စစ်တပ်ရဲ့အာဏာသိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားပြုကော်မတီအပေါ်အခြေ ခံပြီး အခြားသောတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားပြုသူတွေ၊ သပိတ်ကော် မတီတွေနဲ့ဖွဲ့စည်းထားတဲ့ NUCC အပေါ် အခြေပြုပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ကို ဖွဲ့စည်းထွက်ပေါ် ခဲ့တာဖြစ်ပါတယ်။

အဲဒီကာလက စရေတွက်ရင် ၄ နှစ်ပြည့်ခါနီးအချိန်မှာ မြန်မာနိုင်ငံရဲ့နယ်မြေအများအပြားနဲ့ မြို့ ၉၀ ဝန်း ကျင်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG လက်အောက်က PDF တပ်တွေက သိမ်းယူထားတာ တွေ့ရပါတယ်။ တော်လှန်ရေးအင်အားစုတွေ သိမ်းယူထိန်းချုပ်ထားတဲ့နယ်မြေအကျယ်အဝန်းက ပိုမိုများပြားတယ်ဆိုပေမယ့် မြို့အရေအတွက်အရတော့ စစ်ကောင်စီလက်ထဲမှာ ၂၀၀ ကျော်ကျန်နေသေးတဲ့သဘောလည်း ဖြစ်ပါတယ်။ မြို့နယ် ၃၃၀ မှာ တော်လှန်ရေးလက်နက်ကိုင်တွေထိန်းချုပ်ထားနိုင်တာ ၉၀ ဝန်းကျင်ဖြစ်လို့ စစ်ကောင်စီဘက်က ၂၀၀ ကျော်ကျန်ရှိနေသေးတဲ့သဘောဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး လအနည်းငယ်အတွင်း မြို့တွေ အများအပြားနဲ့ စစ်ကောင်စီတပ်ရင်းစခန်းတွေ နယ်စပ်ကုန်သွယ်ရေးလမ်းမတွေကို တော်လှန်ရေး လက်နက် ကိုင်အဖွဲ့တွေကထိန်းချုပ်ထားနိုင်ခဲ့ပြီး ရှမ်းမြောက်တခွင် စစ်တပ်ရဲ့လှုပ်ရှားမှုမလုပ်နိုင်အောင် ထိန်းထားနိုင်ခဲ့တာတွေ့ရပါတယ်။

ယမန်နှစ် နှစ်လယ် ဒုတိယအသုတ် ၁၀၂၇ စစ်ဆင်ရေးထိုးစစ်တွေနဲ့အတူ တပ်ရင်းစခန်း၊ တိုင်းစစ်ဌာနချုပ်နဲ့ မြို့တွေအများအပြားထပ်မံသိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီအဖို့ အရှေ့မြောက်စစ်မျက်နှာ အနောက်ဘက်စစ်မျက် နှာနဲ့ မြောက်ဘက်စစ်မျက်နှာတွေမှာ အရှုံးတွေနဲ့ဆက်တိုက်ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

သို့ပေမဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ရလဒ်တွေကြောင့် တရုတ်နိုင်ငံအနေနဲ့ ၄င်းရဲ့အကျိုးစီးပွားတွေ ထိခိုက်နိုင်ခြေနဲ့ အိမ်နီးချင်းနိုင်ငံမှာ အာဏာဗဟိုပြုမှု ပြောင်းပြန်ဖြစ်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေက မြန်မာ့လက်နက်ကိုင်ချိန်ခွင်လျှာကို ပြင်ဆင်ချိန်ညှိဖို့နဲ့ အပစ်ရပ်ရေးဖိအားပေးဖို့ မူဝါဒချမှတ်ကာ စတင်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

နယ်မြေတွေ တခုပြီးတခုသိမ်းယူနိုင်ခဲ့ကြတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့မူဝါဒအပြောင်းအလဲရှိနိုင်ခြေကိုကြိုတင်မှန်းဆနိုင်ခဲ့သလားဆိုတဲ့အချက်ကတော့ ရှင်းရှင်းလင်းလင်းမသိနိုင်ပါဘူး။ အချို့သော လေ့လာစောင့်ကြည့်သူတွေက ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကို တရုတ်နိုင်ငံရဲ့ အားပေးကူညီမှုတွေရှိခဲ့နိုင်တယ်ဆိုတဲ့အယူအဆတွေ ရှိခဲ့ကြတာတွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့အချိန် မြောက်ပိုင်းညီနောင် မဟာမိတ်တွေထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲ စစ်ဆင်ရေးရဲ့အဓိကရည်ရွယ်ချက်မှာ ကျားဖြန့်နှိမ်နှင်းရေးကိုထည့်သွင်းထားခြင်းက တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကိုရရှိထားတာကြောင့် သို့မဟုတ် ရယူလိုတာကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ဆင်ရေးပထမပိုင်းမှာ ကျားဖြန့်နှိမ်နှင်းရေးက စစ်ဆင်ရေးရဲ့အစိတ်အပိုင်းတခုအဖြစ် ပါဝင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကျားဖြန့်နှိမ်နှင်းရေးနဲ့သက်ဆိုင်ခြင်းမရှိတော့ဘဲ နယ်မြေသိမ်းယူဖို့ရည်မှန်းပြီး တိုက် ခိုက်တဲ့စစ်ဆင်ရေးသာ ဖြစ်ခဲ့ပါတယ်။

စစ်ဆင်ရေးဒုတိယပိုင်း လားရှိုးကိုသိမ်းယူလိုက်နိုင်တဲ့အချိန်မှာ တရုတ်နိုင်ငံရဲ့သတိပေးခေါင်းလောင်း မြည်ခဲ့ပုံရပြီး မြန်မာနိုင်ငံထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ကြီးမားတဲ့နယ်မြေစိုးမိုးနိုင်စွမ်းနဲ့ ပြောင်းလဲသွားမယ့်အခင်းအကျင်းကို လက်ခံလိုခြင်းမရှိတာ ထင်ရှားစွာပေါ်ထွက်လာခဲ့ပါတယ်။

သြဂုတ်လ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့နေပြည်တော် ခရီးစဥ်ဟာ ဒီအချက်ကိုသက်သေထူခဲ့ပြီး ၁၀၂၇ စစ် ဆင်ရေးဒုတိယပိုင်းရဲ့ရလဒ်တွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံကဖြစ်စေလိုတဲ့လမ်းကြောင်းကို ပုံသွင်းဖို့ စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အဆိုပါအလှည့်အပြောင်းကစလို့ စစ်ကောင်စီအဖို့ စစ်ရေးအရပြန်လည်အင်အားစုဖို့ အခွင့်အရေးရခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးမှာဦးဆောင်နေတဲ့လက်နက်ကိုင်အဖွဲ့တွေထဲက ကိုးကန့်အဖွဲ့ကို အပစ်ရပ်ဖို့ ဖိအားပေးလာခဲ့ရာက ယခုနှစ်ဇန်နဝါရီလမှာတော့ အပစ်ရပ်သဘောတူညီချက်ရခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်စစ်မျက်နှာမှာဆက်တိုက်ရှုံးနေသလို ကချင်ပြည်နယ်စစ်မျက်နှာမှာလည်း ကေအိုင်အေကို အရှုံးနဲ့ဆက်တိုက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သို့ပေမယ့် ရှမ်းမြောက်မှာ နောက်ထပ်လက်လွှတ်ဆုံးရှုံးရမယ့်အနေအထားကိုရှောင်လွှဲနိုင်ဖို့နဲ့ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ကိုးကန့် နဲ့ တအာင်းပလောင် အဖွဲ့တွေကို ထိုးစစ်ဆင်ရတာရပ်ဖို့ကြိုးစားခဲ့ပြီး ဧပြီလ သင်္ကြန်အပြီး လားရှိုးမြို့ ပြန်လည်လွှဲပြောင်းပေးရတဲ့ အထိ ၁၀၂၇ စစ်ဆင်ရေးအရှိန်ကို တားဆီးနိုင်ခဲ့တာတွေ့ရမှာပါ။

လားရှိုးမြို့ ပြန်လည်လွှဲပေးရတဲ့အဖြစ်က စစ်ကောင်စီအဖို့ စစ်ရေးချိန်ခွင်လျှာ အလှည့်အပြောင်း ပွိုင့်တခုအဖြစ်မှတ်ယူကောင်းမှတ်ယူပြီး အခုလက်ရှိမှာ နောင်ချိုမြို့ပြန်သိမ်းယူဖို့ရည်ရွယ်ပြီး ထိုးစစ်ဆင်နေသလို ကချင်ပြည်နယ်မှာလည်း ဖားကန့်ကို ထိုးစစ်ဆင်တာတွေအထိ လုပ်ဆောင်လာနေတာ တွေ့ရပါတယ်။

ဒီအနေအထားတွေကိုအကဲဖြတ်သုံးသပ်ကြည့်ရင် စစ်ကောင်စီအနေနဲ့ ယမန်နှစ်နှစ်လည်ပိုင်းနဲ့ နှောင်းပိုင်း စစ်ရေးအခြေအနေတွေလိုမျိုး အသက်ရှူရခက်ခဲနေတဲ့အကျပ်အတည်းက ကျော်ဖြတ်ခဲ့ပြီလို့ယူဆနိုင်တဲ့အနေ အထားဖြစ်ပါတယ်။ ယမန်နှစ်နှစ်လယ်နဲ့ နှောင်းပိုင်းမှာ ပြင်ဦးလွင်၊ မန္တလေးတို့ကို ခြိမ်းခြောက်လုနီးနီး အခြေ အနေက အခုအခါကျော်လွန်ခဲ့ပြီးလို့ ယူဆကောင်း ယူဆထားလိမ့်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မဟာမိတ်စုဖွဲ့မှုတွေ အခုထက်ပိုအားကောင်းအောင်လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်လာမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်က မဟာ မိတ် ၃ ဖွဲ့ အနေနဲ့လည်း ၄င်းတို့အနေအထားကို ၄င်းတို့ပြန်လည်သုံးသပ်ဖို့ လိုအပ်သလို NUG နဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေ၊ အညာဒေသနဲ့ အခြားသောဒေသတွေမှာ သီးခြားစီရပ်တည်တိုက်ခိုက်နေကြတဲ့ PDF လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံရေး စစ်ရေးစုစည်းမှုတခုကိုပုံဖော်ကြဖို့ လိုအပ်နေတဲ့အနေအထားလို့ ဆိုချင်ပါတယ်။

အဲဒီလိုမလုပ်ဆောင် နိုင်ခဲ့ရင် အာဏာသိမ်းစစ်တပ်အနေနဲ့ အသက်ရှူခွင့်ရရာကနေ ပြန်လည်အင်အားစုဆောင်းပြီး ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးစားလာမယ့်အနေအထားလည်း ရှိနေတာဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar