ငလျင်နဲ့ ကယ်ဆယ်ကူညီရေး
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၇ မြင်ကွင်း
မိုးမခ၊ ဧပြီ ၈၊ ၂၀၂၅
ငလျင်နဲ့ ကယ်ဆယ်ကူညီရေး
မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းဒေသကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျင်ကြီးကြောင့် အပျက်အစီး သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်တွေ ရက်ကြာလာသည်နဲ့အမျှ တရိပ်ရိပ် မြင့်တက်လာနေတာ ခုဆို သေဆုံးသူ ၃၆၀၀ ရှိလာပြီဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၅၀၀၀ ကျော်ရှိပြီး ပျောက်ဆုံးသူ ၁၆၀ ရှိနေဆဲ ဖြစ်ပြီး တကယ့်အဖြစ်မှာ ဒီထက်ပိုနိုင်တယ်လို့လည်း ယူဆကြပါတယ်။
ငလျင်လှုပ်ပြီးနောက် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် နိုင်ငံတွေက ကျွမ်းကျင်တဲ့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ၊ ကယ်ဆယ်ရေးကိရိယာ၊ အနံ့ခံခွေးတွေနဲ့ လာရောက် ကယ်ဆယ်ကြတာကြောင့်လည်း ပစ္စည်း၊ နည်းပညာနဲ့ အတွေ့အကြုံအားနည်းတဲ့ မြန်မာနိုင်ငံက အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ မစွမ်းသာတဲ့ ကူညီမှု အများအပြားလုပ်ဆောင်နိုင်ခဲ့ပါတယ်။
အခုအချိန်မှာ ငလျင်အပျက်အစီးတွေကြားထဲ ပိတ်မိနေတဲ့ အရေးပေါ် ကယ်ဆယ်ရေး ကာလ ကုန်လွန်ခဲ့ပြီး ဖြစ်ပါတယ်။ အချို့သော နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာကြတာလည်း တွေ့ရပါတယ်။ အဆောက်အအုံတွေထဲမှာ ပိမိပြီး သေဆုံးရသူတွေရဲ့ ရုပ်အလောင်းတွေတော့ ကျန်ရှိနေဆဲဖြစ်ပြီး အချို့နေရာမှာ ကယ်ဆယ်ရေး အဖွဲ့တွေက ဆက်လက် ထုတ်ယူပေးနေဆဲ ဖြစ်သလို အချို့နေရာတွေမှာ အပျက်အစီး ရှင်းလင်းရင်း ထုတ်ယူတာတွေလည်း ရှိနေပါသေးတယ်။
ထိခိုက်မှုအကြီးမားဆုံးဖြစ်တဲ့ လူ့အသက်ဆုံးရှုံးမှုတွေပြီးနောက်မှာ ကျန်ရစ်တဲ့ ငလျင်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာ၊ အမိုးအကာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ အဆင့်ကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
ငလျင်ရဲ့ အကျိုး သက်ရောက်မှုဟာ မြို့ပြအဆောက်အဦတွေနဲ့ သက်တမ်းကြာပြီဖြစ်တဲ့ ရှေးဟောင်း အဆောက်အဦတွေ၊ ယဥ်ကျေးမှုဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ အဆောက်အအုံတွေကို ပျက်စီးစေပြီး ယခု စစ်ကိုင်းဒေသကို ဗဟိုပြုပြီးလှုပ်ခတ်တဲ့ ငလျင်မှာ ထိခိုက်မှု အများဆုံးက အထပ်မြင့်အိမ်ရာတွေ၊ ကွန်ဒိုမီနီယံတွေ၊ လုံးချင်းတိုက်မြင့်တွေ၊ ဟိုတယ်တွေရှိတဲ့ မန္တလေးမြို့က ထိခိုက်မှု အများခံရတာ တွေ့ရပါတယ်။ ဒုတိယ ထိခိုက်မှုအများဆုံးကတော့ မန္တလေးမြို့နဲ့ မြစ်ဟိုဘက်ကမ်းမှာ ရှိတဲ့ စစ်ကိုင်းမြို့ ၊ အုပ်ချုပ်ရေးမြို့တော် အဖြစ် ၂၀၀၆ ဝန်းကျင်က တည်ဆောက်ထားတဲ့ နေပြည်တော်နဲ့ နဂိုရှိနှင့်ပြီး ပျဥ်းမနားမြို့ဖြစ်ပါတယ်။
ကယ်ဆယ်ရေး အပိုင်းမှာတော့ အိမ်နီးချင်းနဲ့ နိုင်ငံတကာ အစိုးရအချို့တို့က ငလျင်ဒဏ်ခံရတဲ့ မြန်မာ့လူထုရဲ့ မျက်နှာကို ကြည့်ပြီး လျင်မြန်စွာ အကူအညီတွေ ပေးခဲ့ကြတာ တွေ့ရပါတယ်။ မြန်မာစစ်ကောင်စီကို အစဥ် ဝေဖန်ထောက်ပြလေ့ရှိတဲ့ မလေးရှား၊ စင်္ကာပူတို့လို နိုင်ငံတွေက စစ်အစိုးရကို ဝေဖန်ထောက်ပြ ပြောဆိုနေသည့်တိုင် အခုဖြစ်ရပ်မှာ ထိခိုက်ခံစားကြရသူ မြန်မာလူထုရဲ့ မျက်နှာကို ထောက်ထားပြီး တတ်နိုင်သရွေ့ အကူအညီပေးခဲ့တာ တွေ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို အစဥ်တစိုက် ဝေဖန် ဖိအားပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ကတော့ နိုင်ငံတကာ အကူအညီတွေ သဲသဲမဲမဲ ဖြတ်တောက်ချိန်၊ ကမ္ဘာ့အရေးထက် သူ့နိုင်ငံအရေးသာ ဂရုစိုက်မယ်လို့ ကြေညာထားတဲ့ မူဝါဒနဲ့အညီ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေလည်း စေလွှတ်ခြင်း မပြုသလို ဖြစ်ဖြစ်ချင်း ကန်ဒေါ်လာ ၂ သန်းသာ ကူညီမယ်လို့ ကတိပေးခဲ့တာ တွေ့ရပါတယ်။
ဒီကယ်ဆယ်ရေး ကာလမှာ စစ်ကောင်စီ အစိုးရအနေနဲ့ ၄င်းရဲ့ လက်နက်ကိုင် တပ်တွေကို အရပ်သား ကယ်ဆယ်ရေးတွေမှာ သိသိသာသာ အသုံးချခြင်း မပြုခဲ့ပါဘူး။ တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေးနန်းတွင်း မြို့ရိုးပြိုကျတာကို အရေးတကြီးကိစ္စအဖြစ် လျင်မြန်စွာ ရှင်းလင်းတာ အချို့နေရာမှာ အုတ်တံတိုင်း အသစ်ပြန်စီနေခဲ့ပြီး နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှန်ကျန်နိုင်သေးတဲ့ ပိမိ ပိတ်မိနေသူတွေကို ကူတဲ့ အဲဒီရက်ပိုင်းမှာ စစ်ကောင်စီ တပ်နဲ့ ရဲတွေက မြို့ရိုး ကိစ္စကို အရေးတကြီး လုပ်ဆောင်နေတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ စစ်တပ် တိုင်းစစ်ဌာနချုပ်ရဲ့ တံတိုင်းကိစ္စက ပြည်သူလူထုရဲ့ အသက်တွေ ကယ်ဆယ်ဖို့ထက် အရေးကြီးတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ အရေးပေါ် ကယ်ဆယ်ရေးကာလမှာ နိုင်ငံတကာ အကူအညီကို တောင်းခံတဲ့ အချက်တခုကလွဲလို့ ကျန်တဲ့ လုပ်ဆောင်ချက်တွေက လုံလောက်တဲ့ အားထုတ်မှုနဲ့ စီမံခန့်ခွဲမှုတွေ မရှိဘူးလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ နေပြည်တော်လိုနေရာမှာတောင် ငလျင်ဒဏ်ကြောင့် လမ်းဘေးမှာ ဖြစ်သလိုနေထိုင်နေကြရတဲ့ စစ်ကောင်စီ အစိုးရဌာနက ဝန်ထမ်းမိသားစုတွေကို လုံလောက်တဲ့ အကူအညီ စီမံခန့်ခွဲမှုတွေ မလုပ်ပေးတာတွေ့ကြရမှာ ဖြစ်ပါတယ်။
ငလျင် လှုပ်ပြီး ၁၀ ရက်ကျော် အကြာ အခုလိုကာလမှာ အရေးပေါ်ကယ်ဆယ်ရေးအဆင့် ကုန်လွန်ခဲ့ပြီး အပျက်အစီးတွေ ဖယ်ရှားရှင်းလင်းပြီး ပြန်လည်ထူထောင်ရေးထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းတွေက ကူညီတဲ့ အကူအညီကို ဘယ်လို စီမံခန့်ခွဲမလဲ။ ငလျင်ဒဏ်ခံရတဲ့ ဒေသက လူထုတွေ အနေနဲ့ ဒီလို အခြေအနေကနေ ပြန်လည် ရုန်းထကြဖို့ စစ်ကောင်စီ အစိုးရ၊ နိုင်ငံတကာ အကူအညီတွေကို ဘယ်လောက်မျှော်လင့် နိုင်မလဲ စတာတွေက အဓိကကျတဲ့ အကြောင်းအရာ ခေါင်းစဥ်နဲ့ မေးခွန်းတွေ ဖြစ်လာပါတယ်။ ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရ တချို့ရဲ့ အကူအညီငွေတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ နိုင်ငံတကာ အစိုးရ အများစုကတော့ အကူအညီငွေကို စစ်ကောင်စီထံ ပေးအပ်တာထက် လူသားချင်းစာနာမှု အကူအညီလုပ်ဆောင်နေတဲ့ နိုင်ငံတကာ NGO လို၊ ကုလသမဂ္ဂတို့လို အဖွဲ့အစည်းတွေကတဆင့်၊ အချို့သော ပမာဏကို MRCS လို အစိုးရတပိုင်း အဖွဲ့အစည်းတွေက တဆင့် ပေးအပ်မယ့် သဘောလည်း ဖြစ်ပါတယ်။
လတ်တလော သတင်းမီဒီယာတွေနဲ စောင့်ကြည့်ဝေဖန်သူ အချို့က နိုင်ငံတကာ အကူအညီငွေတွေ စစ်ကောင်စီရဲ့ အိတ်ထဲရောက်သွားမလား၊ သို့မဟုတ် စစ်တပ်ရဲ့ လက်နက်ကိုင်စစ်ဆင်ရေးတွေမှာ တစိတ်တပိုင်း အသုံးချမလား၊ ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတချို့ရဲ့ မဲဆွယ်မှုနဲ့ ငလျင်ဘေး အကူအညီတွေ အလွဲသုံးချခံရမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတာ ကြားသိနေကြရပါတယ်။
ဒီလို စိုးရိမ်မှုတွေက အခြေအမြစ်မရှိဘူးလို့တော့ လုံးလုံးလျားလျား ပယ်ချလို့လည်း မရသလို ဖြစ်နေပြီလို့လည်း အထောက်အထား မရှိဘဲ တထစ်ချ စွပ်စွဲလို့မရပါဘူး။ ဒီလို စောင့်ကြည့် ပြောဆိုရမယ့် တာဝန်က အရပ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေအပေါ် ကျရောက်လာတာလည်း ဖြစ်ပါတယ်။
ပြန်လည် ထူထောင်ရေးလို့ဆိုရင် ငလျင်ဒဏ် အဆိုးဆုံး ခံစားရတဲ့ မန္တလေးလိုမြို့ အနေနဲ့ ပြန်လည်ထူထောင်ရေးမှာ လူတန်းစား အလွှာတခုနဲ့ တခု မတူညီနိုင်ကြတာလည်း တွေ့ရမှာဖြစ်ပါတယ်။
အထက်မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှု ဗဟိုချက်မြို့ဖြစ်တဲ့ နေရာ၊ အထက်မြန်မာနိုင်ငံ တခုလုံးက သဘာဝသယံဇာတွေ ဖြစ်တဲ့ ရွှေ၊ ကျောက်မျက်ရတနာလို ထွက်ကုန်တွေ ဖလှယ်ကြရာနေရာ၊ တရားမဝင် လုပ်ငန်းတွေဖြစ်တဲ့ မူးယစ်ဆေးဝါးလို စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်သူတွေ အခြေစိုက်ကြတဲ့ မြို့နေရာက မန္တလေး ဖြစ်ပါတယ်။ အားလုံးက မန္တလေးမြို့မှာ အခြေစိုက်ကြတာ ဖြစ်ပါတယ်။ နှစ်နဲ့ချီ ရပ်ဆိုင်းနေတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ ဗဟိုချက်ကလည်း မန္တလေးမြို့ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက စိုက်ပျိုးရေးထွက်ကုန် လက်ဖက်၊ လက်ဖက်ခြောက် စတာတွေကလည်း မန္တလေးကို ဗဟိုပြုပြီး ကုန်စည်ရောင်းဝယ် တင်ပို့ကြတာဖြစ်ပါတယ်။
မန္တလေး အနေနဲ့ ဆုံးရှုံးမှု ပမာဏလည်း ကြီးမားသလို အချို့သော စီးပွားရေးလုပ်ငန်းရှင်တွေ အဖို့ ပြန်လည်ရုန်းထဖို့ စုဆောင်းထားတဲ့ အရင်းအနှီး ကြွယ်ဝမှု ရှိပေမယ့် သာမန်အလယ်အလတ်တန်းလွှာနဲ့ အောက်ခြေအလွှာအဖို့ ပြန်လည် ထူထောင်ဖို့ အခက်အခဲတွေ ရှိပါလိမ့်မယ်။
မန္တလေးမြို့မှာ တောက်လျှောက်နေထိုင်လာကြသူတွေ ရှိသလို ပြည်တွင်းစစ်ကြောင့် ကချင်၊ ချင်း၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းတို့လို ဒေသတွေက ယာယီအားဖြင့် ခိုလှုံနေထိုင်ကြတဲ့ သူတွေလည်း အများအပြားရှိနေတာ တွေ့ရမှာပါ။
မန္တလေးမြို့ရဲ့ ပြန်လည် ရုန်းထနိုင်စွမ်းက ငလျင်ဒဏ်ဆိုးရွားစွာခံရတဲ့ စစ်ကိုင်း၊ ပျဥ်းမနား၊ ကျောက်ဆည်၊ တံတားဦး၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မြစ်သားတို့ထက် ပိုမိုအားကောင်းမှာ ဖြစ်ပါတယ်။ ကျန် ထိခိုက်ပျက်စီးမှု ခံရတဲ့ မြို့တွေအနေနဲ့ ပြည်တွင်းစစ်ကာလ ပြန်လည်ထူထောင်ရေး ဖြစ်တာကြောင့် စိန်ခေါ်မှုများစွာ အခက်အခဲပေါင်းများစွာနဲ့ လျှောက်လှမ်းကြရမယ့် အနေအထားလို့ ဆိုရမှာ ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar