နိုင်မွန်အောင်သွင် - '' မိုးရေ ''
'' မိုးရေ ''
နိုင်မွန်အောင်သွင်
(မိုးမခ) ဧပြီ ၈၊ ၂၀၂၅
မိုးရေ
ဂါဇာမှာ
ဗုံးမိုးတွေကြား
မြောက်တက်သွားပြီးမှ
ပြန်ကျလာရတဲ့ကလေးများပမာ
သင်က
အချိန်အခါမဲ့
အမြင့်က ကျလာရတဲ့ဒုက္ခ။
ငါတို့က
အမိုးမရ
အကာမရ
မြေကိုထွန်ယက်စားသုံးပြီး
မြေမှာပဲ ကပ်တွယ်နေရတဲ့ဒုက္ခ။
မိုးရေ
လာလမ်းသာလို့
သွားလမ်းဖြောင့်ပါစေ။
ပင်လယ်မှာ
ငါတို့ဝဋ်ကြွေးတွေအဆုံးသတ်
သံသရာမှာ
ရန်ငါစည်းပြတ်နိုင်ပါစေ။
နွေဦးတစ်ခုလို
ငါတို့ရွှင်လန်းစွာ
ချစ်သောမိုးကို
ချစ်သောမိုးလိုပဲ ကြိုပါရစေ မိုးရေ။
၆.၄.၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar