Breaking News

မောင်တူး - စုရှစ်ဆယ်နှင့် ငလျင်သဘာဝဘေး

မောင်တူး - စုရှစ်ဆယ်နှင့် ငလျင်သဘာဝဘေး
မိုးမခ ၊ ဧပြီ ၁၆ ၊ ၂၀၂၅

ငလျင်စစ်ကိုင်း၊ ပြင်းထန်ရိုင်းလို့

အိမ်တိုင်းပြိုသော်၊ နေပြည်တော်နေ

တို့အမေသည်၊ အခြေဘယ်သို့ရှိသနည်း။ ။

အမေစုသာအုပ်ချုပ်စီမံခွင့်ရပါက အခုငလျင်ဘေးကို ကောင်းကောင်းကယ်တင်သွားနိုင်လိမ့်မယ်လို့ပြော ဆိုသံတွေ ကြားလာနေရပါတယ်။ အမေစုကလည်း ချီးမွမ်းရလောက်အောင်ပင် ကိုဗစ်-၁၉ ကပ်ရောဂါကြီး ကူးစက် ဖြစ်ပွားချိန်က အစိုးရခေါင်းဆောင်အနေနဲ့ လုပ်ပြခဲ့တာ မြန်မာပြည်သူ ပြည်သားတွေ သတိရနေကြဦးမှာပါ။ ကိုဗစ်ရောဂါသတင်းတွေကို NLD အစိုးရက မှန်မှန်မြန်မြန်ထုတ်ပြန်ခဲ့တယ်။ အကူအညီတွေကို အစွမ်း ကုန်ပေးခဲ့တယ်။ ဒါက အားလုံးသိပြီးသား။

အခု အာဏာသိမ်းစစ်ကောင်စီ မအလနဲ့ အမေစုကပြောင်းပြန်။ အမေစုက သဘာဝဘေးကယ်ဖို့ ရဟတ်ယာဉ် ဝယ်ခဲ့တယ်။ ပြည်သူကို ကူဖို့ပါ။ မအလကတော့ ရဟတ်ယာဉ် ဝယ်ခဲ့စဉ်က လာဘ်စားတယ် ဆိုပြီး အမေစုကို ထောင်နှစ်ရှည် ချတယ်။ အခုသဘာဝဘေးလည်း ဖြစ်ရော ငလျင်ဒုက္ခသည်တွေကို အဲဒီရဟတ်ယာဉ်နဲ့ မကယ်ဘူး။ ဒါပေမဲ့ အဲဒီရဟတ်ယာဉ်ကို သုံးပြီးတော့ ပြည်သူကိုတော့ လိုက်လံပစ်ခတ် သတ်ဖြတ်နေတယ်။ ပြောင်းပြန်။

တကယ်ဆိုရင် ကပ်ရောဂါဘေး ကာလတွေမှာ နိုင်ငံ အုပ်ချုပ်သူတွေဟာ သတင်းမှန်တွေကို နောက်မကျစေဘဲ ထုတ်ပြန်ပေးရမယ်။ NLD အမေစု လက်ထက်မှာဆို ပုံမှန်သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ထုတ်ပြန်ပေးတယ်။ ပြောခွင့်ရသူတွေကလည်း ဖုန်းဆက် မေးတိုင်း ဖြေတယ်။ အမေစု ကိုယ်တိုင်လည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖွင့်ပြီး ပုံမှန် ရေးသားတယ်။ ပြောတယ်။ ပြန်ဖြေတယ်။ ဒီတော့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိကြရတယ်။ ပွင့်လင်းမှုကြီးစွ။ ဒီတော့ သဘာဝဘေး လိုအပ်ချက်တွေကို မီဒီယာကတဆင့်သိပြီး နိုင်ငံတကာက လာလှူကြပြီပေါ့။ ဒီတော့ အမေစု လက်ထက် ကိုဗစ်-၁၉ ကပ်ဘေးကြီးမှာ အသေအပျောက် နည်းခဲ့တယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ သတင်းစာရှင်းလင်းပွဲမလုပ်တာ ဘယ်လောက်ကြာပြီလဲတောင် မမှတ်မိတော့ပါဘူး။ ပြောခွင့်ရသူတွေဖုန်းဆက်မေးတိုင်းလည်း ဖုန်းမကိုင်ပါ။ ဖုန်းကိုင်ရင်လည်း မသိဘူး၊ မဆိုင်ဘူး၊ အစည်းအဝေးထဲရောက်နေလို့ဆိုပြီး မဖြေပါဘူး။ သတင်းထောက်တွေကိုလည်း ဖမ်းထားတယ်။ သတင်းထောက်တွေကိုလည်း ခြိမ်းခြောက်နေတယ်။ စောင့်ကြည့်နေတယ်။ နိုင်ငံတကာသတင်းထောက်တွေဆို အဝင်တောင်မခံဘူး။ လွတ်လပ်တဲ့သတင်းမီဒီယာမရှိ။ သတင်းမှန်တွေမရတော့ ကူမယ့်သူတွေကလည်း ဘာမှမသိရတော့ဘူးပေါ့။ မသေသင့်ဘဲ သေကြရတာတွေ ငလျင်ကပ်ဘေးမှာ ဖြစ်နေရပြီပေါ့။ ငလျင်သင့်ပြီး ရှင်ကျန်သူတွေမှာလည်း အကူအညီတွေ မရကြတော့ဘူးပေါ့။

အမေစုသာ အုပ်ချုပ်စီမံခွင့်ရပါက အခုငလျင်ဘေးကို ကောင်းကောင်းကယ်တင်သွားနိုင်လိမ့်မယ်လို့ ပြောဆိုသံတွေ ကြားလာနေရပါတယ်။ အမေစုက ငလျင်ကယ်တင်ရေးကို လုပ်ခွင့်ရဖို့ နေနေသာသာ အမေစုတောင် ဘယ်နားထားမှန်းက မသိ။ လက်ကျိုးတယ်တဲ့။ မဟုတ်ပြန်ဘူးတဲ့။ စန္ဒာမင်းတို့က ဒေါ်စုကိုသွားတွေ့ပြီး ပါတီမှတ်ပုံတင်ဖို့ ခွင့်သွားတောင်းတယ်တဲ့။ ဟုတ်လား၊ မဟုတ်လားမသေချာ။ မအလက တရုတ်သတင်းဌာနကို ဒေါ်စုကျန်းမာရေးကောင်းကြောင်း ပြောသတဲ့။ မကြာခင်ရုံးထုတ်မယ်တဲ့။ ဘာမှရှင်းလင်းတာ မရှိဘူး။ ပရမ်းပတာသက်သက်ပဲ။ တကယ် ငလျင်ကယ်ဆယ်ရေးက အမေစုလိုနားလည်သူက လုပ်ရမှာကို ဘယ်နားထားမှန်းတောင်မပြောတော့ ရှေ့နေနဲ့တောင်တွေ့ခွင့်မပေးတော့ ဘာမှအကျိုးမရှိကြဘူးပေါ့။ ပရဟိတအဖွဲ့တွေကိုလည်း လွတ်လပ်ခွင့်မပေး။ ပိတ်ပင်နေတော့ ကိုယ်လည်းမလုပ်နိုင်၊ လုပ်နိုင်သူတွေကိုလည်းခွင့်မပြု။ အားမပေး။ မထောက်ပံ့တော့ ငလျင်ကယ်ဆယ်ရေး အောင်မြင်ရေးက မျှော်လေ ဝေးလေ ဖြစ်နေရတာ မဆန်းပါ။

အမေစု မြန်မာ့ ငလျင်ဘေးအတွက် ပြင်ဆင်ထားခဲ့တယ်

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးဖြစ်တဲ့ ငလျင်ဘေးဒဏ်ကို ကြုံတွေ့ ခံစားခဲ့ရပါတယ်။ အာဏာသိမ်းမြန်မာစစ်တပ်ဟာ သဘာဝဘေး ရန်ပုံငွေတွေကိုပါ ထုတ်ယူသုံးစွဲခဲ့တာကြောင့် ငလျင်ဘေးကို တကယ်ကြုံတွေ့ရချိန်မှာ အရေးပုံကယ်ဆယ်ရေး ရန်ပုံငွေတွေရှိမနေခဲ့တော့ပါဘူး။ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိအစိုးရအဖြစ်တာဝန်ယူခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရလက်ထက်မှာ မြန်မာ နိုင်ငံရဲ့ ဘေး အန္တရာယ်အမျိုးမျိုးကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့နဲ့ ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် စီမံချက်များစွာကိုရေးဆွဲခဲ့ပြီး အရေးပေါ် ရန်ပုံငွေတွေလည်းထားရှိခဲ့ပါတယ်။ မြေငလျင် စတဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်မှာ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ ရဟတ်ယာဉ် ငှားရမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း မြန်မာစစ်တပ်က အဂတိပုဒ်မနဲ့ပါ အမှုဖွင့်လှစ်ခဲ့ပါသေးတယ်။

အမေစုက “ဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ခြင်းသည် ရွေးချယ်စရာတခုအနေဖြင့် လုပ် ဆောင်ရမည့် ကိစ္စရပ်မဟုတ်ဘဲ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတခု ဖြစ်ပါသည်။ အတိတ်ကာလတွင် ကြုံတွေ့ခဲ့ရသည့် ဘေးအန္တရာယ်များသည် ခက်ခက်ခဲခဲ ကြိုးပမ်းတည်ဆောက်ထားရသော ဖွံ့ဖြိုးတိုး တက်မှုများအပေါ်တွင် ကြီးမားများပြားသည့် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပွားစေနိုင်ကြောင်းကို အထင်း သားပြသလျက်ရှိပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မြန် မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်(၂၀၁၇)ကိုရေးဆွဲ၍ ကျမတို့နိုင်ငံကို ဘေးအန္တရာယ်အမျိုးမျိုးမှရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိအောင်ဆောင်ရွက်ရာတွင် လက်တွေ့လျှောက်လှမ်းရမည့် လမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်ခဲ့သည့်အတွက်လည်း များစွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ကျမတို့နိုင်ငံ၏ပင်မကျောရိုးသည် ကျမတို့ပြည်သူများဖြစ်သည့်အတွက် ဤစီမံချက်အကောင် အထည်ဖော်ရာတွင်လည်း ပြည်သူများ၏ အရေးပါသည့် အခန်းကဏ္ဍကို အထူးတလည်ပင် ဖော်ညွန်းနေရန် လိုအပ်မည်မထင်ပါ။ ကျမတို့ မြန်မာနိုင်ငံကို ဘေးအန္တရာယ်များမှ အမှန်တကယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိလာစေရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် အားလုံးအတူ တကွ လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားအပ်ပါသည်” လို့ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇) ရဲ့ ဥယျောဇဉ်မှာ ရေးသားခဲ့ပါတယ်။ ဒီစာကို ကြည့်တာနဲ့ ငလျင်အတွက် ဘယ်လောက် ပြင်ဆင်ထားခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒါတွေကို ဖျက်ပစ်ခဲ့လို့ ဒီနေ့ငလျင်ကယ်ဆယ်ရေးမှာ အုတ်သယ်၊ သွပ်ပြား သယ်တာတွေလောက်သာ လုပ်နေကြတာလို့ မြင်ပါတယ်။ အမေစု လက်နဲ့ ရေးခဲ့တာကို မအလ စစ်ကောင်စီက ခြေနဲ့ဖျက်ခဲ့တာပါ။

အမေစု ထားခဲ့တဲ့ (ငလျင်) သဘာဝဘေး ရန်ပုံငွေတွေ ဘယ်ရောက်သွားလဲ

စစ်တပ်က အာဏာသိမ်းတဲ့နေ့မှာ ပြည်တွင်းပြည်ပက အလှူရှင်တွေလှူထားတဲ့ သဘာဝဘေးရန်ပုံငွေတွေဟာ မြန်မာကျပ်ငွေ ဘီလီယံ ၄၄၀ ကျန်ရှိခဲ့ပါတယ်။ အခု တကယ်တမ်း ငလျင်သဘာဝဘေးကြုံရတဲ့အခါ လူထုကို အချိန်မီမကယ်တင်နိုင်ဘဲ စစ်အသုံးစရိတ်တွေဝန်ပိနေတဲ့စစ်ကောင်စီအနေနဲ့ နိုင်ငံတကာအကူအညီတွေ ချက် ချင်းတောင်းလောက်ရတဲ့အထိ မွဲသွားပြီလား။ အာဏာမသိမ်းလို့ အမေစုသာ ဆက်အုပ်ချုပ်နေရင် အခုအဖြစ်ဆိုးမျိုးတွေကနေ သက်သာနိုင်ပါတယ်။ NLD အစိုးရ စတင်တာဝန်ယူတဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေကနေ သဘာဝဘေးကယ်ဆယ်ရေးအတွက် နှစ်စဉ် ကျပ်ဘီလီယံ ၂၀ ကို ခွဲဝေပေးခဲ့တာပါ။ ၂၀၂၀ ခုနှစ်မှာ နိုင်ငံတော်ရဲ့အရန်ရန်ပုံငွေကနေ ကျပ်ဘီလီယံ ၁၀၀၀ ကို သဘာဝဘေးရန်ပုံငွေအဖြစ်လည်း လွှဲပြောင်းပေးခဲ့တာပါ။ ဒါ့အပြင် NLD လက်ထက်က အခုလို ငလျင်စတဲ့သဘာဝဘေးတွေ တွေ့ရင် အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ခဲ့ပါတယ်။ ဒီရဟတ်ယာဉ်နဲ့ပတ်သက်ပြီး အမေစုနဲ့ သမ္မတဦးဝင်းမြင့်တို့ကိုထောင်ချထားပါတယ်။ NLD အစိုးရလက်ထက်က သမ္မတစီးနင်းဖို့ သီးသန့်ရဟတ်ယဉ် မရှိပါ။ ငလျင်လိုမျိုးသဘာဝဘေးကယ်ဆယ်ရေး အရေးပေါ် သွားစရာရှိလာရင် စစ်တပ်ဆီက စာတတန်ပေတတန်နဲ့တောင်း ရပါတယ်။ စစ်တပ်က အကြောင်းအမျိုးမျိုး ပြပြီး ငြင်းပယ်တာတွေကိုလည်း ကြုံခဲ့ရတာပါ။ မဖြစ်မနေ ပေးတဲ့အခါမှာလည်း ရဟတ်ယာဉ်သုံးစွဲ ကုန်ကျစရိတ်ကို ပြန်တောင်းယူပါတယ်။ ဒါကြောင့် အမေစုအနေနဲ့ ပြည် တွင်း ပြည်ပက သဘာဝဘေးအသုံးပြုဖို့ အလှူရှင်တွေက ထည့်ဝင်ထားငွေတွေနဲ့ သဘာဝဘေးအသုံးပြုရေး ရဟတ်ယာဉ် ဝယ်ခဲ့ရတာပါ။ ဒါကို စစ်ကောင်စီက ရဟတ်ယဉ်ဝယ်တာ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ မညီဘူး ဆိုပြီး အရေးယူခဲ့တာပါ။

အမေစုက သဘာဝဘေးကယ်ဖို့ ရဟတ်ယာဉ် ဝယ်ခဲ့တယ်

တကယ်တမ်းလက်တွေ့မှာ အမေစုအနေနဲ့ သဘာဝဘေးကယ်ဆယ်ဖို့အတွက် ရဟတ်ယာဉ် ဝယ်ယူရာမှာ ဘဏ္ဍာရေးစည်းကမ်းနဲ့အညီ ဝယ်ခဲ့တာပါ။ အဲဒီအချိန်က အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ဦးဟင်နရီဗန်ထီးယူအနေနဲ့ ရဟတ်ယာဉ်ဝယ်ဖို့ အစိုးရအဖွဲ့ကိုအစည်းအဝေးမှာတင်ပြပြီး အစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ ဝယ်ယူခဲ့တာပါ။ ရဟတ်ယာဉ်ဝယ်ရာမှာလည်း တင်ဒါစနစ်ကိုကျင့်သုံးခဲ့ပြီး ကုမ္ပဏီ ၃ ခုက တင်ဒါဝင်ပြိုင်ခဲ့တာပါ။ တင်ဒါဝယ်ယူတဲ့ ကုမ္ပဏီက ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ မြေးဖြစ်သူ ဦးလင်းထင်ဦးဆောင်တဲ့ကုမ္ပဏီက တင်ဒါအောင်ပြီး ရဟတ်ယာဉ်ဝယ်ယူပေးခဲ့တာပါ။ ရဟတ် ယာဉ်ဝယ်ယူခွင့်ရတဲ့ ဦးလင်းထင်ကိုယ်တိုင် တရားရုံးမှာလာပြီး အမှန်သက်သေထွက်ဆိုပေးခဲ့သလို ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင်လည်း တရားရုံးမှာလာပြီး အစိုးရအဖွဲ့သဘောတူညီချက်နဲ့ဝယ်ခဲ့ကြောင်း ထွက်ဆိုပေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ တရားသူကြီး ဦးမြင့်စန်းက ရဟတ်ယဉ်ဝယ်တာမှာ အဂတိမှုမြောက်တယ်ဆိုပြီး အမေစုနဲ့သမ္မတတို့ကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

သဘာဝဘေးရန်ပုံငွေကို အလွဲသုံးခဲ့သူက မအလ

တကယ်တမ်း စည်းမျဉ်းစည်းကမ်းနဲ့မညီဘဲ သဘာဝဘေးအန္တရာယ်ရန်ပုံငွေတွေကို သုံးခဲ့သူကတော့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို နေပြည်တော်ခေါ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ဆိုပြီး သဘာဝဘေးရန်ပုံငွေထဲက ကျပ်ဘီလီယံ ၃၇၀ ကို စစ်ကောင်စီ ခေါင်းဆောင်က ပေးလိုက်တာပါ။ ဒါ့အပြင် ကျန်တဲ့ ဘီလီယံ ၇၀ ထဲက ၃၀ ကို ဆီထွက်သီးနှံတွေ စိုက်ပျိုးဖို့ ဆိုပြီး အသေးစားအလတ်စားကုမ္ပဏီတွေကို ထုတ်ချေးခဲ့တာပါ။ စစ်ဗိုလ်ချုပ်တွေ ငွေချပေးရင် သူတို့အိတ်ထဲကို တဝက်ပြန်ရောက်နေတတ်တယ် ဆိုတဲ့ စကားကလည်း ရှိနေတာပါ။ ဒီတော့ သဘာဝဘေးသုံးငွေထဲက တဝက်လောက်ဟာ စစ်ဗိုလ်ချုပ်တွေ လက်ထဲ ရောက်ကုန်ကြပါလိမ့်မယ်။ တကယ်တမ်း သဘာဝဘေးကြုံရတဲ့အခါ လူထုကို မကယ်တင်နိုင်ဘဲ စစ်အသုံးစရိတ်တွေနဲ့ ဝန်ပိနေတဲ့ စစ်ကောင်စီဟာ အခုလို ငလျင်ဘေး ကြုံလာချိန်မှာ ကိုယ့်လက်ထဲ အရေးပေါ် ငွေမရှိတော့ပဲ နိုင်ငံတကာကိုအကူအညီတွေ ပြူးပြူးပျာပျာ တောင်းရတော့ တာပါ။ အမေစု စီမံထားတဲ့အတိုင်း သဘာဝဘေး ရန်ပုံငွေကို စိုက်ပျိုးရေးဖက်ကို လွှဲမပေးထားဘူးဆိုရင် အခု ငလျင်ကယ်ဆယ်ရေးမှာ ပိုထိရောက်နိုင်ပါတယ်။

တကယ်တမ်းကတော့ ၈၀ ပြည့် အမေစုတဦးတည်းသာ မဟုတ်ပါ။ အမေစုနဲ့တကွ နည်းပညာ လက်တွေ့ပညာတွေ ကျွမ်းကျင်တတ်မြောက် အတွေ့အကြုံရှိကြသူတွေ အများကြီးကို ထောင်ထဲထည့်ထားတော့ ငလျင်ကယ်ရေး အပါအဝင် နိုင်ငံ တည်ဆောက်ရေးဟာ အလုပ်မဖြစ်တော့ပါ။ အလားတူပဲ ပညာရှင်တွေဟာ ၄ နှစ်အတွင်းမှာ ပြည်ပထွက်ကုန်ပါတယ်။ တောခိုကုန်ပါတယ်။ မြေအောက် ရောက်ကုန်ကြပါပြီ။ နောက်ဆက်တွဲ ရလဒ်က ငလျင် သဘာဝဘေး ကယ်ဆယ်ရေး အပါအဝင် တိုင်းပြည်ရဲ့ လုပ်ငန်းတွေ နှောင့် နှေးသွားတော့တာပါ။ စုကိုလွတ်၊ ပညာရှင်တွေကိုလွတ်၊ ပြည်ပတောတွင်းတွေက ပြန်ခေါ်၊ မြေအောက်က မြေပေါ်ဖော်ပြီး ငလျင်ကယ်တာအပါအဝင် ကောင်းကျိုးတွေ ပြန်လုပ်ကြဖို့ကို မအလစစ်ကောင်စီက ဘယ်တော့မှ မလုပ်ပါ။ ငလျင်ဒုက္ခသည်တွေဘာဖြစ်ဖြစ် စစ်တပ်အုပ်စု အာဏာမြဲရေးသာ လုပ်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် စုလွတ် နိုင်ကျဉ်းလွှတ်ဆိုတာ တောင်းဆိုနေလို့ မရ။ ပြည်သူတရပ်လုံး စုစည်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ပြီးမှသာ ငလျင်နဲ့သဘာဝအရေးအပါအဝင် ကိစ္စအားလုံးလုပ်ဆောင်နိုင်ဖို့ လမ်းပွင့်တော့မှာ ဖြစ်ပါတော့တယ်။ ။

#ကိုးကား

၁။ DVB သတင်းများ

၂။ CJ Platform သတင်းများ

၃။ Myanmar Insights သတင်းများ

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar