ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဆင်းလဲ ဖို့ပြီးသား၊ တက်လဲ ဆို့ပြီးသား
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဆင်းလဲ ဖို့ပြီးသား၊ တက်လဲ ဆို့ပြီးသား
မိုးမခ၊ ဧပြီ ၁၇ ၊ ၂၀၂၅
ငလျင်က စစ်အုပ်စုကို ကွန်ဖီဒင့်ပျောက်အောင် လုပ်ချလိုက်ပြီ။ တော်လှန်ရေးနဲ့ ပြေးရကိန်းဆိုက်နေပါတယ်ဆို အဆင်းဘီး တပ်ပေးလိုက်တာက ငလျင်။ စစ်အရှုံးတွေနဲ့ အဖြစ်မဆုံးနိုင်အောင် ပြိုပျက်နေတဲ့ကြား ငလျင်ဒဏ်ချက်က အသံထွက်ဖို့ပင် ခက်ရပြီ။ ပြေးစရာ မြေမဲ့တဲ့ဘဝထိ ရောက်အောင် တောက်ချလိုက်ပြီ၊ ပြာကျအောင် ခါချလိုက်ပြီလေ။
ပြင်ဦးလွင်နန်းတော်ကလဲ ယမ်းစော်နံလာ။ ရန်ကုန်ကလည်း ပြန်ဆုံကြမယ့် နေရာ။ နေပြည်တော်လေး စိတ်အေးရမယ် ထင်ထားတာ၊ ခုတော့ တချက်လှုပ်နဲ့ အသက်ပြုတ်ကိန်းဆိုက်လာ။ ပုသိမ်ဘက်မျက်စပစ်ထားတာလဲ AA ထိုးစစ်ကြောင့် အရိုးအဆစ်ပါ တဖြစ်ဖြစ်မည်လာ။ ရှမ်းပြည်ဘက် တက်ရမလိုလို ရိုးမထဲ ဆက်တိုးရမလိုလို။
ခုတော့ ဘာမှမရေရာ ပေတရာမှာ ကျောခင်း အိမ်မှန်သမျှ မီးပြင်းတိုက်ခဲ့တဲ့ ဝဋ်ခေါင်းကို စွတ်ပြီး ဘယ်သင်းကိုမှ မယုံရဲ ဘယ်ချုံထဲ တိုးရပါ့မလဲ၊ ချုံမဲ့ယုန်ဘဝ ခုန်ချစရာပျောက်ပြီ။
အကြံကုန်လို့ ဂဠုန်ဆားချက် စစ်ကိုင်းငလျင်ကို မန္တလေးငလျင် ခေါ်တွင်စေလို့ အမိန့်တော်မြွက်လိုက်မှ စစ်တွေ ကိုင်းသွားမှာ ကြောက်လဲ နောက်ဆုတ်လို့ မရတော့ဘူးတဲ့။ နေပြိုတော်က စစ်သူကြီးသုံးရုပ်လုံး လက်နက်တွေ ပြုတ်ကျ နိမိတ်ပြသွားပတဲ့။ အားအကိုးရဆုံး တပ်မ ၇၇ က လက်နက်ချလိုက်ပတဲ့။ စုကြည် ကြောက်လဲ လူ့ပြည်ရောက်ဖို့ နောက်ကျသွားပြီတဲ့။ ခုတော့ ပြည်သူကိုယ်တိုင်က ဒေါ်စု မျက်နှာထောက်ပြီး ရောယောင်ထောက်ခံခဲ့တာလေးပါ ပြန်ရုတ် အပြုတ်ဖြုတ်နေကြပြီ ဆိုတော့ "မန္တလေးငလျင် လမ်းဘေးဘုရင်" လို့တောင် ကလေးတွေ ပြောင်နေကြပတဲ့။ သူ့တပ်တွင်းက လူတွေ ထပ်ပြောတာက ကြင်စိုးဟာ ကြိုးစင်နဲ့နီးပတဲ့။
သွေးရူးသွေးတန်းနဲ့ ခွေးသရမ်းစစ်အုပ်စုဟာ ဘာလုပ်ရမှန်းမသိတိုင်း ၂၀၂၅ သင်္ကြန်အမှတ်တရ ဗုံးလိုက်ချပြီး ကိုရင်လေးတွေချည်း ရွေးသတ်တော့တာပါဘဲ။ ထူးထူးခြားခြား အေးသင်္ကြန် ကုသိုလ်တော်အဖြစ် မာရဝိဇယကိုယ်တော်ကြီးကို ရှင်တထောင် သတ်ပူဇော်တာတဲ့။ ရှင်လိုရှင်ငြားပေါ့လေ။ ကျောက်ဆင်းတု တည်ပြီးမှ ကြောက်ပြီး ဆင်းရမယ့် ဘုရင်တုအဖို့ ကြောက်လာဘ်လွဲ ရဲမင်းဖြစ်ဆိုပြီး စစ်ကို ကိုးပြီးရင်းကိုးမိတာ။ ခုတော့ စစ်က ကားပြီး ကိုင်းရုံမက ကွေးကောက်လာလို့ ကျောက်တုံးဖက်ရမယ့် နောက်ဆုံးရက်တွေ နီးလာလေ ချောက်ချားလို့ မှောက်မှားလေလေပေါ့။ နေပြိုတော်ကနေ ရန်ကုန် ရွှေ့ပြေးမယ့်ရုံးတွေ ရှိလာသလို လစ်လို့ရတဲ့ ဝန်ထမ်းတွေကလည်း လစ်ပြေးကုန်ကြ။ စစ်ရေးပြလာတဲ့ ကောင်တွေလည်း သေကျေကျိုးနဲ့ မသေမကျေ မကျိုးတွေကို ပြန်မလွှတ်ရဲ။
ခုတော့ နေပြည်တော်ဟာ ကစဉ့်ကလျား ဘူဆန်ရထား။ အပြိုအပျက် ထိုးထိုးထောင်ထောင် မှောင်မှောင်မည်းမည်းမှာ လူသေနံ့တွေ အလောင်းတွေ ဝိညာဉ်တွေနဲ့။ ရုံးတွေ၊ အိမ်ရာတိုက်တာတွေ၊ ဈေးတွေ၊ ဆေးရုံတွေ၊ လဲပြိုပျက်၊ တပ်ပြုတ်ကြီးများ၊ စစ်ဗိုလ် စစ်သား၊ အရပ်သား၊ ကျန်းမာရေးဝန်ထမ်းတွေပါ ထောင်ချီ သေကျေပျက်စီး၊ ကွန်ကရစ်အပူ သောကအပူ နောက်ဆက်တွဲ ငလျင်အပူ နေရေး အပူ၊ စားရေး အပူ၊ သွားရေး အပူ၊ နားရေး အပူ၊ အလောင်းမရတဲ့ အပူ၊ ခေါင်းချရတဲ့ အပူ၊ မီးဆယ့်နှစ်တန် ဘယံခြုံသိုင်း လုပ်တိုင်းကုန်းအသွင် သုဿာန်တစပြင်နေပူတော်မှာ မနေရဲကြတော့။ ခွေးအူသံ၊ ခွေးညည်းသံ၊ ခွေးဟောင်သံ၊ ခွေးကြောင်သံ၊ ခွေးချင်းကိုက်သံ၊ မာန်ဖီသံ၊ သွားကြိတ်သံ၊ စားခွက်လုသံ၊ အသက်လုသံတွေသာ ညံပွက်ဆူနေတဲ့ နေရာက မနေရဲကြတော့။
မြန်မာတပြည်လုံး ဗုံးဗုံးလဲကျအောင် စစ်ရူးတွေ၊ ဖြိုဖျက်၊ မီးတိုက်၊ သတ်ဖြတ်၊ လွင်တီးခေါင်ကဇရပ်တခုလို နိုင်ငံကို ဖန်တီးထားတဲ့အချိန် စစ်အုပ်စုတွေ အားကိုးအားထားပြု မောက်မာနေတဲ့အရာတော်တော်များများကို ငလျင်က ထိုးချ ချေမှုန်းပစ်လိုက်ပြီးတဲ့နောက် စစ်ရှုံး စစ်အုပ်စုဟာ တခဏချင်း အိုစာ တဘဝချင်း ပြိုကာသွားကြပြီ။ သူတို့ရဲ့မဏ္ဍိုင်အုပ်စုတွေ၊ ဒေါက်တိုင်စီးပွားတွေ၊ ထောက်ခံအင်အားတွေ တစစီ ကြွေမွသွားကြပြီ။ မဟာမြေကြီးကပါ လက်မခံတော့တဲ့နောက် ပြည်သူ့ဘဏ္ဍာနဲ့ ဆောက်ထားသမျှ နန်းတော် ရဲတိုက်တွေကွဲအက် ပုန်းအောင်းရာကနေ ပြေးထွက်ခဲ့ကြရပြီ။
သူတို့ ညှဉ်းဆဲ နှိပ်စက် သတ်ဖြတ်ထားတဲ့ ပြည်သူနဲ့တန်းတူ လမ်းပေါ်ထွက် လက်ဖြန့်ထိုင်ကြရတဲ့နောက် ရိုင်းစိုင်းယုတ်မာရာမှာ ရဲရင့်ခဲ့သမျှတွေ ပျောက်သွားပြီ။ ပြည်သူ့တိုက်တာအိုးအိမ်တွေကို ဘူဒိုဇာတွေနဲ့ ထိုးကော် ရိုက်ခြေခဲ့သမျှ တိုက်ရိုက် ဒက်ထိပြန်ခံစားရပြီ။ ပြည်သူ့ကျန်းမာရေးကို ဖြိုဖျက်ခဲ့သမျှ သူတို့လည်း ပြိုပျက်ကြရပြီ။ ငလျင်ကြောပေါ်မှာ ဘာအခိုင်အမာမှ ထပ်ဆောက်ဖို့မရတော့။ စစ်အုပ်စုအဖို့ ဆင်းရင်လဲ ဖို့ပြီးသား၊ တက်ရင်လဲ ဆို့ပြီးသား။
ပြည်သူကတော့ ပြည်သူအချင်းချင်း စောင့်ရှောက် ပြည်သူမှ ပြည်သူသို့ ပလပ်ပေါက်ထိုးထားပြီးသား။ တကယ့် တကယ်ကျတော့ အပစ်ပယ်ခံရတဲ့ နန်းတွေလဲ လမ်းတွေ ပျောက်နေတဲ့နောက် ဂန်းတွေ ဟောက်တာကိုလဲ ကြောက်စရာ မထင်တော့။ ဒီကောင်တွေ နန်းပျောက် သွေးပျက်တာကိုလဲ မျက်ဝါးထင်ထင် မြင်နေရပြီ။ ပြည်သူ့ရင်ခွင် ဆိုတာ မိဘရင်ခွင်ပဲ ဆိုတော့ ဘယ်ချိန် ဝင်ဝင်နောက်မကျမှန်းသိလို့ ထွက်လာကြပြီ။ သူတို့ကိုလဲ ပြည်သူတွေလို၊ ဂန်းတွေက၊ တံတိုင်းတွေ၊ ဒိုင်းတွေအဖြစ် သုံးနေတယ်ဆိုတာ သိလာကြပြီ။
ရွေးကောက်ပွဲ ဆိုပြီး စစ်ရူးတွေ အရူးထသမျှ သူတို့ပဲ သေကျေကြရတာ မဟုတ်လား။ စစ်မှုထမ်း ဆိုတော့လဲ သူတို့ပဲ လုပ်ရတာ၊ စစ်ဗိုလ်ပြုတ် စစ်ဗိုလ်ချုပ် သားသမီး တယောက်မှ မပါ။ ခရိုနီ ခရိုနက် သားသမီး တယောက်မှ မပါ။ လော်ဘီတွေက နိုင်ငံခြားမှာ။ သူတို့အရိပ်တောင် မထည့်ဝင်ကြ။ မဆုတ်တမ်း ခံစစ်မှာ သူတို့နန်းတွေသာ မိဘပြည်သူနဲ့ ထိပ်တိုက်တွေ့ရတာ။ ဟိုဂန်းတွေက ပြည်ပမှာ သူတို့စည်းစိမ်နဲ့ သူတို့အိမ် ကိုယ်စီနဲ့။ သူတို့သားသမီးပညာရေးက အင်တာနေရှင်နယ်စကူးလ်မှာ၊ နိုင်ငံတကာမှာ။ ဒီက ကိုယ့်သားသမီးက လာမယ့်ရာသီ တက်စရာကျောင်းပါ မရှိတော့ပြီ။ နိုင်ငံတကာ အလှူငွေကလဲ ဒီလူတွေဆီက ဘာမှမျှော်လင့်လို့ မရ။ အားလုံး ပြီးဆုံးကြပေါ့။ ကိုယ့်လမ်းကိုယ် ရွေးရပေါ့။ ကိုယ့်ဂန်းကိုယ် သွေးကြပေါ့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar