ငလျင်ဘေး အကူအညီများကို စစ်ကောင်စီမှ တဆင့်ပေးအပ်ခြင်းကို လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နှင့် အခြားအဖွဲ့အစည်းများက ကန့်ကွက်
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁၆ မြင်ကွင်း
မိုးမခ၊ ဧပြီ ၁၇၊ ၂၀၂၅
ငလျင်ဘေး အကူအညီများကို စစ်ကောင်စီမှတဆင့် ပေးအပ်ခြင်းကို လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နှင့် အခြားအဖွဲ့အစည်းများက ကန့်ကွက်
ဧပြီလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်နှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံကြမယ့် သတင်းက အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ သံတမန်ရေးအရ အောင်မြင်မှုတွေ ရနေတာကို ပြသနေတာ ထင်ရှားပါတယ်။ လက်ရှိ အာဆီယံ အလှည့်ကျနိုင်ငံဖြစ်သူရဲ့ ဝန်ကြီးချုပ်ဖြစ်သူက အာဆီယံအဖွဲ့ ကို ကိုယ်စားပြု တွေ့ဆုံတာမဟုတ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဘက်က ပြောဆိုထားပြီး တွေ့ဆုံရတဲ့ အကြောင်းက ငလျင်ဘေး ကျရောက်နေတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးဖို့၊ အပစ်ရပ်ကြေညာချက်ကို သက်တမ်းတိုးဖို့ တိုက်တွန်းမယ့် အကြောင်း ကနဦးထုတ်ဖေါ်ပြောဆိုထားပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာစစ်ကောင်စီ အစိုးရကို အာဆီယံ အဖွဲ့အနေနဲ့ ဖိအားပေးရာမှာ မလေးရှားနိုင်ငံဟာ တက်ကြွတဲ့နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကို ပိုမိုဖိအားပေးဖို့ အာဆီယံအဖွဲ့ထဲမှာ မလေးရှား ယခင်နိုင်ငံခြားရေး ဝန်ကြီးက သတင်းမီဒီယာတွေကို မကြာခဏ ပြောဆိုခဲ့တာတွေ့ရပါတယ်။
လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အကြံပေးအဖြစ် လက်ရှိထိုင်းဝန်ကြီးချုပ်ရဲ့ ဖခင်လည်းဖြစ် ယခင်ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ သက်ဆင်ရှီနာဝါထရာကို ခန့်အပ်တာဝန်ပေးခဲ့ပြီးနောက်ပိုင်း သက်ဆင်ဟာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၊ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
ဒီအချက်တွေကို ဆက်စပ်မှန်းဆကြည့်ရင် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ပြဿနာတွေကို အာဆီယံ အနေနဲ့ အဖြေရှာဖို့ ကြိုးပမ်းရာမှာ လက်ရှိကိုင်စွဲထားတဲ့ သဘောတူညီမူ ၅ ချက် လမ်းကြောင်းအပြင် အခြားသော ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကိုပါ ရှာဖွေလုပ်ဆောင်နေသလားလို့ ယူဆစရာလည်း ရှိလာပါတယ်။ မနက်ဖြန် မှာတွေ့ဆုံမယ့် တွေ့ဆုံမှုဟာ ငလျင်ဘေးကြောင့် လိုအပ်နေတဲ့ အကူအညီပေးမှုတွေ ထက်ကို ကျော်လွန်တဲ့ ပြောဆိုမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။
အခုတွေ့ဆုံမှုမတိုင်ခင် တရက်အလို ဧပြီ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ အခြား လက်နက်ကိုင် ၄ဖွဲ့ ဖြစ်တဲ့ KNU, KNPP, CNF, ABSDF အပါအဝင်၊ အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Women League of Burma နဲ့ ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ နဲ့ အခြားအမည်မဖေါ်လိုသော အဖွဲ့များ က ပူးပေါင်းထုတ်ပြန်ချက် တရပ်ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက် ခေါင်းစဥ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဆီယံ ခေါင်းဆောင်များတွေ့ဆုံရန် ရှိသည့်သတင်းနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်” လို့ ခေါင်းစဥ်တပ်ထားပြီး အချက် ၉ ချက်ပါ ထုတ်ပြန်ချက်ရဲ့ အသုံးအနှုန်းစကားလုံးတွေက သိပ်ပြင်းထန်တဲ့ အသုံးအနှုန်းမတွေ့ရဘဲ နောက်ဆုံး အချက် ၉ တွင်မှ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီမှ တဆင့်ပေးအပ်ခဲ့ရင် နိုင်ငံရေးအရ အသုံးချမှုတွေ ဖြစ်ပွားလာမှာဖြစ်လို့ ဖော်ပြပါ အဖွဲ့တွေ အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်သည်လို့ ပါရှိတာတွေ့ရပါတယ်။
ကျန်တဲ့ စာပိုဒ်တွေမှာတော့ သတိပြုသင့်ပါသည်၊ အထူးစိုးရိမ်မကင်း ဖြစ်မိပါသည်၊ သတိမူသင့်ပြီ ဖြစ်ပါသည် စတဲ့ အသုံးအနှုန်းတွေကိုသာ သုံးစွဲထားတာ တွေ့ရပါတယ်။ စာပိုဒ် အမှတ် ၈ မှာ “စစ်ခေါင်းဆောင် နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်မှုများကို အထူးသတိပြုသင့်ပါသည်”လို့ သုံးနှုန်းရေးသားထားပြီး စစ်ကောင်စီနဲ့ ဆက်ဆံခြင်း မပြုဖို့ ဆိုတဲ့ တောင်းဆိုထားတာ မဟုတ်တာလည်း တွေ့ရပါလိမ့်မယ်။
ထုတ်ပြန်ချက်ထဲမှာ သတိပြုစရာ နောက်တချက်က နိုင်ငံရဲ့ နယ်မြေ ၂၂ ရာနှုန်းသာ ထိန်းချုပ်နိင်တော့တဲ့ စစ်ကောင်စီနဲ့သာ ဆက်ဆံဆောင်ရွက်ခြင်း မပြုဘဲ နယ်မြေထိန်းချုပ်ထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အပါအဝင် ပါဝင်ပတ်သက်တဲ့ အစုအဖွဲ့တွေနဲ့လည်း ဆက်ဆံဖို့ တိုက်တွန်းထားပါတယ်။
အခုလို NUG တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ နဲ့ ABSDF လက်နက်ကိုင် အဖွဲ့ နဲ့ အခြားသော အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းထုတ်ပြန်ချက်ဟာ အာဆီယံ နိုင်ငံတွေအပေါ် ဘယ်လောက် သက်ရောက်မှု ရှိစေမလဲ သဲသဲကွဲကွဲ ခန့်မှန်းရခက်တဲ့အနေအထား ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေ အနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို သံတမန်ရေးအရ ဖယ်ကျဥ်ထားပြီး အာဆီယံ သဘောတူညီမူ ၅ ချက်ကို အကောင်အထည်ဖေါ်ဖို့ ဖိအားပေးလာတာ ၄ နှစ်ပြည့်မြောက်လာတဲ့တိုင် အကျိုးရလဒ် မထွက်ခြင်းကို ပြန်လည်သုံးသပ်ပြီး စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတဲ့ မူကို ပြောင်းလဲသွားမလားဆိုတဲ့ စိုးရိမ်မှုလည်း ရှိလာနေတာပါ။ သံတမန်ရေးအရ ဖယ်ကျဥ်ထားပြီး ဖိအားပေးတာ မထိရောက်ဘူးလို့ ယူဆချက်တွေကနေ လားရာ ၂ ခုဆီ ဦးတည်သွားနိုင်တာလည်း ဖြစ်ပါတယ်။ ဖယ်ကျဥ်ထားခြင်းထက် ပိုမိုပြင်းထန်တဲ့ လုပ်ဆောင်ချက်က အာဆီယံနိုင်ငံ အဖွဲ့ဝင် အဖြစ်က ရပ်ဆိုင်းတဲ့ နည်းလမ်းဖြစ်ပြီး ဒုတိယရွေးချယ်စရာ နည်းလမ်းကတော့ ဖယ်ကျဥ်ထားခြင်းကို အဆုံးသတ်ပြီး ထိတွေ့ဆက်ဆံကာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကို ရပ်ဆိုင်းဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။
လတ်တလောမှာ နည်းလမ်း ၂ ခုအနက် အာဆီယံ အနေနဲ့ ဒုတိယနည်းလမ်းကို ရွေးချယ်ဖို့ ပိုဖြစ်နိုင်ခြေ ရှိနေတဲ့ လက္ခဏာတွေ တွေ့နေရတာပါ။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ကိုယ်တိုင် စစ်ခေါင်းဆောင်ကို ကြိုတင်သတ်မှတ်ချက်တွေမထားဘဲ တွေ့ဆုံမယ်ဆိုတဲ့ အချက်က ထိတွေ့ဆက်ဆံမှုဆီကို ဦးတည်နေတဲ့ လမ်းကြောင်းလို့ ဆိုနိင်ပါတယ်။ အခုတွေ့ဆုံမှုကနေ အာဆီယံအနေနဲ့ အကျိုးရလဒ် ထွက်ရှိဖို့ထက် အာဏာသိမ်းစစ်ကောင်စီအဖို့ အကျိုးရလဒ် ထွက်ဖို့ အလားအလာများနေတယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။
ဧပြီလ ၁၇ ရက်နေ့ တွေ့ဆုံမှုကနေ တကယ့်လက်တွေ့မှာ ဘယ်လိုရလဒ်တွေ ပေါ်ထွက်လာမလဲဆိုတာ အနီးကပ်စောင့်ကြည့်ကြရမှာ ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar