မောင်လူမွှေး - တောင်ဇလပ်တွေ ပွင့်၊ အောက်ချင်းငှက်တွေ ပျံဝဲတော့မယ်
မောင်လူမွှေး - တောင်ဇလပ်တွေ ပွင့်၊ အောက်ချင်းငှက်တွေ ပျံဝဲတော့မယ်
(မိုးမခ) ဧပြီ ၁၈၊ ၂၀၂၅မောင်လူမွှေးဟာ တောင်ဇလပ်ပန်းလေးတွေအကြောင်းတွေးနေပါတယ်။ ကြွေလွင့်သွားရတဲ့ တောင်ဇလပ်ပန်းလေးတွေအကြောင်းနဲ့ သူတို့ရဲ့ ဓာတ်ပုံလေးတွေက မောင်လူမွှေးရဲ့ စိတ်မျက်စိထဲကနေ မထွက်နိုင်ပါဘူး။ လတ်တလောလိုင်းပေါ်မှာ ငလျင်တွေဂယက်တွေထနေပေမယ့် မောင်လူမွှေးစိတ်ကတော့ တောင်ဇလပ်တွေပွင့်တဲ့ တောင်တန်းတွေကိုဖြတ်သန်းပြီး တီးတိန်မြို့နားက ဆိုင်းဇန်ရွာကိုပဲရောက်ရောက်နေတာပါ။
ဧပြီ ၉ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက တီးတိန်မြို့ရဲ့ တောင်ဘက် ခုနစ်မိုင်လောက်အကွာက ဆိုင်းဇန်ကျေးရွာကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့ပါတယ်။ လူတွေအိပ်မောကျနေတဲ့အချိန်။ တောင်တန်းဟာ တုန်ခါသွားမယ်။ ဗုံးကွဲသံဟာ တောင်နံရံတွေအနှံ့ ရိုက်ခတ်မြည်ဟီးသွားမယ်။ ချင်းလူမျိုးတို့ရဲ့အစ ကျိန်နွဲဆိုတဲ့ ရှေးရွာဟောင်းရှိခဲ့ဖူးတဲ့ နေရာနဲ့ မလှမ်းမကမ်းက ဆိုင်းဇန်။ ချင်းတောင်ကို နယ်လာချဲ့တဲ့ အင်္ဂလိပ်တွေကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ ပူလ်တွမ်ထောင်းရဲ့ ဆိုင်းဇန်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပင်လုံစာချုပ်လက်မှတ်ရေး ထိုးခဲ့တဲ့ ဦးထောင်ဇခုပ်ရဲ့ ဆိုင်းဇန်။ ချင်းပြည်မြောက်ပိုင်းမှာ သမိုင်းကောင်းခဲ့တဲ့ ဆိုင်းဇန်ဟာ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် သွေးမြေကျခဲ့ရပါတယ်။
အိမ်တစ်အိမ်ရဲ့ အပြင်ဘက်မှာ ဓာတ်ပုံခြောက်ပုံကို တန်းစီချိတ်ထားတယ်။ အဖေ ဓာတ်ပုံ၊ အမေဓာတ်ပုံ၊ ယောကျာ်းလေးညီအစ်ကိုသုံးယောက်နဲ့ ညီမလေးတစ်ယောက်ရဲ့ ဓာတ်ပုံတွေကို တစ်ပုံချင်းတန်းစီပြီးချိတ်ထားတာတွေ့ရတယ်။ အကြီးဆုံးအစ်ကိုကြီးက ၁၇ နှစ်။ ညီအငယ်ဆုံးလေးက ၅ နှစ်တဲ့။ ရာဇဝင်အရ အမဲလိုက်ဝါသနာပါတဲ့ မင်းသားတစ်ပါးရဲ့ မျိုးဆက် တွေ။ ရွာသမိုင်းအရ ကိုလိုနီနယ်ချဲ့ကိုတော်လှန်ခဲ့တဲ့ မျိုးဆက်တွေ။ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ကြွေလွင့်သွားခဲ့ရပြီဖြစ်တယ်။
ဧပြီ ၉ ရက်နေ့ည ၉ ခန့်မှာပဲ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၄) နယ်မြေက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် မသန်စွမ်း ၁ ဦး ၊ ခုနစ်နှစ်အရွယ်ကလေး ၁ ဦး ၊ရှစ်လသား အရွယ်ကလေး ၁ ဦး ၊ သက်ကြီး ရွယ်အို ၂ ဦး နဲ့ AG အသင်းတော်က ဓမ္မ အမှုတော်ဆောင်ဆရာ၊ စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရတယ်။
ဧပြီ ၉ ရက်နေ့ ၊ ညပိုင်းမှာပဲ ချင်းပြည်က ကလေးငယ် ၆ ဦးအပါအဝင် ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရတာပါ။ စစ်ကောင်စီဟာ ဖလမ်းမြို့ကို ဧပြီ ၇ ရက်နေ့က လက်လွတ်ရပြီးနောက် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်က အရပ်သားမိသားစုကိုတွေကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
မောင်လူမွှေးဟာ ချင်းလူမျိုးတွေနဲ့ ထဲထဲဝင်ဝင် ပတ်သက်မှုရှိသူဖြစ်ပါတယ်။ မောင်လူမွှေးငယ်စဥ်က ပညာသင်ပေးတဲ့ ဆရာ၊ဆရာမတွေထဲမှာ ချင်းလူမျိုးဆရာ၊ဆရာမတွေ တော်တော်များများပါသလို မောင်လူမွှေးကျောင်းဆရာဖြစ်တော့လည်း ချင်းလူမျိုးကျောင်းသူကျောင်းသားတွေကို ပညာသင်ပေးခဲ့ရပါတယ်။ ပြီးတော့ စာပေ၊ကဗျာနဲ့ပတ်သက်တဲ့ ချင်းလူမျိုး စာရေးဆရာ၊ ကဗျာဆရာတွေလည်း မောင်လူမွှေးမှာရှိပါတယ်။
ရိုးသားမှုနဲ့ ရှင်သန်နေကြတဲ့ သူတွေ။ သစ္စာတရားနဲ့ နေထိုင်ကြသူတွေ။ တောင်တန်းကြီးတွေပေါ်မှာ အစစအရာရာခက်ခဲနေတာတောင်မှ မိသားစုထဲကနေ နိုင်ငံခြားကိုစွန့်ထွက်၊ ပိုက်ဆံရှာပြီး ဇာတိမြေတောင်စောင်းမှာ နေအိမ်တစ်လုံးကြိုးစားဆောက်ခဲ့ကြသူတွေ။ မောင်လူမွှေးချစ်တဲ့ ချင်းတောင်တန်းနဲ့ ချင်းလူမျိုးမိသားစုတွေကို မင်းအောင်လှိုင်ဟာ ခြိမ်းခြောက်သတ်ဖြတ်ပြနေဆဲဖြစ်တယ်။
ချင်းပြည်နယ်မှာ ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့သုံးမြို့မှာသာ စစ်ကောင်စီတပ်တွေတည်ရှိတော့တယ်။ ဒီသုံးမြို့ထဲမှာဟားခါးမြို့တစ်မြို့သာ စစ်ကောင်စီတပ် အင်အားကောင်းကောင်းနဲ့ ရှိတော့တယ်လို့ သိရတယ်။
ချင်းတောင်မှာ ရာသီဥတုဟာ ကြမ်းတမ်းတယ်။ သမိုင်းနဲ့ ပထဝီက ပေးထားတဲ့ ပေးထားချက်တွေဟာ တွက်ချက်ဖို့ ခက်ခဲတယ်လို့ မောင်လူမွှေး နားလည်တယ်။ ဒါပေမယ့် တောင်ဇလပ်ပန်းဟာ နီရဲတယ်။ ကျစ်လျစ်တယ်။ ဒဏ်ခံနိုင်တယ်။ အောက်ချင်းငှက်ဟာ သစ္စာကြီးတယ်။
ချင်းတောင်မှာ တောင်ဇလပ်ပန်းတွေပြန်ဝေကြမယ့်အချိန်ဟာ နီးပြီ။ အောက်ချင်းငှက်မောင်နှံတွေ ပျံသန်းဖို့အချိန်ဟာ နီးပြီ။ ချင်းပြည်သစ်ရဲ့ ကောက်သစ်စားပွဲမှာ ချင်းလူမျိုးစုတို့ရဲ့ ဗုံသံနဲ့ တေးသံတွေကို မောင်လူမွှေးရဲ့ စိတ်ကူးထဲမှာ ကြားနေရပါတယ်ခင်ဗျာ..
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar