Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နှစ်သစ်ကူးဆုတောင်း



ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နှစ်သစ်ကူးဆုတောင်း

(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၅


ဂျောင်း မသာ ဂျောင်း
ငြောင်း လနာ ငြောင်း
ခေတ်သစ်ဦးမှာ ပုရစ်ဖူးတွေလှစ်
နှစ်သစ်ကူးမှာ စစ်ဘီလူးတွေလစ်။

မအလ ဗာလရာဇာ မသမာခေါင်ထီး အယုတ်တမာကြီးအာဏာရူးစဉ် အရူးလက်မှတ်ကို ဘီလူးလက်အပ်သူတို့ကား လော်ဘီခေါ် တော်ကီသားတို့တည်း။ ယင်းလော်ဘီတို့၏တော်ကီမှာ ခနော်နီခနော်နဲ့ဖြစ်သော်ငြား မတော်မတဲ့ကောင်အဖို့ ကြောင်တောင်ကြက်တက် မဲစာရင်းမှားတွက်သည်ဆိုကာ ပြည်ဖျက်ရန်အကြောင်း ကောင်းကောင်းကြီးရသွားချေတော့သည်တကား။

ထိုအခါမှစ၍ နေပြည်တော်မှာ မြသွဲ့သွဲ့ခိုင် သေသတည်း။ ရန်ကုန်မှာ ဆရာမဒေါ်တင်နွဲ့ရီ သေသတည်း။ မန္တလေးမှာ အလုပ်သမားလေးမောင်ဝေယံထွန်း သေသတည်း။ ကြယ်စင်ခေါ် တိန့်ကျားရှီး သေသတည်း။ အသက်ခုနှစ်နှစ်အရွယ် ခင်မျိုးချစ်လေး သေသတည်း။ ဆေးကျောင်းသားခန့်ညားဟိန်း သေသတည်း။ "သူတို့က ခေါင်းကိုပစ်တယ်၊ တော်လှန်ရေးက နှလုံးသားမှာရှိတာ မသိကြဘူး" ဆိုတဲ့ကဗျာဆရာခက်သီ သေသတည်း။ "သင်တို့ဘုရား ငါမဖူး" ဆိုတဲ့ကဗျာဆရာ ကေဇဝင်း သေသတည်း။ ကဗျာဆရာမမြင့်မြင့်ဇင် သေသတည်း။ လှည်းတန်းမှာ လှိုင်သာယာမှာ ပဲခူးမှာ မန်းလေးမှာ ရွှေဘိုမှာ ခင်ဦးမှာ တန့်ဆည်မှာ မြို့နယ်တိုင်းမှာ တိုင်းမှာ ပြည်နယ်မှာ တောင်ပေါ်မှာ မြေပြန့်မှာ မြစ်ဘေးမှာ ပင်လယ်မှာ ရိုးမမှာ တောထဲမှာ လယ်ထဲမှာ အိမ်ထဲမှာ မောင်ဘယ်သူ သေသတည်း။ မဘယ်သူ သေသတည်း။ ကိုဘယ်သူ သေသတည်း။ ဒေါ်ဘယ်သူ သေသတည်း။ ဦးဘယ်သူ သေသတည်း။ အရှင်ဘယ်သူ သေသတည်း။ အိမ်ထဲက ကလေးလေးတွေ သေကြသတည်း။ စာသင် ကျောင်းထဲက ကလေးလေးတွေ သေကြသတည်း။ ရွာထဲက ကလေးလေးတွေ သေကြသတည်း။

တပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆိုက်ကားဂိတ် ဆိုင်ကယ်ဂိတ် ကားဂိတ်မှန်သမျှ ကျောင်းသား အလုပ်သမား လယ်သမား ဆရာဝန် အင်ဂျင်နီယာ သန့်ရှင်းရေး စာရေးမှစ ညွှန်မှူးညွှန်ချုပ် အမတ်လုပ် ဝန်ကြီးလုပ်အုပ်ချုပ်သူအထိ၊ ယုတ်စွအဆုံး ကိုရင် ဦးဇင်း ဘုန်းကြီးတွေပါ လူဝတ်လဲပြီး လက်နက်ကိုင်တော်လှန်ကြလေသတည်း။

အမျိုးမျိုးဖိုင်းတဲ့ ရိုးရိုးမိုင်းမှစ ဝေဆာသိုင်း ပေပါမိုင်း ကမ်းဆုံးလှိုင်း ထန်းလုံးမိုင်းထိ မိုင်းအမျိုးမျိုးနဲ့ ပိုင်းချိုးလိုက်ကြတာ စစ်ကောင်စီတပ်လဲ အစပထမကနဦး ပကတူးမှာပင် ဒုက္ခိတဘဝ တအုပ်တမကြီးကူးကြရပြီလတည်း။

သောက် သောက် လဲ ပေါက် ပေါက် ကြဲသလို ဖောက် ဖောက် ခွဲလိုက်ကြတာ ဒီတော်လှန်ရေးဟာ ကျောက်တောင်ကို နဖူးနဲ့တိုက်နေတာမဟုတ်မှန်း၊ မဆုတ်တမ်းဆော်ကြတော့မယ်မှန်း၊ လူနှစ်ထောင်သတ်ပြလိုက်ရုံနဲ့ မရပ်တော့မယ်မှန်း ကမန်းကတန်းသိကြရပြီလတည်း။

ထိုမှ ဤမှ လက်နက်အမျိုးမျိုး ကြံဆ ခံချ လှန်ပြ သင်ကြ ထွင်ကြ ဖျင်ကြ လုံးဝအုပ်ချုပ်၍ မရစေရ ပြည်သူမကြည်ဖြူရင် ဘာမှမရ ဓမ္မနဲ့ အဓမ္မစိတ်ဖြာ လိပ်ပြာလုံကြပါစေ မိစ္ဆာကုန်မှဗမာပြည် သာယာအေးချမ်း ဘေးမသန်းမှာဆိုပြီး မပြေးတမ်းတီးကြပြီလတည်း။

EROတွေနဲ့ပေါင်း တဖျောင်းဖျောင်းကစ် ဂျင်ဇက်တွေက ဒရုန်းတွေနဲ့ဗုံးမိုးရွာတော့ ကမ္ဘာ့အဆင့်၃၇ကြီးဒစ်လည် စစ်တိုင်းကြီးလိုက်ပျောက်ကွယ်မှ စစ်ကောင်စီတအုပ်လုံး စုံးစုံးမြုပ်တော့မယ်သိ လော်ဘီတွေပြန်ခေါ် တော်ကီတွေနဲ့လှော်ခိုင်းလဲ ပိုးထိုးလှေမို့ ရေပဲခပ်ထုတ် လှော်တက်ကို မဖြုတ်နိုင်သေးချေတမုံ့။

ကြံရာမရ မအလသရေကြိုး သူခိုးမုဒိမ်း အပလိန်းငလိမ် ဉာဏ်တိမ်ငကျစ် ခွေးဝဲစားရဲ့လောက်ဖြစ်နေတဲ့ အမြှောက်ကြိုက်ကောင်နွားနဲ့ အကောက်ကြိုက်အမှောင်သား နောက်လိုက်အချောင်သမားများဟာ ရွာမီးတိုက် မြို့မီးရှို့ ရပ်ကွက်ဖျက် လက်နက်ကြီးနဲ့ပစ်ဖြို ‌သက်ကြီးရွယ်အိုတွေခေါင်းဖြတ် ကလေးတွေစက်သေနတ်နဲ့လိုက်ပစ် စစ်သားလုပ်ပြီးစစ်နဲ့တူအောင်မတိုက်ရဲ တနိုင်ငံလုံးပတ်ဗုံးကြဲ ဟော ခု နေပြည်တော်ကြီးနဲ့ အားကိုးအားထားပြုနေတာတွေပြိုကွဲသွားအောင် ငလျင်တောလဲလိုက်တော့မှ ဟောဟဲဟောဟဲဖြစ်ပြီး စစ်ရပ်ချင်ယောင်ဆောင် အများတကာကိုယ်ချင်းစာစိတ်နဲ့ သင်္ကြန်ရိပ်ခိုပြီးတောင် ဘုန်းကြီးကျောင်းတွေချည်းဗုံးလိုက်ကြဲနေလို့ သီလယူဥပုသ်စောင့်တွေ ကိုရင်ကလေးတွေ ဘုန်းကြီးတွေ ပိုးစက်ပက်စက် သေ ကျောင်းကန်ဘုရားတွေလဲ မွမွကြေကြရပြီတမုံ့။

ခုတော့ တိုင်းပြည်ကို အမှောင်ကြီးကျအောင်လုပ်တဲ့ ဒီကောင်ကြီးနဲ့လဒအုပ် အယုတ်တမာ ဂုစ္ဆာတွေကို မြေပြင်ကပါလှုပ်ခါလို့ ဖြုတ်ကာချမှ အရပ်ကူပါ လူဝိုင်းပါဖြစ် ပုန်းစရာခိုစရာထား နေစရာပင် မြေပထဗျာက မသနားတော့တဲ့အပြင် စစ်ဆင်ရေးကလဲ ပစ်ရင်ပြေးတော့မယ့်အခြေဆိုက် ညာသံပေးလိုက်တာနဲ့တင် ခွေးမိုက်တွေဖင်သီ ဒရွတ်ဆွဲကာတအီအီနဲ့ မသတီစရာတွေနိဂုံး ဒီတချီတွင်ဆုံးရတော့မည်ဖြစ်ကြောင်း

ဂျောင်း မသာ ဂျောင်း
ငြောင်း လနာ ငြောင်း။


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar