Breaking News

လှကျော်ဇော - ပြည်သူအပေါ်ထားတဲ့ သဘောထား


လှကျော်ဇော - ပြည်သူအပေါ်ထားတဲ့ သဘောထား

မိုးမခ ၊ ဧပြီ ၂ ၊ ၂၀၀၅


“နအဖနဲ့-တပ်မတော်သားများကို

ပြည်သူသာ အမိ-ပြည်သူသာ အဖပါ။

ပြည်သူမျက်နှာပဲ ကြည့်ပါ။

ပြည်သူကို ရန်သူလို သဘောမထားကြပါနဲ့”

လို့ မှာကြားလိုပါတယ်။

ဗိုလ်မှုးချုပ်(ဟောင်း)ကျော်ဇော

(အသက် (၉၀) ပြည့်နေ့ အမှာစကား။ ၃-၁၂-၂၀၀၉)


ဒီနေ့ (၃၁-၃-၂၀၂၅) နေ့လယ် သတင်းတပုဒ်တက်လာပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားတယ်။ ကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ၊ လက်အိတ်၊ ဦးထုပ်၊ မီးတိုင် စတာတွေ မရှိလို့ ကူညီပေးကြဖို့ နိုင်ငံတကာကို အကူtညီတောင်းနေရပါတယ် တဲ့။

ပြည်သူတွေသတ်ဖို့ လက်နက်အမျိုးမျိုး (ဗုံးကြဲလေယာဉ်၊ ဒရုန်းတွေ) ကိုဘယ်လောက်တန်ဖိုးကြီးကြီး(ကာကွယ်ရေးစားရိတ်တွေ တိုးချင်တိုင်းတိုးပြီး) အပြည့်အစုံ၀ယ်ထားနိုင်တဲ့သူများက တိုက်လေယာဉ်တစင်းဖိုးတောင်မရှိတဲ့ သဘာဝဘေးတွေကို ကာကွယ်ပေးနိုင်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေမရှိဘူးလို့ ပြောပဲပြောထွက်ရဲတယ်။

ဒါဖြင့် မေးပါရစေ။

၁၉၆၂ ခုနှစ်က စလို့တိုင်းပြည်ကြီးကို ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ အကြိမ်ကြိမ် ကယ်တင်ခဲ့တဲ့ ဗမာတပ်မတော်ကြီး၊ အနှစ် ၆၀ ကျော် စိတ်တိုင်းကျ အုပ်ချုပ်ခဲ့ပြီးနောက် ခေတ်အဆက်ဆက် မျိုးချစ် ပြည်ချစ် စစ်ဗိုလ်ချုပ်ကြီးများ သားစဉ်မြေးဆက် ဖြုန်းမကုန် သုံးမကုန်ချမ်းသာချင်တိုင်း ချမ်းသာနေတာ ဘယ်က ဘယ်လို လုပ်ချမ်းသာကြတာတုံး။ တတိုင်းပြည်လုံးက ပိုင်ဆိုင်ထားသမျှတွေ ဒင်းတို့အိတ်တွေထဲ ရောက်ကုန်လို့လား။

၁၉၆၂ ခုနှစ်ကစလို့ ဖိနှိပ်မှုညှဉ်းဆဲမှု အမျိုးမျိုး၊ ဆင်းရဲငတ်ပြတ်မှု ဒုက္ခအဖုံဖုံတွေကို မခံနိုင်ကြတော့တဲ့အဆုံး နည်းလမ်းပေါင်းစုံနဲ့ စစ်အာဏာရှင် အဆက်ဆက်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော် ပြသခဲ့တဲ့ (မြို့ပေါ်- ကျေးလက်)ပြည်သူတွေကို သတ်ချင်တိုင်း သတ်၊ နှိပ်စက်ချင်တိုင်း နှိပ်စက်နဲ့ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ကြတဲ့ ဗမာ့တပ်မတော်သားကြီးတွေ၊ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ ပြည်သူတွေကို ခေါင်းကိုမှ ချိန်ပြီးပစ်သတ်ရဲခဲ့တဲ့ တပ်မတော်သားကြီးတွေ၊ သေနတ်ကြီးတွေ တကားကားနဲ့ လမ်းလုံးပြည့် မြို့လုံးပြည့်လျှောက်စိန်ခေါ်ရဲတဲ့ တပ်မတော်သားကြီးတွေ၊ ရပ်တွေ ရွာတွေထဲ ၀င်ချင်သလို ၀င်မွှေ၊ မီးရှို့ချင်တိုင်း ရှို့၊ စော်ကားချင်သလို စော်ကားတဲ့ တပ်မတော်သားကြီးတွေ၊ အခုလို ပြည်သူတွေ ဒုက္ခပင်လယ်‌‌ဝေချိန်မှာ လူထုကယ်ဆယ်ရေးအတွက် လေယာဉ်တွေ မသုံးဘဲ လေယာဉ်နဲ့ ဗုံးတွေပဲ ဆက်ကြဲနေတာ၊ ခုလိုအချိန်မျိုးမှာပဲ သေတွင်းထဲ ပြည်သူတွေကို အတင်းဆွဲတွန်းချဖို့ သူတို့အာဏာတည်မြဲရေးအတွက် စစ်သားတွေ အဓမ္မကောက်နေတာ၊ ကယ်ဆယ်ရေးမှာ သူတို့ကို မတွေ့ရတာကရော ဘာကြောင့်လဲ။

တကယ်တော့ ဒီ ၃-၂၈- မြေငလျင်ဘေးကြီးဟာ ဗမာပြည်သူတွေအတွက်တော့ ဘူးလေးရာဖရုံဆင့်လာတဲ့ ဘေးဒုက္ခကြီးပါ။

ဒါပေမဲ့ ဗမာပြည်သူတွေအတွက်တော့ ပြည်သူတွေအကျိုးကို လိုလားတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဟန်တွေနဲ့ ပြည်သူလူထုကို ရန်သူလို သဘောထားတဲ့ စကစရဲ့ လုပ်ဟန်တွေကိုကွက်ကွက်ကွင်း ကွင်း ပေါ်လွင်စေလိုက်ပါတယ်။

သိပ်သေချာသွားတာကတော့ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”ဆိုတဲ့ ကြွေးကြော်သံတင်ပြီး တပြည်လုံး ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်‌ရေးကြီးဟာ သိပ်မှန်တယ်၊ သိပ်တရားတယ်။ ဆိုတာပါပဲ။

ကမ္ဘာ့လူသားများသမိုင်းမှာ လူသားတွေဟာ သဘာဘေးအန္တရာယ်တွေကို နည်းလမ်းပေါင်းစုံနဲ့ အောင်မြင်စွာ ခုခံကျော်ဖြတ်ကြတာချည်းပါပဲ။

အခုလည်း ဗမာပြည်သူတွေဟာ အံ့မခန်း အစွမ်းသတ္တိနဲ့ ဒီသဘာ၀ဘေးဒုက္ခကြီးကိုကျော်ဖြတ်နိုင်မှာ ဖြစ်တဲ့အပြင် မိမိတို့အပေါ် လွှမ်းမိုးဗိုလ်ကျနေတဲ့ (လူလုပ်ဘေးဒုက္ခကြီး) စစ်အာဏာရှင်စနစ်ကြီးကိုလည်း တိုက်ဖျက်ပြီး ပြည်သူလူထုအကျိုးစီးပွားကို ကိုယ်စားပြုတဲ့၊ အရေးကြုံလာရင် ပြည်သူ့ရှေ့က မားမားရပ်ပြီး ပြည်သူတွေကိုက ကွယ်ပေးမယ့် အစိုးရတရပ် ရရှိရေးအတွက်လဲဆက်လက်တိုက်ပွဲ၀င်ဖို့ သန္နိဋ္ဌာန်ချထားပြီးကြပါပြီ။

အခု ပိုခိုင်မာသွားပါပြီ။

ဗမာပြည်သူတွေ ဘက်ပေါင်းစုံက အောင်ပွဲတွေ မရမချင်း ညီညီညွတ်ညွတ်နဲ့ ဆက်ချီတက်ကြပါစို့။


လှကျော်ဇော

၃၁-၃-၂၀၂၅


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar