Breaking News

လေးစမ်းဝင်း - လက်ဗလာကနေ စက်ပါတဲ့ အကူအညီတော့ ရောက်ပြီ

လေးစမ်းဝင်း - လက်ဗလာကနေ စက်ပါတဲ့ အကူအညီတော့ ရောက်ပြီ

မိုးမခ ၊ ဧပြီ ၂ ၊ ၂၀၂၅


မတ်လ ၂၈ ရက်မှာ အင်အားရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြီးတခု မြန်မာပြည်အထက်ပိုင်း၊ စစ်ကိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ခေါင်းဆောင် ပါးစပ်က အဦးဆုံး ထွက်ခဲ့တဲ့စကားက နိုင်ငံတကာ အကူအညီတွေ ပေးကြဖို့ တောင်းဆိုခဲ့တာပါ။

ဒီသတင်းကို ထိုင်းအခြေစိုက် သတင်းဌာနတချို့က သတင်းအဖြစ် ရေးသားဖော်ပြတော့ ထိုင်းတွေက မင်းအောင်လှိုင်ကို ဝိုင်းဆဲတယ်။ သတင်းအောက်က ကောမန့်တွေမှာ ထိုင်းပရိသတ်အများစုရေးကြတာက ကိုယ့်လူမျိုးကို ဗုံးကြဲနေတဲ့ လူက အခု ငလျင်ဘေးလည်း ကျရော ပိုက်ဆံမရှိလို့ အကူအညီပေးကြပါ ပြောတယ်။ ပိုက်ဆံတွေက ပြည်သူတွေကို ဗုံးကြဲဖို့ သုံးထားပြီးပြီလေ ဆိုပြီး ဝိုင်းဆဲကြတာပါ။ 

ဒီ့မတိုင်မီကတည်းက မြန်မာနဲ့နီးစပ်တဲ့ ထိုင်းတွေက မင်းအောင်လှိုင်ကို မြန်မာပြည်သားတွေ ဆဲသလို မအလ မအလ၊မအလ မအလ” ဆိုတာ သူတို့ ဆဲတတ်နေကြပါတယ်။ အခုတော့ ပိုပြီး ဆဲလို့ကောင်းသွားတာပေါ့လေ။ ထားတော့…။ 

မြန်မာပြည်ကို သက်ရောက်ခဲ့တဲ့ ငလျင်ပြင်းအားက နှစ်ပေါင်းရာချီကာလအတွင်း အပြင်းထန်ဆုံးဖြစ်ပြီး ပျက်စီး ဆုံးရှုံးမှုကလည်း အဆမတန်များခဲ့တော့ ဒီအရေး မသေးဘူးဆိုတာ သိကြတဲ့ နိုင်ငံတကာက ငလျင်လှုပ်ပြီး နောက်တနေ့မှာပဲ ကူညီမှုတွေ စတင်ခဲ့တာ တွေ့ရတယ်။ 

မတ် ၂၉ ရက်မှာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က အကူအညီတွေ စတင်ဝင်ရောက်ခဲ့တယ်။ မတ် ၃၁ ရက်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တရုတ်မြေငလျင်ဆိုင်ရာ ပညာရှင်ကျွမ်းကျင်သူများ၊ ဆေးကုသရေးဝန်ထမ်းများ စုစုပေါင်း ၄၀၀ ခန့်ဟာ မြန်မာ့ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြပါတယ်။ 

ဒါ့အပြင် ယွမ်သန်း ၁၀၀ တန်ဖိုးရှိတဲ့ လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေး အကူအညီတွေလည်း ပေးပို့ခဲ့ပါတယ်။ ဒီထဲမှာ ရွက်ဖျက်တဲတွေ၊ ခြုံစောင်တွေ၊ အရေးပေါ်ကယ်ဆယ်ရေးအိတ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။ အိန္ဒိယကယ်ဆယ်ရေးနဲ့ ဆေးအဖွဲ့ဟာလည်း မတ် ၂၉ ရက်ကတည်းက မြန်မာပြည် ရောက်လာပြီး ငလျင်ဘေးသင့်ဒေသတွေ ဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ နေပြည်တော်ဒေသတို့မှာ အကူအညီများပေးမယ်လို့ ပြောတယ်။ အိန္ဒိယစစ်တပ်၊ အရေးပေါ်ရွေ့လျားဆေးရုံနဲ့အတူ အမျိုးသမီးနဲ့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ဝင် ၁၁၀ ကျော်တို့ ပါဝင်ပြီး သူတို့နဲ့အတူ ကူညီကယ်ဆယ်ရေးပစ္စည်း တန် ၆၀ တပါတည်း ယူလာခဲ့ကြတယ်။

အဲဒီနေ့ တနေ့တည်းမှာတင်ပဲ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာကြတဲ့ အိန္ဒိယစစ်တပ်က လေယာဉ် ၅ စင်း ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။ တရုတ်၊ အိန္ဒိယတို့နည်းတူ ရုရှားကယ်ဆယ်ရေးအဖွဲ့ဟာလည်း မြန်မာပြည်ကို ရှေ့ဆင့်နောက်ဆင့် ရောက်ရှိခဲ့ကြပြီး ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတို့မှာ ပါဝင်ကူညီခဲ့ကြတယ်။ ဒီသုံးနိုင်ငံနဲ့အတူ မရှေးမနှောင်းဆိုသလိုပဲ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ လာအိုနိုင်ငံတို့က ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ရောက်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ခဲ့ကြတယ်။ အာဆီယံနိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ဧပြီ ၁ ရက်မှာ ကယ်ဆယ်ရေးလုပ်သားတွေကို မြန်မာပြည် ပို့ဆောင်ခဲ့တာ တွေ့ရတယ်။ ဧပြီ ၁ရက်မှာပဲ ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဆေးဝါးအိတ်များ၊ ယာယီတဲများ၊ အသင့်စားခေါက်ဆွဲခြောက်၊ ဆန်ပြုတ်ဘူး၊ ငါးသေတ္တာ၊ ဓာတ်မီး၊ မီးစက်နှင့် အခြား လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများကို ထိုင်းဘုရင်က လှူဒါန်းတဲ့သတင်း ဖတ်ရတယ်။ 

မတ် ၃၁ ရက်မှာတော့ မြန်မာ့ငလျင်ကို အကူအညီပေးမယ့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)အဖွဲ့ ရန်ကုန်လေဆိပ်ကို ရောက်ပြီလို့ ရန်ကုန်၊ ဂျပန်သံရုံးက သတင်းထုတ်တယ်။ ဂျပန်နိုင်ငံရဲ့ အကူအညီများမှာ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (JDR) များ ပါဝင်တယ်။ 

ငလျင်ဒဏ်သင့်ပြည်သူများအတွက် တရုတ်၊ ဂျပန်၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အာဆီယံနိုင်ငံတွေ က ဆေးဝါးနဲ့ အလှူငွေများလည်း ထည့်ဝင်လှူဒါန်းထားကြတာ တွေ့ရတယ်။ ကူညီမှုတွေအတွက် အမှန်တကယ် လိုအပ်သူများထံ ရောက်ရှိဖို့ဆိုတဲ့ သတိပေးချက်များလည်း ထွက်ပေါ်တယ်။ 

သြစတြေးလျအစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ကတစ်ဆင့် ဒေါ်လာ ၂ သန်း အကူအညီပေးထားတယ်။ အဲဒီအကူအညီများအတွက် စစ်အာဏာရှင်အဖွဲ့အစည်းကို တရားဝင်စေမှု မဖြစ်စေဖို့ အသေအချာကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတယ်လို့လည်း သြစတြေးလျက ဆိုတယ်။ 

အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက မြန်မာငလျင်ဒဏ်သင့်ပြည်သူများအတွက် Operation Brahma (ဗြဟ္မာ) အမည်နဲ့ အိန္ဒိယကူမည်လို့ ထုတ်ပြောပြီး၊ “အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကို အရင်ဆုံးရောက်ရှိပြီး စစ်ဆင်ရေးကို စတင်ခဲ့တယ်၊ အိန္ဒိယနိုင်ငံဟာ အကူအညီပေးဖို့အတွက် အချိန်မဆွဲပါဘူးလို့ အတိအလင်း ထွက်ပြောခဲ့ပါတယ်။ 

သူ ပြောသလိုပါပဲ၊ မြန်မာငလျင်ဘေးအတွက် အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့က အချိန်မဆိုင်းဘဲ အကူအညီတွေ စတင်ခဲ့သလို အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ ရုရှားတို့ကအကူအညီတွေလည်း တပြေးညီဆိုသလို ရောက်ခဲ့ကြတယ်။ 

အာဆီယံနိုင်ငံအများစုရဲ့ ငလျင်ဘေး အကူအညီတွေလည်း ရောက်နေပါပြီ။ ငွေအား၊ လူအားတို့နဲ့ ငလျင်ဘေးကြီးစွာ ကျရောက်ခဲ့တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း တပြိုင်တည်း လုပ်ဆောင်ပေးနေကြပါပြီ။ 

နိုင်ငံတကာအကူအညီတွေနဲ့ပတ်သက်ပြီး ပြည်သူအားလုံးရဲ့ စိုးရိမ်ချက်က အာဏာသိမ်းစစ်တပ်ကို ထောက်ကူပေးလိုက်သလို ဖြစ်သွားမှာကိုပါပဲ။ မျောက်ပြ ဆန်တောင်းပြီး ကိုယ်ကျိုးရှာ ရောင်းစားကြမယ့် စစ်တပ်ကို ပြည်သူက အယုံအကြည်မရှိပါဘူး။ 

၂၀၀၈ နာဂစ်တုန်းက နိုင်ငံတကာအကူအညီပစ္စည်းတွေ ရန်ကုန်၊ သိမ်ကြီးဈေး လမ်းဘေးမှာ ချရောင်းခဲ့ကြတာကို ပြည်သူက မမေ့သေးပါဘူး။ အခုလည်း နိုင်ငံတကာ အကူအညီပစ္စည်းတွေက ရန်ကုန်လေဆိပ်ကိုပဲ ရောက်တာ များပါတယ်။ အဲဒီကနေ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ လူကယ်ပြန်ဂိုဒေါင်ကို ရောက်မှာဖြစ်ပြီး၊ အဲဒီကမှတဆင့် သဘာဝဘေးဒဏ်ခံရတဲ့ ပြည်သူတွေဆီ ဖြန့်ဝေပေးမှာဖြစ်ပါတယ်။ 

ဒီကြားထဲမှာ မတော်မတရားလုပ်ရပ်တွေ အဆင့်ဆင့် ဖြစ်ပေါ်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လုံးပါးပါးမယ့်အရေး ကြုံလာရဖို့ရှိပါတယ်။ ဒါမှမဟုတ်လည်း နေပြည်တော်စစ်ရုံးအနီးနားတဝိုက်မှာပဲ အငွေ့ပျံပျောက်ကွယ်သွားတာမျိုးလည်း ဖြစ်ပေါ်သွားနိုင်ပါတယ်။ ဒါမျိုးတွေကို ကြိုတင်ဖုံးကွယ်ထားနိုင်အောင်ပဲ နိုင်ငံတကာမီဒီယာတွေကို ပြည်ဝင်ခွင့် ကြိုပိတ်ထားတာပါ။

မည်သို့ပင်ဆိုစေကာမူ စစ်ရေးသတင်းမှာ ဖရဲသီးတွေ ပေါ်လာသလိုမျိုးပဲ အခု သဘာဝဘေးမှာလည်း အလားတူ ဖရဲသီးတွေ ထွက်ပေါ်လာနိုင်ပါတယ်။ လတ်တလောမှာတော့ ကြီးမားပြင်းထန်တဲ့ စစ်ကိုင်း ငလျင်ကပ်ဘေးမှာ ငလျင်ဒဏ်ခံ ပြည်သူတွေကို ပြည်သူကပဲ နိုင်သလောက် ကူညီနေရတုန်း အခြေအနေကနေ နိုင်ငံတကာကယ်ဆယ်ရေးလုပ်ငန်းတွေ ရောက်လာတာကိုပဲ အဆိုးထဲက အကောင်းလို့ မှတ်ရမှာပါပဲ။ လက်ဗလာ အကူအညီကနေ စက် ပါလာတဲ့ အကူအညီကို အကောင်းမြင်ကြရမှာပါပဲ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar